အခန်း (၂၁)
Vol. 2 Ch. 21
"ငါ မင်းကို ငါးမိနစ်စောင့်ပေးမယ်"
မုန့်သုန်ရှင်းက နှာခေါင်းရှုံ့လိုက်ပြီး စကားထပ်မပြောတော့ပေ။
ဤကောင်လေးက ခဏအကြာတွင် မည်သို့သော လှည့်ကွက်မျိုး ထုတ်ပြမလဲ သူကြည့်ချင်နေခဲ့သည်။
ကျန်းချန်က စကားမပြောဘဲ ဆက်လက် ထိုးနေခဲ့သည်။
ငါးမိနစ်အတွင်းသာဖြစ်၍ ကျန်းချန်သည် လက်သီးအကြိမ်ရေ များစွာတော့ မထိုးနိုင်ခဲ့ပေ။
"ဒင်.. သင်က လက်သီးတစ်ချက် ထိုးကျင့်ပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က လက်သီးတစ်ချက် ထိုးကျင့်ပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"
-----------------
"ဒင်.. သင့်ရဲ့ တောင်ဖြိုလက်သီးက ပြီးပြည့်စုံသွားပါပြီ.. နက်နဲမှုအဆင့် ကောင်းကင်ဖျက်ဆီးလက်သီး အဖြစ် အဆင့်မြှင့်တင်ပေးလိုက်ပါပြီ"
"နက်နဲမှုအဆင့်ကို ရောက်ပြီ"
"ကျန်းချန်.. ငါးမိနစ်ပြည့်သွားပြီ.. စလို့ရပြီ"
ထိုအချိန်တွင် မုန့်သုန်ရှင်း၏ အေးစက်သော အသံသည် ကျန်းချန်၏ နားထဲကို ထပ်မံ ဝင်ရောက်လာခဲ့သည်။
"စိတ်မပူပါနဲ့.. ငါက အချိန်ကိုလေးစားတဲ့သူပါ.. ငါးမိနစ်လို့ပြောရင် ငါးမိနစ်ပဲ.. ဘယ်တော့မှ ဆင်ခြေမပေးဘူး"
ကျန်းချန်က သူ့ခေါင်းကိုမော့ပြီး မုန့်သုန်ရှင်းကို ပြုံးကာ မေးလိုက်သည်။
"ငါ့ကို သုံးချက်ထိုးခိုင်းတာ သေချာရဲ့လား"
"ထိုးသာထိုးစမ်းပါ.. ငါ့ရဲ့ အကာအကွယ်ကို သုံးချက်ထဲနဲ့ ဖျက်ဆီးနိုင်သရွေ့ ငါ မုန့်သုန်ရှင်းက မင်းကို အရှုံးပေးမယ်"
မုန့်သုန်ရှင်းက အထင်သေးစွာ ပြောလိုက်သည်။
သူက သူ၏ နက်နဲမှုအဆင့် ရွှမ်းဝူ ရွှေရောင်အလင်းအကာအကွယ်ကို အပြည့်အဝ ယုံကြည်မှု ရှိသည်။
ချီကာကွယ်ရေး အဆင့်မှကျင့်ကြံသူပင် သုံးချက်အတွင်း ဖျက်ဆီးဖို့ ဆိုသည်မှာ အလွန်ခက်ခဲ၏။
ဤကောင်လေးသာဆို သုံးချက် မပြောနှင့်၊ အချက် ၃၀ ထိုးခိုင်းလျှင်ပင် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
"သုံးချက်လား.. မင်းကိုယ်မင်း အတော်လေး အထင်ကြီးနေပုံပဲ"
ကျန်းချန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ တစ်ချက်ထဲနဲ့ မင်းရဲ့ အကာအကွယ်ကို ဖျက်ဆီးပြမယ်"
"အိုး.."
ကျန်းချန်၏ ပြတ်သားသော လေသံကြောင့် စင်အောက်တွင် ချက်ချင်းပင် ပွက်လောရိုက်သွားခဲ့သည်။
လူတိုင်းက သူတို့၏ နားကိုပင် မယုံနိုင်ကြပေ။
"ငါများ နားကြားမှားတာလား.. ဒီကောင်က အကိုမုန့်ရဲ့ နက်နဲမှုအဆင့် အကာအကွယ်ကို တစ်ချက်ထဲနဲ့ ဖျက်ဆီးပြမယ်ဆိုပဲ"
"ဒီကောင်က တကယ်ကို မာန်တက်နေတာပဲ.. လေလုံးထွားချက်ကလဲ ကြောက်ဖို့ကောင်းတယ်"
"ဟားဟား ဒါက ဒီနှစ်ထဲမှာ ငါကြားဖူးသမျှ ရယ်စရာအကောင်းဆုံးဟာသပဲ"
ရွှေအဆင့်ကျောင်းသားသစ်က မုန့်သုန်ရှင်းကို စိန်ခေါ်ရုံတင်မကဘဲ မုန့်သုန်ရှင်း၏ အကာအကွယ်ကို တစ်ချက်ထိုးရုံဖြင့် ဖျက်ဆီးနိုင်သည်ဟု လေလုံးထွားနေခဲ့သည်။
မုန့်သုန်ရှင်း၏ ခွန်အားဖြင့်ဆိုလျှင် အတွင်းနန်းတော်မှ ကျောင်းသားအများစုပင် မုန့်သုန်ရှင်း၏ အကာအကွယ်ကို တစ်ချက်ထဲဖြင့် မထိုးဖောက်နိုင်ပေ။
"ဒီကောင်က သူ့ကိုယ်သူ လင်ယွင်စာရင်းမှာ ပါဝင်တဲ့ ပါရမီရှင်လို့ ထင်နေတာလား"
"တစ်ချက်ထဲနဲ့ ငါ့ကို ဖျက်ဆီးမယ် ဟုတ်လား.. ကျန်းချန်.. မင်းက စကားကြီးစကားကျယ်တွေ ဒီလောက်ပြောနေတာ လျှာခေါက် သွားမှာ မစိုးရိမ်ဘူးလား"
မုန့်သုန်ရှင်းက အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
"ဒီလင်ယွင်ကျောင်းတော်မှာ တစ်ယောက်ယောက်က ငါ့ရဲ့ အကာအကွယ်ကို တစ်ချက်ထိုးရုံနဲ့ ဖျက်ဆီးချင် ဖျက်ဆီးနိုင်လိမ့်မယ်.. ဒါပေမယ့် အဲဒီလူက မင်းတော့ ဘယ်သောအခါမှ ဖြစ်လာမှာ မဟုတ်ဘူး"
"သေချာလား.. ဒါဆိုရင်လဲ မင်း မျက်လုံးကို ကျယ်ကျယ် ဖွင့်ထားပြီး မင်းရဲ့အကာအကွယ်ကို ငါ ဘယ်လိုဖျက်ဆီးမလဲ ဆိုတာ ကြည့်နေလိုက်"
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ချီကာကွယ်ရေး အဆင့်တစ်၏ ခွန်အားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။
ထို့နောက် ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ငွေရောင်စွမ်းအင် တစ်ခုသည် သူ၏ လက်သီးတစ်ဝိုက်တွင် ချက်ချင်း ရစ်သိုင်းလာခဲ့သည်။
ငွေရောင်စွမ်းအင်၏ အလယ်တွင် သူ၏ လက်သီးသည် ငွေရောင်လက်သီးရိပ်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ မုန့်သုန်ရှင်းကို အပြည့်အဝ ထိုးချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ မာန်သွင်း၍ အော်ဟစ်လိုက်သော အသံကလည်း ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်ဖျက်ဆီးလက်သီး"
ကြောက်မက်ဖွယ်ခွန်အားများ ကိန်းအောင်းနေသည့် ငွေရောင်လက်သီးအရိပ်သည် မိုးကြိုးမုန်တိုင်း တစ်ခုနှယ် မုန့်သုန်ရှင်း၏ အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။
"ဒီကောင့်မှာ ချီကာကွယ်ရေး အဆင့်တစ်ရဲ့ ခွန်အားအပြင် နက်နဲမှုအဆင့် ကိုယ်ခံပညာပါ ရှိနေပါလား.. ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
မုန့်သုန်ရှင်းက မျက်မှောင်ကြုတ်သွားပြီး အလွန်အံ့အားသင့်နေခဲ့သည်။
ကျောင်းတော်၏ နောက်ပေါက်ကနေ ဝင်လာသည့် ကျန်းချန်၏ အစစ်အမှန် ခွန်အားက ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ကို ရောက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
အခန်း(၂၁) ပြီး၏