အခန်း (၂၃)
Vol. 2 Ch. 23
"ဦးလေး.. ကျွန်တော် ဦးလေးကို အကြံပေးချင်တယ်.. လူတိုင်းကို အထင်မသေးပါနဲ့.. ကျွန်တော် ပထမအဆင့် အဂ္ဂိရတ်သခင် ဟုတ်မဟုတ်ဆိုတာ ဦးလေးက ဘယ်လိုလုပ် သိနိုင်မှာလဲ"
ကျန်းချန်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
"မင်းက ငါ့ရဲ့အမြင်ကို အထင်သေးနေတာလား"
သက်လတ်ပိုင်းလူက ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။
"မင်းက ပထမအဆင့် အဂ္ဂိရတ်သခင် ဆိုရင် မင်းရဲ့ အဂ္ဂိရတ်သခင် တံဆိပ်ပြားကို တစ်ချက်လောက် ပြစမ်းပါဦး"
"ဦးလေး ပြောတဲ့ တံဆိပ်ပြား ဆိုတာ ဦးလေး ရင်ဘတ်မှာ ဆွဲထားတဲ့ အရာကို ပြောတာလား"
ကျန်းချန်က သက်လတ်ပိုင်းလူ၏ ရင်ဘတ်တွင် ဆွဲထားသည့် ကြယ်နှစ်လုံးပါဝင်သည့် ကြေးတံဆိပ်ပြားကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်.. အဂ္ဂိရိတ်ပညာရှင် အစည်းအရုံးရဲ့ စစ်ဆေးမှုကို အောင်မြင်ပြီး အဂ္ဂိရတ်သခင် တံဆိပ်ကို ရမှသာ စစ်မှန်တဲ့ အဂ္ဂိရတ် ပညာရှင်လို့ သတ်မှတ်နိုင်တယ်"
သက်လတ်ပိုင်းလူက ကျန်းချန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး.. မင်းသာ အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ပြနိုင်ရင် ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ မပြောနဲ့.. ငါရဲ့ ခန်းမအကြီးအကဲ ရာထူးကိုတောင် မင်းကို ပေးလိုက်မယ်"
"ဟားဟား.. တကယ် ရယ်စရာကောင်းတာပဲ.. ဒီကောင်လေးက အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိဘဲ ပေတန်းခန်းမမှာ အဂ္ဂိရတ် ပညာရှင်အဖြစ် လျှောက်လွှာတင်ချင်နေသေးတယ်"
"ဒီကောင်ကတော့ တကယ်ပါပဲ.. ဟန်ဆောင်စရာ ရှားလို့ အဂ္ဂိရတ်ပညာရှင်အဖြစ်မှ ဟန်ဆောင်ရတယ်လို့ကွာ.. သူက သူ့ကိုယ်သူ တကယ့် အဂ္ဂိရတ်သခင် အဖြစ် ဟန်ဆောင်နိုင်တယ်လို့ ထင်နေတာလား မသိဘူး"
"ဆရာကျူးက အတော် ယဉ်ကျေးတာပဲ.. ငါသာဆို ဒီကောင်လေးကို အစောကတည်းက နှင်ထုတ်လိုက်ပြီ"
ကျန်းချန်နှင့် သက်လတ်ပိုင်းလူတို့၏ စကားပြောဆိုမှုသည် ဆိုင်ထဲရှိ တခြားဖောက်သည်များ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူတို့က ကျန်းချန်ကို ဝေဖန်ပြစ်တင်ခဲ့ကြ၏။
"အဂ္ဂိရတ်သခင် တံဆိပ်ပြား ဆိုတဲ့အရာကို ကျနော် တကယ် မထုတ်ပြနိုင်ဘူး"
ကျန်းချန်က ပတ်ဝန်းကျင်မှ လူများ၏ ဝေဖန်မှုကို ဂရုမစိုက်ခဲ့ပေ။
သူက သက်လတ်ပိုင်းလူ၏ အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်သည်။
"ဦးလေးရဲ့ တံဆိပ်ပြားမှာ ကြယ်နှစ်လုံးပါပုံ ထောက်ရင် ဦးလေးက ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်မယ် ထင်တယ်"
ထိုစကားကိုကြားလျှင် သက်လတ်ပိုင်းလူက ဝင့်ကြွားစွာ ပြောလိုက်သည်။
"မှန်တယ်.. ငါက ဒုတိယအဆင့် အဂ္ဂိရတ်သခင်ပဲ"
"ဟက်.. ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်တာက ဘာများ ကြီးကျယ်စရာရှိလို့လဲ"
ကျန်းချန်က မထီမဲ့မြင် ကြည့်လိုက်သည်။
"ဦးလေးကို ကြည့်ရတာ အဂ္ဂိရတ် ပညာရပ်ကို နှစ်ပေါင်းများစွာ သင်ယူခဲ့ပုံပဲ.. ဒါပေမဲ့ ဒုတိယအဆင့်အဂ္ဂိရတ်သခင် အဆင့်မှာပဲ ရှိသေးတာကတော့ မဟုတ်သေးဘူး"
ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ လူအတော်များများသည် အံ့အားသင့်သွားကြ၏။
လင်ယွင်ကျောင်းတော် တစ်ခုလုံးမှာပင် ဒုတိယအဆင့် အဂ္ဂိရတ်သခင် အများအပြား မရှိပေ။
ထို့အပြင် သူ့ရှေ့မှ ကျူးမင်ယွမ်သည် ပေတန်းခန်းမ၏ အကြီးအကဲလဲ ဖြစ်နေပါသေးသည်။
၎င်းက ဒုတိယအဆင့် အဂ္ဂိရတ်သခင်များထဲတွင် အတော်ဆုံး ဖြစ်ပြီး လင်ယွင်မြို့တွင် နာမည်ရှိသည့် အဂ္ဂိရတ် သခင်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်၏။
ထိုသို့ လင်ယွင်မြို့၏ နာမည်ကြီး အဂ္ဂိရတ်သခင် တစ်ယောက်ကို နို့နံ့တောင် ကောင်းကောင်း စင်သေးပုံမရသည့် ကလေးတစ်ယောက်က အထင်သေးနေပါသလော။
"ဒီကောင်လေးမှာ ကျားရဲသည်းခြေများ ရှိနေလား မသိဘူး"
"ကျူးမင်ယွမ် ရှေ့မှာ ဒီလိုမျိုး စကားပြောဖို့ သူ့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာပါလိမ့်"
"ကောင်လေး မင်း ဘာစကားပြောတာလဲ.. တံဆိပ်ပြားတောင် မရှိဘဲ ငါ့ရှေ့မှာ ဘာလို့ ဟိတ်ဟန်ထုတ်နေတာလဲ"
ကျူးမင်ယွမ်သည် ကျန်းချန်၏ စကားကြောင့် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်၏။
"မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ပေတန်းခန်းမကနေ ခုချက်ချင်း ထွက်သွားလိုက်.. မဟုတ်ရင်တော့ ထမင်း ကောင်းကောင်း စားလို့ မရအောင် မင်းရဲ့ သွားတွေကို ရိုက်ချိုးပစ်မယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ကျနော်က တံဆိပ်ပြား မရှိဘူး ဆိုရင်တောင် ဦးလေးလို အမှိုက်ထက်စာရင် ပိုကောင်းသေးတယ်"
"ကောင်လေး.. မင်း သေချင်နေပြီလား"
ထိုခဏတွင် ကျူးမင်ယွမ်သည် မျက်လုံးများ အေးစက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လာကြစမ်း.. ပေတန်းခန်းမကို ပြဿနာရှာနေတဲ့ ဒီကောင်လေးကို နှင်ထုတ်လိုက်"
"နေဦး"
ကျူးမင်ယွမ်၏ စကားသံ မဆုံးခင်မှာပင် လေသံတစ်သံက လူတိုင်း၏ နားထဲသို့ ရုတ်ခြည်း ဝင်ရောက်သွားခဲ့သည်။
လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ရာ ဆယ်ကျော်သက် ဖက်တီးလေး တစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်က ရုတ်တရက် ပေါ်လာသည့် ကောင်လေးကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"ဒီကောင်က ဒီမှာ ဘယ်လိုလုပ် ပေါ်လာတာလဲဟ"
အခန်း(၂၃) ပြီး၏