← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

ရုတ်တရက် ထွက်ပေါ်လာသည့် လူငယ်လေးသည် တခြားသူမဟုတ်ပေ။

ကျန်းချန်၏ အခန်းဖော်ဖြစ်ခဲ့ဖူးသည့် ထန်ရှန့်ဖြစ်၏။

"ညီနောင်ကျန်းချန်.. မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး"

ထန်ရှန့်က တံခါးဝကနေ ဝင်လာပြီးနောက် လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများအောက်မှာပင် ကျန်းချန်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။

သူ၏ အမူအရာက အတော်လေး ယဉ်ကျေးနေ၏။

"ဒါက ပေတန်းခန်းမရဲ့ သခင်လေး ထန်ရှန့် မဟုတ်လား"

"ဒီကောင်လေးက ဘယ်သူလဲ.. ပေတန်းခန်းမရဲ့သခင်လေးတောင် သူ့ကို ဘာလို့ ဒီလောက်ထိ ယဉ်ယဥ်ကျေး ဆက်ဆံနေရတာလဲ"

လူအတော်များများက နားမလည်နိုင်ဖြစ်ကာ တီးတိုးပြောဆိုနေခဲ့ကြသည်။

ထိုအချိန်တွင် ကျူးမင်ယွမ်၏ ဆွဲဆောင်မှုမရှိသော မျက်နှာသည် ပို၍ပင် ကြည့်ရဆိုးသွားခဲ့သည်။

"ထန်ရှန့်.. မင်းက ပေတန်းခန်းမရဲ့ သခင်လေးလား"

ကျန်းချန်က ထန်ရှန့်ကို အံ့အားသင့်စွာ ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

ဤကောင်တွင် ယခုလိုမျိုး အထောက်အပံ့ ရှိလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"ဟုတ်တယ်.. ငါ့အဖေက ဒီပေတန်းခန်းမရဲ့ ပိုင်ရှင် ထန်ရှင်းဟိုင်ပါ"

ထန်ရှန့်က ကျန်းချန်ကို ဖြေပြီးနောက်တွင် ကျူးမင်ယွမ် ဘက်သို့ လှည့်လိုက်သည်။

"ဆရာကျူး.. ဘာတွေ ဖြစ်နေတာလဲ.. ဘာလို့ ညီနောင် ကျန်းချန်ကို နှင်ထုတ်ဖို့ လုပ်နေရတာလဲ"

"ဒီကောင်လေးက အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိဘူး သခင်လေး.. သူက ကိုယ့်အခြေအနေကိုယ်မသိဘဲ ပေတန်းခန်းမမှာ အဂ္ဂိရတ်ပညာရှင် အဖြစ် အရှက်မရှိ လျှောက်လွှာတင်ချင်နေခဲ့တယ်"

ကျူးမင်ယွမ်က အေးစက်စွာ ပြောလိုက်သည်။

"သူ့ကို ဒီမှာ အလုပ်လာလျောက်ဖို့ ကျနော်ပဲ ​ညွှန်ပြလိုက်တာပါ.. ကျနော် သိသလောက် ပြောရရင် ခန်းမမှာ လျှောက်လွှာတင်ဖို့ အတွက် အဂ္ဂိရတ်သခင် တံဆိပ်ပြား ရှိရမယ်လို့ သတ်မှတ်မထားတဲ့ပုံပဲ"

ထန်ရှန့် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ညီနောင် ကျန်းချန်ရဲ့ အဂ္ဂိရတ် အောင်မြင်မှုတွေကို ကျွန်တော် ကောင်းကောင်း သိပါတယ်.. သူက အဂ္ဂိရတ်ပညာရှင် အဖြစ် အလုပ်လာလျောက်တာကပဲ ကျနော်တို့ ပေတန်းခန်းမ အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ.. ဒီကိစ္စအတွက် စိတ်မပူပါနဲ့.. ကျနော် ကိုယ်တိုင် အဖေ့ကို ပြောပြလိုက်ပါ့မယ်"

ကျန်းချန်သည် စုလင်းရှန်းပင် အံ့အားသင့်လောက်အောင် ဆေးလုံးသန့်စင်နိုင်သည့် ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ဆေးလောက၏ မဟာပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် ယန်ချင်းရွှယ်၏ တပည့် ဖြစ်လာနိုင်သည့်သူ ဖြစ်သည်။

သူတို့၏ ပေတန်းခန်းမက ဤကဲ့သို့ ပါရမီရှင် အဂ္ဂိရတ်ပညာရှင်ကို မည်ကဲ့သို့ နှင်ထုတ်နိုင်ပါအံ့နည်း။

"ထန်ရှန့်.. မင်းဘာကိုဆိုလိုတာလဲ"

ကျူးမင်ယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

"မင်းအဖေက ငါ့ကို ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ အနေနဲ့ အပြည့်အဝ အခွင့်အာဏာ ပေးထားတယ်.. မင်း ဝင်ရောက်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်"

ထန်ရှန့်က ကျူးမင်ယွမ်ကို မျက်နှာမကြည်မလင်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်က ညီနောင် ကျန်းချန်ကို ပေတန်းခန်းမရဲ့ အဂ္ဂိရတ် ပညာရှင်အဖြစ် ခန့်အပ်မယ်ဆိုရင်ရော"

"ငါ ပေတန်းခန်းမမှာ တစ်ရက်ရှိနေသရွေ့ ပေတန်းခန်းမရဲ့ နာမည်ကို ဖျက်ဆီးဖို့အတွက် ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး.. အရေအတွက်ထက် အရည်အချင်းက အရေးကြီးတယ်.. သူ့ရဲ့ စွမ်းရည်ကို သက်သေပြဖို့ ငါ့ရှေ့မှာ ပထမအဆင့် ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ရင်တော့ လက်ခံပေးမယ်.. ဒီလိုမှ မဟုတ်ဘဲ သူ့ကို ပေတန်းခန်းမထဲ အတင်းအကျပ် ခေါ်မယ်ဆိုရင်တော့ ပေတန်းခန်းမမှာ ငါအလုပ် ဆက်မလုပ်နိုင်တော့ဘူး"

ကျူးမင်ယွမ်က ထန်ရှန့်ကို မျက်လုံးချင်း ဆိုင်ကြည့်ကာ ပြောလိုက်သည်။

သူ၏ စကားထဲတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

"ဆရာကျူးက ကျနော့်ကို ခြိမ်းခြောက်နေတာလား"

ထန်ရှန့်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

"ခြိမ်းခြောက်တာ မဟုတ်ပါဘူး.. ငါလုပ်သမျှ အရာအားလုံးက ပေတန်းခန်းမ အတွက်ပါ.. မင်းအဖေ ဒီမှာ ရှိနေရင်လဲ ငါ့လို သဘောထားမျိုး ရှိမှာပဲ"

ကျူးမင်ယွမ်က တည်ငြိမ်စွာ ပြောပြီးနောက် ချက်ချင်းပင် ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကောင်လေး.. မင်းပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် ဖြစ်ချင်ရင် မင်းရဲ့ ကျွမ်းကျင်မှုကို ပြသရလိမ့်မယ်"

ကျန်းချန်က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။

"ကျနော် အဂ္ဂိရတ်ပညာရှင် အဖြစ် လျှောက်လွှာတင်ချင်စိတ် မရှိတော့ဘူး"

"မင်း ခုနက အရမ်း မာန်တက်နေတာ မဟုတ်လား.. မင်းကိုယ်မင်း ဆရာကြီးလို့ ထင်နေရာကနေ ဘာလို့ ဒီလောက် မြန်မြန် ပြောင်းလဲသွားရတာလဲ.. ဟိတ်ကောင်.. ငါ့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖြုန်းတီးတဲ့အတွက် ငါ့ကိုတောင်းပန်စမ်း"

ကျန်းချန်၏ စကားကို ကြားလျှင် ကျူးမင်ယွမ်က အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။

ပတ်ဝန်းကျင်မှာရှိသည့် လူတွေကလည်း ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်ကြ၏။

"ဒီကောင်လေး ခုနက အရမ်းကို ထောင်လွှားနေခဲ့တာ မဟုတ်လား.. အခု ဆရာကျူးက တကယ့် စွမ်းရည်ကို ပြသရမယ်လို့လဲဆိုရော လေသံက ချက်ချင်း ပြောင်းသွားခဲ့တယ်"

"ငါက ဘာလို့ တောင်းပန်ရမှာလဲ"

ကျန်းချန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးသွားခဲ့သည်။

သူက ကျူးမင်ယွမ်ကို ယဥ်ယဥ်ကျေးကျေး မသုံးနှုန်းတော့ပေ။

သူ၏ လွှမ်းမိုးသော အသံသည် လူတိုင်း၏ နားထဲကို ချက်ချင်း ဝင်ရောက်သွားခဲ့သည်။

"ငါ အဂ္ဂိရတ်ပညာရှင် အဖြစ် လျှောက်လွှာမတင်တော့ဘူး.. အဲဒါက မင်းရဲ့ ရာထူးကို စိတ်ဝင်စားလို့ပဲ.. ကျူးမင်ယွမ်.. မင်းနဲ့ အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်ချင်တယ်.. မင်းရှုံးရင် ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ ရာထူးကို ငါ့ဆီ လွှဲပေးရမယ်"

အခန်း(၂၄) ပြီး၏

All Chapters