အခန်း (၂၅)
Vol. 2 Ch. 25
"ဒီကောင်က ဆရာကျူး နဲ့ အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်မယ်တဲ့လား"
လူတိုင်းက ကျန်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
"အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိတဲ့ အမှိုက်က ဒုတိယအဆင့် အဂ္ဂိရတ်သခင်ကို အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်ချင်တယ်တဲ့လား.. ဒီအမှိုက်တော့ ဦးနှောက်ပျက်သွားပြီ ထင်တယ်"
ဟုတ်ပါသည်၊ ပတ်ဝန်းကျင်မှ လူများသာ အံ့အားသင့်နေခြင်း မဟုတ်ပေ။
ကျန်းချန် နံဘေးရှိ ထန်ရှန့်ပင် အံ့အားသင့်သွားခဲ့သည်။
သူက ကျန်းချန်ကို ဆေးလုံးသန့်စင်ရာတွင် ပါရမီရှင်တစ်ယောက်ဖြစ်မှန်း သိထားသလို ကျန်းချန် ပထမအဆင့် ဆေးလုံး သန့်စင်နေတာကိုလည်း မြင်ဖူးသည်။
သို့သော် တစ်ဖက်မှလူသည် ဒုတိယအဆင့် အဂ္ဂိရတ်သခင်ဖြစ်၏။
ကျူးမင်ယွမ်က ပေတန်းခန်းမ၏ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ ရာထူးအားကိုးဖြင့် ထန်ရှန့်ကို သိပ်အလေးမထားခဲ့ပေ။
ဤကောင်လေးသည် အမြဲလိုလို ထင်ရာလုပ်တတ်ပြီး သူ့အဖေစကားကိုပင် နားမထောင်တတ်ချေ။
ထန်ရှန့်သည် ကျန်းချန်က ကျူးမင်ယွမ်ကို အနိုင်ယူပြီး ပေတန်းခန်းမ၏ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ ဖြစ်လာခဲ့လျှင် အလွန်ဝမ်းသာရလိမ့်မည် ဖြစ်သည်။
သို့သော် ကျန်းချန်က ဒုတိယအဆင့် အဂ္ဂိရတ်သခင်ကို အမှန်တကယ် အနိုင်ယူပြ နိုင်ပါမည်လော။
"ဘာပြောတယ်.. မင်းက ငါနဲ့ အဂ္ဂိရတ်ပညာချင်း ယှဉ်ပြိုင်ချင်တယ် ဟုတ်လား.."
ကျူးမင်ယွမ်က ကျန်းချန်ရဲ့ စကားကြောင့် မှင်တက်သွားပြီး ခဏအကြာမှသာ သတိပြန်ဝင်လာခဲ့သည်။
သူက ကျန်ချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။
သူ့ဘဝမှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရသလိုပင်။
သူက စစ်မှန်သည့် ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်သည်။
ဤလင်ယွင်မြို့၏ နာမည်ကျော် တတိယအဆင့် အဂ္ဂိရတ်သခင်များပင် သူ့ကို အဂ္ဂိရတ်ပညာချင်း ယှဥ်ချင်သည်ဟု မပြောရဲကြပေ။
[ဒီကောင်က ဘာကောင်လဲဟ.. ငါ့ရှေ့မှာ ဘယ်က အခွင့်အရေးနဲ့ လာစိန်ခေါ်နေတာလဲ]
"ဟုတ်တယ်.. ငါ မင်းနဲ့ အဂ္ဂိရတ်ပညာ ယှဉ်ပြိုင်ချင်တယ်"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ဘာလဲ.. မင်းလို ဂုဏ်သိက္ခာရှိတဲ့ ဒုတိယအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်က မယှဥ်ပြိုင်ရဲဘူးလား"
"ဟက်.. ရယ်စရာပဲ.. ငါက ဘာလို့ မယှဥ်ပြိုင်ရဲရမှာလဲ"
ကျူးမင်ယွမ်က ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ယှဉ်ပြိုင်ချင်တယ်ဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.. မင်း ရှုံးရင် ငါ မင်းကို ငါ့ရဲ့ အစမ်းသပ်ခံ ဆေးကျွန် အဖြစ် ခိုင်းစေမယ်.. ငါ့ဆီမှာ တစ်သက်လုံး ကျွန်ခံရမယ်.. ဘယ်လိုလဲ အဆင်ပြေတယ် မဟုတ်လား"
"ပြေတယ်"
ကျန်းချန်က ညင်သာစွာ ပြုံး၍ မေးလိုက်သည်။
"ပြောပါ.. ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမှာလဲ"
"မင်းက အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိတဲ့ အမှိုက်တစ်ယောက်ပဲ.. ပထမအဆင့် ဆေးလုံးကို သန့်စင်နိုင်ရင် ရပါပြီ.. ငါ မင်းကို အနိုင်မကျင့်ချင်ဘူး"
ကျူးမင်ယွမ်က ခပ်ထေ့ထေ့ပြုံးကာ ပြောလိုက်သည်။
"ငါတို့ ဒီမှာ လူသိရှင်ကြား ဆေးလုံးသန့်စင်ကြမယ်.. ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး ဆယ်လုံးစီ သန့်စင်ကြမယ်.. ဘယ်သူက အောင်မြင်နှုန်း ပိုမြင့်လဲ ပြိုင်ကြတာပေါ့"
"ညီနောင်ထန်ရှန့်.. ဆေးမီးဖိုနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း အစုံနှစ်ဆယ်စာ ပြင်ဆင်ပေးပါ"
ကျန်းချန်က ကျူးမင်ယွမ်နှင့် အဓိပ္ပါယ်မရှိသည့် စကားများ ပြောကာ အချိန်မဖြုန်းလိုတော့သဖြင့် သူ့ဘေးမှာရှိသည့် ထန်ရှန့်ကို တိုက်ရိုက် ပြောလိုက်သည်။
စနစ်၏ အဆတစ်ရာ အောင်မြင်နှုန်းဖြင့်ဆိုလျှင် ဆေးလုံးသန့်စင်ရာတွင် သူ၏ ကျရှုံးနိုင်ခြေသည် သုညနီးပါး ဖြစ်သည်။
ကျူးမင်ယွမ် သူနှင့် ယှဉ်ပြိုင်သည်က သူ့ကို မျက်နှာသာပေးရန် ကိုယ်တိုင်တံခါးကို ဖွင့်ပေးတာနှင့် တူနေသည် မဟုတ်ပါလော။
"ကောင်းပြီ"
ထန်ရှန့်က ခေါင်းညိတ်လိုက်ပြီး ဆေးမီးဖိုနှင့် ခန္ဓာကိုယ် ပြုပြင်ခြင်းဆေးလုံး ဖော်စပ်ရန် အတွက် ပါဝင်ပစ္စည်း အစုံ နှစ်ဆယ်စာကို အလျင်အမြန် ယူပေးလိုက်သည်။
"ကျူးမင်ယွမ်.. မင်း အရင်လုပ်ပါ"
ဆေးဖိုနှင့် ဆေးသန့်စင် ပစ္စည်းများကို ကြည့်ပြီးနောက်တွင် ကျန်းချန်က ကျူးမင်ယွမ်ကို ပြောလိုက်သည်။
"မင်းဆန္ဒအတိုင်းပါပဲ"
ကျူးမင်ယွမ်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ဆေးဖိုဆီကို လှမ်းသွားကာ ဆေးလုံးသန့်စင်ရန် စတင်လိုက်သည်။
ဒုတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် ဆယ်နှစ်ကျော် အတွေ့အကြုံရှိသည့် ကျူးမင်ယွမ် အတွက် ပထမအဆင့် ဆေးဝါးကို သန့်စင်ရန်မှာ မခက်ခဲပေ။
သူက မီးဖို၏ အပူချိန်ကို ထိန်းညှိခြင်း၊ ဆေးဖက်ဝင်ပစ္စည်းများကို အချိန်အဆမှန်ကန်စွာ အသုံးပြုခြင်း၊ ဆေးလုံးကို သိပ်သည်းခြင်းတို့ကို ကျင်လည်စွာပင် ပြုလုပ်ခဲ့သည်။
ဆယ့်ငါးမိနစ်အတွင်း ကျူးမင်ယွမ်သည် ပထမအဆင့်ဆေးဝါးဖြစ်သည့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။
ချက်ချင်းပင် ကျူးမင်ယွမ်သည် ဒုတိယဆေးလုံးကို သန့်စင်ရန် စတင်လိုက်သည်။
ပစ္စည်းဆယ်စုံလုံး ကုန်သွားသောအခါတွင် ကျူးမင်ယွမ်သည် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး ခုနစ်လုံးကို ထုတ်လုပ်နိုင်ခဲ့၏။
တစ်နည်းအားဖြင့်ဆိုရလျှင် ကျူးမင်ယွမ်၏ အောင်မြင်နှုန်းသည် ၇၀% အထိ ရောက်ရှိသွားခဲ့သည်။
"ကောင်လေး.. မင်း အလှည့်ရောက်ပြီ"
ကျူးမင်ယွမ်က ဆေးလုံး သန့်စင်ပြီးသွားသောအခါတွင် ခေါင်းကို မော့ကာ ကျန်းချန်ကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအခိုက်တွင် ကျန်းချန်က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
"ပထမအဆင့် ဆေးလုံးကို သန့်စင်တဲ့ ဒုတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ရဲ့ အောင်မြင်မှုနှုန်းက ၇၀% ပဲ ရှိတယ်တဲ့လား.. ရယ်စရာပဲ"
အခန်း(၂၅) ပြီး၏