အခန်း (၂၆)
Vol. 2 Ch. 26
"ကောင်လေး.. ငါ့ရှေ့မှာ ဟိန်ဟန်ထုတ်ဖို့ မကြိုးစားနဲ့.. မင်းရဲ့အောင်မြင်နှုန်းကို ၇၀% ရောက်တဲ့အထိ စောင့်ပြီးမှ ဒီစကားကို ပြောစမ်းပါ"
ကျူးမင်ယွမ်၏ မျက်နှာက အေးစက်သွားသည်။
သူက ကျန်းချန်ကို အထင်သေးစွာ ပြုံးပြလိုက်၏။
ဆေးသန့်စင်ခြင်းသည် အလွန်နက်နဲသိမ်မွေ့သည့် အလုပ်တစ်ခုဖြစ်၍ အဂ္ဂိရတ်ပညာရှင်များ၏ အောင်မြင်နှုန်းသည် မမြင့်မားကြပေ။
ယေဘုယျအားဖြင့် ပထမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်သည် ပထမအဆင့် ဆေးလုံးကို ဖော်စပ်သည့်အခါတွင် အောင်မြင်နှုန်း အများစုသည် ၃၀% ဝန်းကျင်သာ ရှိကြသည်။
ဒုတိယအဆင့် အဂ္ဂိရတ်သခင်က ပထမအဆင့် ဆေးလုံးကို ဖော်စပ်သည့်အခါတွင် အောင်မြင်မှုနှုန်းက ပိုမြင့်မား၏။
များသောအားဖြင့် ၅၀% ကနေ ၆၀% အထိ ရှိတတ်ကြသည်။
ယခု ကျူးမင်ယွမ်က ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ၇၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်စွမ်းရှိရာ အောင်မြင်မှုနှုန်း အလွန်မြင့်မားသည်ဟု ဆိုရပေမည်။
သူ့ရှေ့က ကောင်လေးအနေဖြင့် ပထမအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေလျှင်ပင် အောင်မြင်မှုနှုန်း ၇၀ ရာခိုင်နှုန်းကို ရရှိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ကျန်းချန်က ကျူးမင်ယွမ်နှင့် အဓိပ္ပါယ်မဲ့သော စကားများ ပြောဆိုရန် ပျင်းရိနေခဲ့သည်။
သူက ဆေးဖိုဆီသို့ တန်းသွားခဲ့ပြီး ဆေးသန့်စင်သည့် အခြေအနေသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။
"ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်ဖို့ စတင်လိုက်ပါပြီ...စနစ်က အဆတစ်ရာ အောင်မြင်မှုနှုန်းကို အလိုအလျောက် ဖြစ်ပေါ်စေပါလိမ့်မယ်"
သူ့စိတ်ထဲမှ သတိပေးသံကို ကြားလိုက်ရပြီးနောက်တွင် ကျန်းချန်သည် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ကျွမ်းကျင်စွာပင် စတင် ဖော်စပ်လိုက်သည်။
"ဒင်.. သင်က ပထမအဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ဖော်စပ်ပြီး အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ဆယ်မိနစ်အကြာမှာပင် ကျန်းချန်သည် ပထမဆုံး ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
"ဒီကောင်လေးက ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို အမှန်တကယ် သန့်စင်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး"
"မိုက်တယ်ဟ.. ဒီလောက် ငယ်ရွယ်တဲ့အရွယ်မှာတောင် ပထမအဆင့် အဂ္ဂိရတ် သခင်ရဲ့ အရည်အချင်းရှိတယ်.. ဒီကောင်လေးက လူတစ်သန်းမှာ တစ်ယောက်ပဲရှိနိုင်တဲ့ အဂ္ဂိရတ်ပါရမီရှင်ပဲ"
ကျန်းချန်က ပထမဆုံး ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ရေစီးကဲ့သို့ ချောမွေ့စွာ သန့်စင်နေသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူတချို့သည် ရုတ်တရက် အံ့သြသွားခဲ့ကြသည်။
ကျန်းချန်က ထိုအရာများကို လျစ်လျူရှုပြီး ဒုတိယနှင့် တတိယဆေးလုံးများကို ဆက်လက် သန့်စင်လိုက်၏။
"ဒင်.. သင်က ပထမအဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ဖော်စပ်ပြီး အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ပထမအဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို ဖော်စပ်ပြီး အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
----------------
"ဒင်.. သင်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင် အဖြစ် အောင်မြင်စွာ တိုးမြှင့်ခံလိုက်ရပါပြီ"
တစ်နာရီအတွင်းမှာပင် ကျန်းချန်သည် ပစ္စည်းဆယ်စုံလုံးကို အပြီးသတ်နိုင်ခဲ့သည်။
သူ၏ အဂ္ဂိရတ်သခင် အဆင့်ကလည်း စတုတ္ထအဆင့်ကို အောင်မြင်စွာ တိုးမြှင့်ခံလိုက်ရပြီ ဖြစ်၏။
"ဒီကောင်က ပစ္စည်းဆယ်စုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး ဆယ်လုံးကို သန့်စင်နိုင်ခဲ့တယ်ဟ"
"ဘယ်ပစ္စည်းကိုမှ မဖြုန်းတီးစေဘဲ သူ့ရဲ့ အောင်မြင်မှုနှုန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ ၁၀၀% ကို ရောက်ရှိခဲ့တယ်လား"
"ဘုရားရေ.. သူက ပစ္စည်းဆယ်စုံနဲ့ ဆေးလုံးဆယ်လုံးကို ဖော်စပ်နိုင်ခဲ့တယ်.. ဒါ တကယ်လား.. လှည့်စားနေတာများလား"
"မထင်မှတ်ဘဲ ဒီကောင်လေးရဲ့ ဆေးသန့်စင်တဲ့ ကျွမ်းကျင်မှုက တကယ်ကို လက်ဖျားခါလောက်စရာပဲ"
သူတို့ရှေ့မှ မြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများသည် မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဆရာမ စုလင်ရှန်း အလေးထားတဲ့ အဂ္ဂိရတ်ပါရမီရှင် ဖြစ်ထိုက်ပါတယ်"
ထန်ရှန့်က ကျန်းချန်၏ ဆေးလုံးသန့်စင်သည့် အောင်မြင်မှုနှုန်းကို မြင်ပြီးနောက် အံ့အားသင့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး.. ဒါ လုံးဝမဖြစ်နိုင်ဘူး"
ကျူးမင်ယွမ်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
အဂ္ဂိရတ်သခင် တံဆိပ်ပြားတောင် မရှိသည့် ကောင်လေးက ဘယ်လိုလုပ်ပြီး ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် ဆေးဝါး သန့်စင်နှုန်းကို ပိုင်ဆိုင်နိုင်ပါမည်နည်း။
"မင်းက ပစ္စည်းဆယ်စုံနဲ့ ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး ဆယ်လုံးကို သန့်စင်နိုင်ခဲ့တယ်လား.. တတိယအဆင့် အဂ္ဂိရတ်သခင် တချို့တောင် အောင်မြင်မှုနှုန်း ၁၀၀% အထိ မရောက်နိုင်ဘူး"
"ဒီကမ္ဘာမှာ မဖြစ်နိုင်တာ မရှိပါဘူး.. မင်း မလုပ်နိုင်တာနဲ့ပဲ တခြားသူတွေ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး"
ကျန်းချန်က နှုတ်ခမ်းကိုတွန့်ကွေးကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ကျူးမင်ယွမ်...စိတ်မကောင်းပါဘူး.. ငါ့ရဲ့ အောင်မြင်မှုနှုန်းက ၁၀၀% ပဲ.. ဒီပြိုင်ပွဲမှာ မင်းရှုံးသွားပြီ"
"ငါက ဒုတိယအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ပါ.. ဘယ်လိုလုပ်ပြီး မင်းလို အဆင့်မရှိတဲ့ အမှိုက်ကို ရှုံးနိုင်မှာလဲ"
ကျူးမင်ယွမ်က ရှက်ရမ်းရမ်းကာ မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်။
"မင်း ကံကောင်းသွားတာပဲ ဖြစ်မှာပါ.. ဟုတ်တယ် ဒါကြောင့် ဆေးလုံးဆယ်လုံးစလုံး အောင်မြင်သွားခဲ့တာပဲ ဖြစ်ရမယ်"
"တော်ပါတော့ ဆရာကျူး.. ဆရာ့လို ဒုတိယအဆင့် အဂ္ဂိရတ်သခင်က အရှုံးကို လက်မခံနိုင်ဘူးလား"
ထိုစကားကို ပြောပြီးနောက် ထန်ရှန့်သည် လေးနက်သောအမူအရာဖြင့် ကြေငြာလိုက်သည်။
"ဒီနေ့ကစပြီး ညီနောင် ကျန်းချန်က ပေတန်းခန်းမရဲ့ အဂ္ဂိရတ် ပညာရှင် အကြီးအကဲ ဖြစ်လာလိမ့်မယ်"
အခန်း(၂၆) ပြီး၏