← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

"ထန်ရှန့်.. ဒီကောင်လေးကို ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ တကယ်ပဲ ဖြစ်စေချင်တာလား"

ကျူးမင်ယွမ်၏ မျက်နှာသည် ချက်ချင်းပင် အလွန်အမင်း အုံ့မှိုင်းလာခဲ့သည်။

ထန်ရှန့်က သူ့ကို ပေါ့ပေါ့ပါးပါး ကြည့်ကာ ပြောလိုက်သည်။

"ပြဿနာရှိလို့လား"

"ဒီကောင်လေးက ငါ့နေရာကို လိုချင်ရင် မင်းအဖေက သဘောတူလားလို့ အရင်မေးရမယ်"

ကျူးမင်ယွမ်က အေးစက်စွာ ပြောလိုက်သည်။

"အဖေ့ကို မေးစရာ မလိုအပ်ဘူး"

ထန်ရှန့်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျနော်က ပေတန်းခန်းမရဲ့ အနာဂတ်ဆက်ခံသူပဲ.. ကျနော့်ရဲ့စကားတွေက အဖေ့ကို ကိုယ်စားပြုနိုင်တယ်"

"ကောင်းတယ် သိပ်ကောင်းတယ်"

ကျူးမင်ယွမ်က ခပ်ထေ့ထေ့ ရယ်လိုက်သည်။

"ထန်ရှန့် မင်းနောင်တမရဖို့ ငါမျှော်လင့်ပါတယ်"

"ဒီကောင်လေးက ကံတရားကြောင့် ငါ့ကို အနိုင်ရခဲ့ရင်တောင် သူက ပထမအဆင့် အဂ္ဂိရတ်သခင်ပဲ"

"မင်းမမေ့ပါနဲ့.. ငါက ဒုတိယအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ပဲ"

သူက ပေတန်းခန်းမ၏ ဒုတိယအဆင့် အဂ္ဂိရတ်သခင်တစ်ယောက် အနေဖြင့် ခန်းမ၏ ဒုတိယအဆင့်ဆေးဝါး တစ်ဝက်နီးပါးကို သန့်စင်ခဲ့သူ ဖြစ်သည်။

ထန်ရှန့်က ဤကောင်လေးကို သူ၏ ခန်းမ အကြီးအကဲ နေရာတွင် အစားထိုးဖို့ အမှန်တကယ် ဆန္ဒရှိနေ၏။

ယင်းက ပေတန်းခန်းမ၏ အဆုံးသတ်ကို ရှာဖွေနေခြင်းပင် မဟုတ်ပါလော။

"ကောင်လေး.. ငါ့နေရာကို ယူရအောင် မင်းကိုယ်မင်း ဒုတိယအဆင့် အဂ္ဂိရတ်သခင်လို့ ထင်နေလား"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ လွှမ်းမိုးလွန်းသော အသံသည် လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"မင်းက အရှုံးကို လက်မခံချင်ဘူးထင်တယ်.. ကောင်းပြီလေ.. ဒီလိုဆိုမှတော့ ငါမင်းနဲ့ ထပ်ယှဥ်ပြိုင်မယ်"

"မင်းရဲ့ အရည်အချင်းကို အစွမ်းကုန်ထုတ်ပြီး မင်း သန့်စင်နိုင်တဲ့ထဲက အမြင့်ဆုံးဆေးလုံးကို သန့်စင်ပါ.. မင်းသန့်စင်တဲ့ဆေးလုံးထက် ပိုအဆင့်မြင့်တဲ့ ဆေးလုံးကို မသန့်စင်နိုင်ရင် ငါကျေကျေနပ်နပ် အရှုံးပေးလိုက်မယ်"

"​ဟားဟား ကောင်​​လေး မင်း​တကယ်ပြော​နေတာလား"

ကျူးမင်ယွမ်က ကျန်းချန်ကို လှောင်ရယ်လိုက်သည်။

ကျန်းချန် "လုပ်လိုက်စမ်းပါ.. မင်းသာ အနိုင်ရရင် ပေတန်းခန်းမကနေ ချက်ချင်း လှည့်ထွက်သွားမယ်.. ဘယ်တော့မှ ခြေဦးတောင် မလှည့်တော့ဘူးလို့ ကတိပေးတယ်"

"ချီစုဆောင်းခြင်းဆေးလုံးကို သန့်စင်ဖို့အတွက် ပစ္စည်းသုံးစုံစာ ငါ့အတွက် ပြင်ဆင်ပေးပါ"

ကျူးမင်ယွမ်က အော်ဟစ်ကာ တိုက်ရိုက် ပြောလိုက်သည်။

ဤတစ်ကြိမ် သူသန့်စင်မည့်ဆေးသည် ဒုတိယအဆင့်၏ အဆင့်မြင့် ဆေးလုံးဖြစ်သည့် ချီစုဆောင်းခြင်းဆေးလုံး ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် အနေဖြင့် တတိယအဆင့် ဆေးလုံးကို မသန့်စင်နိုင်မချင်း သူ့ကိုအနိုင်ရတော့မည် မဟုတ်ပေ။

ဤကောင်လေးက တတိယအဆင့် ဆေးလုံးကို သန့်စင်နိုင်မည်ဟု ကျူးမင်ယွမ် မယုံခဲ့ချေ။

"ညီနောင် ကျန်းချန်.. မင်း ဆရာကျူး နဲ့ တကယ်ပဲ ပြိုင်ချင်တာလား"

ကျူးမင်ယွမ် သန့်စင်မည့် ဆေးလုံး အမျိုးအစားကို သိရလျှင် ထန်ရှန့်သည် ကူကယ်ရာမဲ့စွာဖြင့် ကျန်းချန်ကို ခပ်တိုးတိုး မေးလိုက်သည်။

ယခုအခါတွင် ကျူးမင်ယွမ်သည် ဒုတိယအဆင့်၏ အဆင့်မြင့်ဆေးကို သန့်စင်ရန် ပြင်ဆင်နေခဲ့သည်။

ထို့ကြောင့် ကျူးမင်ယွမ်ကို အနိုင်ရချင်လျှင် ကျန်းချန်သည် တတိယအဆင့် ဆေးလုံးကို သန့်စင်ရတော့မည် မဟုတ်ပါလား။

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့.. သူ့ရဲ့ အဂ္ဂိရတ်ပညာလောက်နဲ့ ငါ့ကို အနိုင်မယူနိုင်ပါဘူး"

ကျန်းချန်၏ ယုံကြည်မှု့အပြည့်ရှိသော အသွင်အပြင်ကို မြင်လိုက်ရလျှင် ထန်ရှန့်သည် တုန်လှုပ်သွားခဲ့သည်။

[ဒီကောင်.. တတိယအဆင့် ဆေးလုံးကို တကယ်ပဲ သန့်စင်နိုင်တာများလား"

ထန်ရှန့်က အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ထဲမှ ထိတ်လန့်ကြောက်ရွံ့မှုများကို ဖြေဖျောက်လိုက်၏။

ထို့နောက် သူက ကျူးမင်ယွမ် အတွက် ချီစုဆောင်းခြင်း ဆေးလုံးဖော်စပ်ရန် ပစ္စည်းသုံးစုံစာကို ပြင်ဆင်ခိုင်းလိုက်သည်။

ကျူးမင်ယွမ်သည် ပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် စတင် သန့်စင်ခဲ့သည်။

ချီစုဆောင်းခြင်းဆေးလုံးသည် ဒုတိယအဆင့်၏ အဆင့်မြင့် ဆေးလုံးဖြစ်၍ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားမည် မဟုတ်ပေ။

ထို့ကြောင့် ကျူးမင်ယွမ်သည် ပထမအကြိမ်တွင် ချီစုဆောင်းခြင်းဆေးလုံးကို နည်းစနစ်တကျ သန့်စင်ခဲ့သော်လည်း နောက်ဆုံး အဆင့်ဖြစ်သည့် ဆေးလုံးသိပ်သည်းခြင်း အဆင့်တွင် အမှားအယွင်း လုပ်မိခဲ့သည်။

သို့သော်လည်း ဒုတိယအကြိမ် သန့်စင်ရာတွင် ကျူးမင်ယွမ်သည် ပထမအကြိမ် ကျရှုံးမှုကို သင်ခန်းစာယူခဲ့၍ ချီစုဆောင်းခြင်း ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့၏။

"ကောင်လေး.. ဒုတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးဖြစ်တဲ့ ချီစုဆောင်းခြင်းဆေးလုံးကို ငါ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ.. ဒီတစ်​ကြိမ် မင်းငါ့ကို ဘယ်​လို​အနိုင်​ယူမလဲဆိုတာ ကြည့်​ရသေးတာပေါ့"

ကျူးမင်ယွမ်က ဝင့်ကြွားစွာပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။

"မင်းက ချီစုဆောင်းခြင်း ဆေးလုံးကို အရင်ကလဲ သန့်စင်ဖူးတာပဲ.. အဲဒါတောင် နှစ်ကြိမ် သန့်စင်ခဲ့ရတယ်.. ဟက်.. မင်းကိုယ်မင်း ပါရမီရှင်လို့ ထင်နေလား"

ကျန်းချန်က လှောင်ရယ်လိုက်သည်။

"ကျူးမင်ယွမ်.. ဒုတိယအဆင့်၊ အဆင့်မြင့် ဆေးလုံးက ဘာမို့လို့လဲ.. ငါက တတိယအဆင့် ဆေးလုံးကိုတောင် သန့်စင်ပေးနိုင်တယ်"

အခန်း(၂၇) ပြီး၏

All Chapters