အခန်း (၂၉)
Vol. 2 Ch. 29
ကျန်းချန်လို မွန်းစတားက ပေတန်းခန်းမ၏ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ ဖြစ်လာ၍ ထန်ရှန့် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
သူက မျက်နှာဖြူဖျော့နေသော ကျူးမင်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
"ဆရာကျူး.. ညီနောင်ကျန်းချန်ကို ခန်းမအကြီးအကဲ အဖြစ် ကျနော်သတ်မှတ်လိုက်ပြီ.. ဆရာကျူး ဘယ်လိုသဘောရလဲ"
"ဆရာကျန်းက ငယ်ပေမယ့် သူ့ရဲ့ အဂ္ဂိရတ်ပညာကတော့ ငါ့ထက် သာလွန်ပါတယ်.. ဆရာကျန်းလိုလူ ခန်းမအကြီးအကဲဖြစ်လာတာက ငါတို့ ပေတန်းခန်းမအတွက် ဂုဏ်ယူစရာပါပဲ"
ကျူးမင်ယွမ်က ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။
"ဆရာကျန်းက မမျှော်လင့်ဘဲ တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေခဲ့တယ်.. ငါမျက်စိကန်းနေလို့ မမြင်နိုင်ခဲ့ဘူး.. ဆရာကျန်း စိတ်အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်"
ဤအခိုက်အတန့်တွင် ကျူးမင်ယွမ်သည် သူ၏ မာနများကို ခဝါချလိုက်သည်။
သူက ဒုတိယအဆင့် အဂ္ဂိရတ်သခင် တစ်ဦးမျှသာ ဖြစ်သည်။
သူ့ရှေ့မှလူငယ်က တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်နေ၍ သူ့ထက် ရာထူးပိုကြီး၏။
တတိယအဆင့် အဂ္ဂိရတ်သခင် ဟူသော အဆင့်အတန်းသည် လင်ယွင်မြို့တော်၌ ထိပ်တန်း အဂ္ဂိရတ်ပညာရှင် နီးပါး အဆင့်အတန်း ဖြစ်သည်။
သူသာ ကျန်းချန်ကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လျှင် ကျန်းချန်သည် စကားတစ်ခွန်းတည်းဖြင့် ချေမွပစ်လိုက်မည်ကို စိုးရိမ်မိခဲ့၏။
သို့သော် ကျန်းချန်က ကျူးမင်ယွမ်၏ လုပ်ရပ်ကို စိတ်ထဲတွင် မထားခဲ့သောကြောင့် သဘာဝအတိုင်း သူ့ကို ဂရုမစိုက်ခဲ့ပေ။
သူက ထန်ရှန့်ကို တိုက်ရိုက်ပြောလိုက်သည်။
"ထန်ရှန့်.. ငါပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် အဖြစ် လက်ခံမယ်.. ဒါပေမယ့် ငါက လင်ယွင်ကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ဆိုတာ မင်းလည်း သိတယ်မို့လား"
"ညီနောင်ကျန်းချန် ငါနားလည်ပါတယ်.. မင်း ပေတန်းခန်းမမှာ နေဖို့မလိုအပ်ပါဘူး.. ဆေးသန့်စင်ဖို့အတွက် ပစ္စည်းတွေကို ကျောင်းတော်ဆီ ငါယူလာပေးလို့ရပါတယ်"
"မင်းသန့်စင်ထားတဲ့ဆေးကို ရောင်းပြီးတာနဲ့ ပေတန်းခန်းမက မင်းကို ၃၀ ရာခိုင်နှုန်း အမြတ်ပေးမယ်"
ထန်ရှန့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကျန်းချန်၏ အရည်အချင်းဖြင့်ဆိုလျှင် ကမ္ဘာကျော် အဂ္ဂိရတ်ဆရာ ဖြစ်လာမည်မှာ သေချာ၏။
ထို့အတူ ကျန်းချန်က ပေတန်းခန်းမ၏ အကြီးအကဲ ဖြစ်၍ သူတို့ ပေတန်းခန်းမ အတွက်လည်း အကန့်အသတ်မရှိ အကျိုးရှိလာနိုင်ပေသည်။
"ငါအမြတ်မလိုချင်ဘူး"
ကျန်းချန်က ခေါင်းခါလိုက်သည်။
"ဆေးလုံးရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ လိုချင်တယ်"
"ပြဿနာမရှိပါဘူး"
ထန်ရှန့်က ကျန်းချန်၏ တောင်းဆိုမှုကို လက်ခံခဲ့သည်။
"ပေတန်းခန်းမအတွက် ဆေးလုံးသန့်စင်စရာရှိရင် လိုအပ်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို ယူပြီး ရွှေအဆင့်ကျောင်းသားတွေ နေတဲ့နေရာက ခြံဝင်း ၆၈ကို တိုက်ရိုက်လာခဲ့ပါ"
------------------
သူ ပေတန်းခန်းမမှ ထွက်လာချိန်တွင် မွန်းတည့်ချိန် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ထျန်းရှန်းလို့ ဟုခေါ်သော စားသောက်ဆိုင်ရှေ့တွင် ရပ်တန့်လိုက်ကာ နေ့လည်စာစားရန် စီစဉ်ခဲ့သည်။
"ကျန်းချန်ပါလား.. တိုက်ဆိုင်လိုက်တာ.. ငါမင်းနဲ့တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"
ကျန်းချန်က ထျန်းရှန်းလို့ စားသောက်ဆိုင်ထဲသို့ ဝင်ခါနီးတွင် သူ၏ အနောက်ဘက်မှ လှောင်ပြောင်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ ထျန်းရှန်းလို့ စားသောက်ဆိုင်ဆီသို့ လျှောက်လာသည့် ရင်းနှီးသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
[ကျန်းယွင်ဟုန် နဲ့ ကျန်းချမ်ဟဲတို့ပါလား.. သူတို့က စန်းရှန်မြို့မှာ မနေဘဲ ဘာကြောင့် ဒီမှာ ရှိနေကြတာလဲ]
ကျန်းချန်က အံ့အားသင်ကာ မျက်ခုံးပင့်လိုက်၏။
"ကျန်းယွင်ဟုန်.. မင်းက ကျန်းအိမ်မှာ ကောင်းကောင်းမနေဘဲ ဘာလို့ လင်ယွင်မြို့တော်ကို ရောက်နေတာလဲ"
"ဟားဟား.. ကျန်းချန်.. မင်းမသိသေးဘူး မဟုတ်လား.. ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင် အကြီးအကဲ ဖြစ်တဲ့ ဆရာကျူးက ငါ့ကို တပည့်အဖြစ် လက်ခံမယ်လို့ ဆုံးဖြတ်လိုက်ပြီ"
"မင်းက လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်ရရင်တောင် အလားအလာကောင်းတဲ့ ကြေးအဆင့် ကျောင်းသား ဖြစ်ရုံလေးပါပဲ.. ငါ့လို လေးစားစရာကောင်းတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
ကျန်းယွင်ဟုန်က ကျန်းချန်ကို ပြုံးပြုံးကြီးကြည့်ကာ ပြောလိုက်သည်။
သူ့မျက်နှာပေါ်တွင် အောင်ပွဲခံသည့်အမူအရာက ချက်ချင်းနီးပါး ပေါ်လာခဲ့သည်။
"တကယ်လား ကျန်းယွင်ဟုန်.. ငါသာ မင်းနေရာမှာ ဆိုရင် ဒီကိုလာမှာ မဟုတ်ဘူး.. ကျွတ်ကျွတ်.. မင်းတော့ ငါ့လက်ထဲမှာ ကောင်းကောင်းကြီး အဆုံးသတ်တော့မှာပဲ"
ကျန်းချန်၏ ပါးစပ်ထောင့်က အနည်းငယ် ကွေးသွားခဲ့သည်။
"ပေတန်းခန်းမမှာ ရှိတဲ့ ဘယ်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ကမှ မင်းကို တပည့်အဖြစ် လက်ခံမှာမဟုတ်ဘူးလို့ ငါအာမခံတယ်"
အခန်း(၂၉) ပြီး၏