← Chapters

သက်တော်စောင့်

Vol. 121 Ch. 1801

သက်တော်စောင့်

Vol. 121 Ch. 1801

ထိုအခိုက်အတန့်မှာ လျန့်ချိုး၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အံကို တင်းတင်းကြိတ်ထား၏။

သူ၏ လက်ကောက်ဝတ်သည် သံမဏိ ချိတ်ကွင်းတစ်ခု၏ ချုပ်နှောင်ခြင်း ခံထားရသည့်အလား ခံစားရပြီး သူက လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိပေ။

သူသည် ဆူဇီမို၏ ထိန်းချုပ်မှုကနေ ရုန်းထွက်ဖို့နေနေသာ.. သူ၏ လက်ကောက်ဝတ်က ကျိုးတော့မည်ကဲ့သို့ ခံစားနေရ၏။

လျန့်ချိုးက နာကျင်မှုဖြင့် သတိလစ်လုမတတ် ဖြစ်နေလေပြီ။

သို့သော်လည်း လူတိုင်း၏ ရှေ့မှာ သူ၏ ဂုဏ်သိက္ခာအတွက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ အဲဒါကို ကြိတ်မှိတ်၍ ခံစားနေ၏။

“ကျုပ်.. ကျုပ်က ခင်ဗျားရဲ့ သိုလှောင်အိတ်ကို ယူကြည့်ချင်ရုံပဲ.. မြန်မြန်လွှတ်ပေးပါ”

လျန့်ချိုးသည် အံကို တင်းတင်းကြိတ်ပြီး တုန်ယင်နေသော အသံဖြင့် ရှင်းပြလိုက်၏။

“တာအိုရောင်းရင်းဆူ.. ရှင် သူ့ကို လွှတ်ပေးလိုက်ပါ”

လျန့်ချိုး၏ အမူအရာကို သတိထားမိပြီး ရှချင်းယင်က မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။

“လျန့်ချိုးရဲ့ အပြုအမူက အတော်လေး မဆင်မခြင် လုပ်ရာကျတယ်.. သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါရစေ.. ဘာပဲပြောပြော ကျွန်မတို့အားလုံးက နှင်းလေတောင်ကြားက လူတွေပဲ… ကျေးဇူးပြုပြီး သနားညှာတာမှု ပြပေးပါ”

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“သခင်မလေးက ပြောနေပြီဆိုမှတော့ ကျုပ် သူ့ကို လွှတ်ပေးလိုက်မယ်”

ဆူဇီမိုက သူ၏ လက်ကို ဖြေလျှော့ပေးလိုက်၏။

လျန့်ချိုးသည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား ခံစားရပြီး အလောတကြီး နောက်သို့ ဆုတ်လိုက်၏။ သူ၏ ခြေလှမ်းများက ဒယီးဒယိုင်ဖြစ်နေပြီး အစောင့်နှစ်ယောက်က သူ့ကို ဖေးမပေးလိုက်ရလေသည်။

သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူ၏ နဖူးက ချွေးများဖြင့် စိုရွှဲနေ၏။

သူ၏ လက်ကောက်ဝတ်ကို အနောက်သို့ ပစ်လိုက်သည့်အတွက် လူအများစုက အဲဒါကို မတွေ့မြင်ရပေ။

လျန့်ချိုး၏ လက်ကောက်ဝတ်က အနည်းငယ် တုန်ရီနေသည်ကို လူတချို့ကသာလျှင် ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။

လျန့်ချိုး၏ တိုက်ခိုက်မှုက အတော်လေးကို ရက်စက်ကြမ်းတမ်းလေသည်။

ဆူဇီမိုသည် ရှချင်းယင်၏ မျက်နှာကို ထောက်ထား၍ သူ၏ အသက်ကို ချမ်းသာပေးခဲ့သော်လည်း သူက ထိုသူကို အတော်လေး ထိခိုက်ခံစားရအောင် ပြုလုပ်ခဲ့လေသည်။

လျန့်ချိုး၏ လက်ကောက်ဝတ်က ကျိုးသွားခဲ့လေပြီ။

“တာအိုရောင်းရင်းဆူ… အရင်တုန်းက ရှင့်ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားခဲ့တာလား”

ရှချင်းယင်က မေးလိုက်၏။

လျန့်ချိုးကလည်း ဝင်ရောက်ပြောဆိုလိုက်၏။

“သခင်မ.. ဒီလူ့ရဲ့ နောက်ခံက ဘာမှန်းမသိရဘူး.. သူက သူ့ရဲ့ ကျင့်ကြံမှုကို တမင်သက်သက် ဖုံးကွယ်ထားခဲ့တာပဲ… သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရမယ်”

“ကျုပ်အထင်တော့ ကျုပ်တို့က ဒီလူကို ဖိနှိမ်ပြီး စစ်ဆေးမေးမြန်းဖို့အတွက် ကာကွယ်သူထံကို အမြန်ဆုံး သတင်းပေးပို့ရမယ်”

လျန့်ချိုးသည် အထက်ဘုံသို့ တက်လှမ်းလာပြီးကတည်းက ဤမျှအထိ တစ်ခါမှ ထိခိုက်ခံစားခဲ့ရခြင်း မရှိပေ။ အဲဒါကြောင့် သူက ဆူဇီမိုကို အရိုးထိတိုင် မုန်းတီးနေ၏။

အခြားသော အစောင့်များကလည်း ရန်လိုသတိထားစွာဖြင့် ဆူဇီမိုကို ကြည့်လာကြ၏။

မည်သို့ပင်ဆိုစေ.. ဆူဇီမိုသည် တက်လှမ်းလာခဲ့သည်မှာ တစ်နှစ်သာလျှင် ရှိသေးပြီး သူတို့၏ မျက်လုံးထဲမှာ အပြင်လူတစ်ယောက် ဖြစ်နေဆဲပင်။

ရှချင်းယင်က ပြန်ဖြေခြင်း မရှိဘဲ ဖြေရှင်းချက်တစ်ခုကို စောင့်ဆိုင်းနေသည့်အလား ဆူဇီမိုကို ကြည့်နေ၏။

“ကျုပ်ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်မထားခဲ့ဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ် အထက်ဘုံကို တက်လှမ်းလာတုန်းက မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်.. အဲဒါကြောင့် ကျုပ်က နဂါးအသူရာချောက်နက်ကြယ်ကို ရောက်လာခဲ့ရတာပဲ”

သူမသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား ရှချင်းယင်က ရုတ်တရက် မေးလိုက်၏။

“ရှင် မတက်လှမ်းခင်တုန်းက ကောင်းကင်ဘုံကပ်ဘေး ဘယ်နှစ်ခုကို ဖြတ်ကျော်ခဲ့ရလဲ”

“ကောင်းကင်ဘုံကပ်ဘေး လေးခု”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“အား..”

“အဲဒါက ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက လေးခုလား”

အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

နဂါးအသူရာချောက်နက်ကြယ်သို့ ရောက်ရှိလာသော မည်သူမဆို ကောင်းကင်ဘုံကပ်ဘေးတစ်ခုကိုသာ ဖြတ်ကျော်ခဲ့ကြလေသည်။

ကောင်းကင်ဘုံကပ်ဘေးနှစ်ခု.. သုံးခု.. သို့မဟုတ် လေးခုကို ဖြတ်ကျော်လာခဲ့သော ထိုသူများသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီ များစွာပိုမိုကြွယ်ဝသော အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ အခြားသော နေရာဒေသများသို့ တက်လှမ်းနိုင်မည်ဟု ဆိုကြလေသည်။

“ငါ သိ​ပြီ”

ရှချင်းယင်က ခေါင်းညိတ်လိုက်၏။

အဲဒီနောက် သူမက သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“နှမြောဖို့ကောင်းလိုက်တာ”

“ဘာလို့လဲ”

ဆူဇီမိုက မေးလိုက်၏။

ရှချင်းယင်က ရှင်းပြလိုက်၏။

“အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ တခြားနေရာဒေသတွေမှာ အင်မော်တယ်ဂိုဏ်း တက္ကသိုလ်တချို့ ရှိတယ်လို့ ကျွန်မ အဖေပြောတာ ကြားဖူးတယ်.. ကောင်းကင်ဘုံကပ်ဘေးနှစ်ခု.. သုံးခုနဲ့ လေးခုကို ဖြတ်ကျော်လာတဲ့သူတွေက အဲဒီတက္ကသိုလ်တွေကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ရှိတယ်”

“နဂါးအသူရာချောက်နက်ကြယ်မှာရော မရှိဘူးလား”

ဆူဇီမိုက ထပ်၍ မေးလိုက်၏။

ရှချင်းယင်က ခေါင်းခါပြလိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်မှာ ရှိတဲ့ အမြုတေချီက အရမ်းကို ပါးလွှာတယ်.. အရင်းအမြစ်တွေကလည်း ရှားပါးတယ်.. ဒီမှာရှိတဲ့ လူတိုင်းက အဆင့်မြင့် အင်မော်တယ်တွေ စွန့်ပယ်ထားတဲ့ သက်ရှိတွေပဲ.. ဒီလိုနေရာမှာ အင်မော်တယ်ဂိုဏ်း တက္ကသိုလ်တစ်ခုခု ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ”

လူအိုကြီးယန်ကလည်း ထိုကဲ့သို့ ဆင်တူသော တစ်စုံတစ်ရာကို ပြောဆိုခဲ့ဖူးလေသည်။

လျန့်ချိုးသည် ယခုတင် ဆေးတောင့်တစ်တောင့်ကို​ မျိုချခဲ့ပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ နာကျင်မှုက သိသိသာသာ လျော့ကျသွားလေသည်။ ထိုစကားကို​ ကြားသောအခါ သူက လှောင်ရယ်လိုက်လေသည်။

“သူက အဲဒီ အင်မော်တယ်ဂိုဏ်း တက္ကသိုလ်တွေကို ဝင်ရောက်နိုင်မယ်ဆိုရင်တောင် သူက အစေခံတစ်ယောက်ပဲ ဖြစ်နေမှာ”

“ကောင်းကင်ဘုံကပ်ဘေး လေးခုဆိုတော့ရော ဘာဖြစ်လဲ.. သူက အဆင့်နိမ့် သတ္တဝါဆိုတဲ့ သူ့ရဲ့ အဆင့်အတန်းကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”

ရှချင်းယင်သည် လျန့်ချိုး၏ စကားကို မငြင်းဆန်နိုင်သည့်အလား တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

အထက်ဘုံလောကက သူတွေးထင်ထားသည်ထက် ပို၍ပင် ရက်စက်ကြမ်းတမ်းနေ၏။

ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်ပြီးနောက် သူက အင်မော်တယ်ဂိုဏ်း တက္ကသိုလ်များကို ဝင်ရောက်နိုင်မည်ဆိုလျှင်တောင် သူက အစေခံတစ်ယောက်သာ ဖြစ်နေမည်တဲ့လား။

“အဲဒီအကြောင်းကို ထပ်ပြီး မပြောကြရအောင်.. အဲဒါက ကျွန်မတို့နဲ့ လက်လှမ်းမမီဘူး”

ရှချင်းယင်က ဆူဇီမိုကို ပြုံး၍ ကြည့်လိုက်၏။

“ရှင်က အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်ဆိုမှတော့ ရှင်က ဒီနေရာမှာ စိုက်ပျိုးရေးလုပ်ဖို့ မသင့်လျော်တော့ဘူး”

“နှင်းလေတောင်ကြောရိုးမှာ အဆင့်နှစ် မဟူရာအင်မော်တယ်အဖြစ် ကျင့်ကြံနိုင်တဲ့ ဘယ်သူမဆို ရိက္ခာမှူးတစ်ယောက်ဖြစ်ဖို့ အဆင့်မီတယ်.. အဆင့်သုံးထိ ကျင့်ကြံနိုင်တဲ့ ဘယ်သူမဆို နှင်းလေတောင်ကြောရိုးရဲ့ အစောင့်စစ်သားတစ်ယောက် ဖြစ်လာမယ်”

“ရှင်က အဆင့်လေး မဟူရာအင်မော်တယ်ဆိုတော့…”

ရှချင်းယင်က အဲဒါကို မဆုံးဖြတ်ရသေးသည့်ပုံပင်။

ပုံမှန်အခြေအနေမှာဆိုလျှင် လျန့်ချိုးနှင့် ကျင့်ကြံမှုအဆင့်တူသော အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်သည် နှင်းလေတောင်ကြောရိုး၏ ခေါင်းဆောင်တပ်မှူးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိလေသည်။ သို့သော်လည်း ဆူဇီမိုသည် တက်လှမ်းလာခဲ့သည်မှာ တစ်နှစ်သာလျှင် ရှိသေးလေသည်။ သူ့ကို အစောင့်များ၏ ခေါင်းဆောင်တပ်မှူးအဖြစ် ခန့်အပ်မည်ဆိုလျှင် လူများစွာက မကျေမနပ်ဖြစ်လာပြီး အချင်းများစရာများ ဖြစ်ပွားလာနိုင်၏။

ထိုသို့အတွေးဖြင့် ရှချင်းယင်က ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ.. အခုကစပြီး ကျွန်မဘေးမှာ နေပေး.. လောလောဆယ်မှာ ကျွန်မရဲ့ သက်တော်စောင့်အဖြစ်နဲ့ပေါ့”

သူမ၏ သက်တော်စောင့်…

အဲဒါသည် သာမန်အစောင့်များထက် ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခု ဖြစ်လေသည်။

လျန့်ချိုးသည် အမည်ခံအားဖြင့် အစောင့်များ၏ ခေါင်းဆောင်တပ်မှူးဖြစ်သော်လည်း သူသည်လည်းပဲ ရှချင်းယင်၏ သက်တောင်စောင့်တစ်ယောက် ဖြစ်လေသည်။

“သခင်မ.. အဲ့လိုလုပ်လို့ မရဘူး”

လျန့်ချိုးက အလောတကြီး ဝင်ရောက်ပြောဆိုလိုက်၏။

“သူက အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက် ဆိုပေမဲ့ သူ့ရဲ့ သရုပ်သကန်က ဘာမှန်းမသိရဘူး… သူ့ရဲ့ နောက်ခံကလည်း သံသယဝင်စရာကောင်းတယ်.. ကျုပ်တို့က သူ့ကို ဒီတိုင်းပစ်ယုံလိုက်လို့ မရဘူး”

“အဲဒါကို ပြောမနေနဲ့တော့.. မယုံရင် မထားနဲ့.. ထားရင်လည်း သံသယမဝင်နဲ့တဲ့.. ငါ သူ့ကို ယုံတယ်”

ရှချင်းယင်က လက်ကာပြပြီး ဆူဇီမိုကို ပြုံးပြလိုက်၏။

“တာအိုရောင်းရင်းဆူ.. ရှင် ဘယ်လိုသဘောရလဲ”

တကယ်တော့ ရှချင်းယင်၏ အတွေးများက ရိုးရှင်းလေသည်။

ဆူဇီမိုမှာ အခြားသော ရည်ရွယ်ချက်များ အမှန်တကယ် ရှိနေမည်ဆိုလျှင် ဤမျှအထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီးမှ သူသည် အဲဒါကို ဆက်လက်၍ ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ပေ။

သွမ့်ထျန်လန်က ဘေးကနေ ထပ်တလဲလဲ ခေါင်းညိတ်ပြနေ၏။

လူအုပ်ကြီးထဲမှာ လူအိုကြီးယန်ကလည်း ဆူဇီမိုကို သဘောတူလိုက်ဖို့အတွက် အမူအရာပြနေ၏။

ရှချင်းယင်က ပြုံးလိုက်လေသည်။

“အမည်ခံအားဖြင့် ရှင်က ကျွန်မရဲ့ သက်တော်စောင့်ဆိုပေမဲ့ ကျွန်မက ရှင့်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ထားမှာ မဟုတ်ဘူး.. နောက်ပြီး သက်တော်စောင့်တစ်ယောက်ရဲ့ အကျိုးခံစားခွင့်က ခေါင်းဆောင်တပ်မှူးတစ်ယောက်နဲ့ သိပ်မကွာဘူး”

“ကောင်းပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ရှချင်းယင်သည် သူ့ကို တစ်ခါက စိတ်ဝိညာဉ်ဆေးပုလင်းနှင့် ဖုန်မှုန့်ဖယ်ရှား အဆောင်တစ်ခုကို ပေးခဲ့လေသည်။ ဆူဇီမိုက အဲဒါကို သူ၏ စိတ်ထဲမှာ အမြဲမှတ်ထားခဲ့၏။

နောက်ဆုံးမှာတော့ ရှချင်းယင်သည် သတိပေးစကားတချို့ ပြောဆိုပြီးနောက် လှည့်ထွက်သွား၏။

သိပ်မကြာခင် ရှချင်းယင်သည် တစ်စုံတစ်ရာကို​ အမှတ်ရသွားသည့်အလား ပြန်လှည့်လာကာ ပြောလိုက်၏။

“ဒါနဲ့.. နောက် ဆယ်ရက်နေရင် ကျွန်မက ဒီနှစ်မှာ ရင့်မှည့်လာတဲ့ အင်မော်တယ်ဆေးပင်တွေကို သွေးသူရိယတောင်ကြားဆီကို ပို့ဆောင်ပေးရမယ်.. တာအိုရောင်းရင်းဆူ.. ရှင်လည်း အဲဒီကို လိုက်ခဲ့ပေါ့”

ထိုသို့ပြောရင်း ရှချင်းယင်က လူတိုင်းနှင့်အတူ ထွက်ခွာသွားလေသည်။

လျန့်ချိုးသည် ရှချင်းယင် နောက်ကနေ လိုက်ပါသွားပြီး အငြိုးအတေးထားသော မျက်လုံးများနှင့်အတူ ဆူဇီမိုကို ခိုးကြည့်လိုက်၏။

“သွေးသူရိယတောင်ကြားလား”

ဆူဇီမိုက တွေဝေရှုပ်ထွေးစွာဖြင့် တီးတိုးရေရွတ်လိုက်၏။

သွမ်းထျန်လန်က ဘေးကနေ ရှင်းပြလိုက်၏။

“သွေးသူရိယတောင်ကြားက နဂါးအသူရာချောက်နက်ကြယ်မှာ ရှိတဲ့ အဖွဲ့အစည်းကြီး ရှစ်ခုထဲက တစ်ခုပဲ.. အဲဒါက ဒီနားဝန်းကျင်မှာ အကြီးမားဆုံး အဖွဲ့အစည်းဆိုလည်း ဟုတ်တယ်”

“ဆယ်နှစ်ကြာတိုင်း ကျုပ်တို့က နှင်းလေတောင်ကြားမှာ ရှိတဲ့ ရင့်မှည့်လာတဲ့ အင်မော်တယ်ဆေးပင်တစ်သုတ်ကို စုဆောင်းပြီး အမြုတေစုဖွဲ့ဆေးလုံးတွေနဲ့ ဖလှယ်ရယူဖို့အတွက် သွေးသူရိယတောင်ကြားကို သွားရတယ်”

“အို..”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ကျုပ်တို့မှာ အင်မော်တယ်ဆေးပင်တွေ ရှိနေတယ်ဆိုမှတော့ အဲဒါကို ကျုပ်တို့ဘာသာကျုပ်တို့ သန့်စင်လို့ မရဘူးလား”

“ဆရာဆူ.. ခင်ဗျားကတော့ နောက်နေတာပဲ”

သွမ့်ထျန်လန်က ပြောလိုက်လေသည်။

“အမြုတေစုဖွဲ့ဆေးလုံးရဲ့ ဖော်စပ်ပုံအညွှန်းက အထက်ဘုံက အင်မော်တယ်တွေရဲ့ လက်ထဲမှာပဲ ရှိတယ်.. အောက်ဘုံက တက်လှမ်းလာတဲ့ ကျုပ်တို့က အဲဒါကို သင်ယူဖို့ အဆင့်မမီဘူး”

“နောက်ပြီး အမြုတေစုဖွဲ့ဆေးလုံးရဲ့ ဖော်စပ်ပုံအညွှန်းကို ပေါက်ကြားစေတဲ့ ဘယ်သူမဆို အထက်ဘုံက အင်မော်တယ်တွေရဲ့ အမဲလိုက်ခြင်း ခံရမယ်လို့ ကျုပ်ကြားဖူးထားတယ်။”

All Chapters