← Chapters

ထွက်ခွာကြခြင်း

Vol. 121 Ch. 1802

ထွက်ခွာကြခြင်း

Vol. 121 Ch. 1802

အထက်ဘုံရှိ အင်မော်တယ်များသည် အမြုတေစုဖွဲ့ဆေးလုံးကဲ့သို့ သာမန်ဆေးဖော်စပ်နည်းတစ်ခုကိုပင် မမျှဝေပေးလိုကြပေ။ အထက်ဘုံရှိကျင့်ကြံရေးအရင်းအမြစ်အများစုသည် အင်မော်တယ်ဂိုဏ်း တက္ကသိုလ်များ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေသည်ဟု ဆိုလိုလေသည်။

အောက်ဘုံကနေ တက်လှမ်းလာသောသက်ရှိများအနေဖြင့် အင်မော်တယ်လမ်းစဥ်တစ်ခုကိုရရှိပြီး သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ပါရမီအရည်အချင်းအလျောက် ကြီးပြင်းလာဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သွမ့်ထျန်လန်နှင့် လူအိုကြီးယန်ကဲ့သို့လူများသည် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကိုဖြတ်ကျော်၍ တက်လှမ်းလာခဲ့သည်ဆိုသော်လည်း သူတို့၏ ပါရမီအရည်အချင်းနှင့် အလားအလာက သေချာပေါက်ထိပ်တန်းအဆင့်မှာ ရှိလေသည်။

သို့သော်လည်း လုံလောက်သော ကျင့်ကြံရေးအရင်းအမြစ်များမရှိဘဲ သူတို့သည် နဂါးအသူရာချောက်နက်ကြယ်မှာ အပယ်ခံဘဝနှင့်သာ ရှင်သန်နေထိုင်ရ၏။

တကယ်ဆို နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသောင်းချီကျင့်ကြံပြီးတာတောင် သူတို့၏ ကျင့်ကြံမှုများက များစွာတိုးတက်မလာခဲ့ပေ။

ဒေသခံ အဆင့်မြင့်အင်မော်တယ်အချို့၏ မျိုးဆက်များကတော့ သူတို့မွေးဖွားလာသည့်ခဏမှာပင် သူတို့၏ အသွေးအသားကို မီးဆေးပြီး အခြေခံအုတ်မြစ်ကောင်းတစ်ခုကို တည်ဆောက်ဖို့အတွက် သူတို့မှာ အရင်းအမြစ်နှင့်ရတနာများ ပေါများစွာရှိကြလေသည်။

သူတို့၏ ပါရမီအရည်အချင်းက သာမန်သာဆိုလျှင်တောင် သူတို့၏ ကျင့်ကြံမှုအဆင့်က ဖြည်းဖြည်းမှန်မှန် တိုးတက်လာနေပေလိမ့်မည်။

ဆူဇီမိုသည် ခဏမျှ တွေးတောပြီးနောက် ထပ်မံ၍ မေးလိုက်၏။

“သွေးသူရိယတောင်ကြားက နဂါးအသူရာချောက်နက်ကြယ်ရဲ့ ကြီးမားတဲ့အဖွဲ့အစည်းကြီး ၈ခုထဲကတစ်ခုဆိုတော့... သူတို့မှာရော အမြုတေစုဖွဲ့ဆေးလုံးတွေကို သန့်စင်ပေးနိုင်တဲ့သူတွေရှိလား”

“မရှိဘူး”

သွမ့်ထျန်လန်က ခေါင်းခါပြလိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်ရဲ့ အဖွဲ့အစည်းကြီး ၈ခုကိုလည်း အောက်ဘုံကနေ တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေနဲ့ပဲ တည်ထောင်ထားတာ... သူတို့ကလည်း အဲ့ဒီအင်မော်တယ်ဆေးလုံးတွေကို သန့်စင်ဖို့အဆင့်မမီဘူး”

“အဲ့လိုဆိုရင် သွေးသူရိယတောင်ကြားက အဲ့ဒီ အမြုတေစုဖွဲ့ဆေးလုံးတွေကို ဘယ်ကနေရတာလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

သွမ့်ထျန်လန်က ပြန်ဖြေလိုက်လေသည်။

“သူတို့က အဲ့ဒါတွေကို နဂါးအသူရာချောက်နက်မြို့ကနေ လဲလှယ်ရရှိတာလို့ ကျုပ်ကြားထားတယ်... ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ကျုပ်လည်းမသိဘူး”

နဂါးအသူရာချောက်နက်မြို့သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အကြီးမားဆုံး မြို့ဖြစ်ပြီး အဖွဲ့အစည်းကြီးများအားလုံး၏ ဗဟိုချက်လည်းဖြစ်လေသည်။

အဲ့ဒါသည် ဒေသခံအင်မော်တယ်များနေထိုင်ရာ တစ်ခုတည်းသောနေရာလည်းဖြစ်၏။

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး သူ၏ ကောက်ရိုးတဲရှိရာသို့ ပြန်သွားလိုက်လေသည်။

တကယ်တော့... သူ့ကျင့်ကြံမှုအဆင့်သည် လွန်ခဲ့သည့်နှစ်ဝက်ကျော်ကတည်းက အဆင့်၄ မဟူရာအမြုတေအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

အဲ့ဒါကို ကျင့်ကြံခြင်းမှာ တိုးတက်မှုတစ်ခုအဖြစ် မဆိုနိုင်ပေ။ အထက်ဘုံသို့ တက်လှမ်းလာပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီများနှင့် အပြန်အလှန်တုံ့ပြန်ပြီးနောက် သူရောက်သင့်သည့် ကျင့်ကြံမှုအဆင့်များသို့ သဘာဝအလျောက် ပြန်လည်ရောက်ရှိလာပေလိမ့်မည်။

ပြီးခဲ့သည့်နှစ်ဝက်မှာ သူ၏ ကျင့်ကြံမှုက များစွာတိုးတက်မလာခဲ့ပေ။

အောက်ဘုံမှာနှင့်မတူဘဲ ဤနေရာရှိ အားအနည်းဆုံး မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် ဘဝသက်တမ်း နှစ်တစ်သိန်းရှိလေသည်။

ကောင်းကင်နှင့်မြေကြီး အမြုတေချီကြွယ်ဝသော နေရာဒေသများမှာပင်လျှင် အထက်ဘုံမှသက်ရှိများအနေဖြင့် တစ်ခါလျှင် နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းကြာကျင့်ကြံတတ်ကြသည်မှာ ပုံမှန်သာဖြစ်လေသည်။

အထက်ဘုံမှ အင်မော်တယ်များအတွက် တစ်နှစ်ဆိုသည်မှာ နာရီပိုင်းမျှသာခံစားရပေလိမ့်မည်။

ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး လူတစ်ယောက်သည် ပြတ်သားသော စိတ်နှလုံးမရှိဘဲ ၎င်း၏ အဆုံးသတ်သို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဆယ်ရက်ကြာပြီးနောက်...။

မနက်ခင်းမှာ ဆူဇီမိုသည် နှင်းလေတောင်ကြောရိုး၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့၏။

ရှချင်းယင် ၊ လျန့်ချိုးနှင့် နှင်းလေတောင်ကြောရိုးမှ အစောင့်စစ်သားတစ်အုပ်စုက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

ဆူဇီမိုက တစ်ချက်ကြည့်လိုက်၏။

ဤတစ်ခေါက် သွေးသူရိယတောင်ကြားသို့ သွားရောက်မည့် အစောင့်စစ်သားတစ်ရာဝန်းကျင်ရှိပြီး သူတို့တစ်ယောက်ချင်းစီက အရပ်အမောင်းမြင့်မားသော ​မြင်းများကို စီးနင်းထားကြ၏။

သူတို့က သာလွန်အဆင့်နတ်မြင်းများဖြစ်ကြသည်မှာ သိသာလေသည်။

ဤအချိန်အတောအတွင်း အဲ့ဒီမှာ စုစုပေါင်း အစောင့်စစ်သားလေးယောက်သာရှိသည်ကို ဆူဇီမိုသည် သွမ့်ထျန်လန်ထံမှ ကြားသိခဲ့ရလေသည်။

ဤတစ်ခေါက် အင်မော်တယ်ဆေးပင်များကို ပို့ဆောင်ဖို့အတွက် နှင်းလေတောင်ကြောရိုးမှ အစောင့်စစ်သားများအားလုံး၏ လေးပုံတစ်ပုံကို စုဖွဲ့လာခဲ့၏။

ဤခရီးစဥ်ကို သူတို့က ဘယ်လောက်အလေးအနက်ထားသလဲ သိသာလေသည်။

နှင်းလေတောင်ကြောရိုး၏ အစောင့်စစ်သားတစ်ယောက်ဖြစ်လာနိုင်သူ မည်သူမဆို အဆင့်၃ မဟူရာအင်မော်တယ်များဖြစ်ကြ၏။

အစောင့်စစ်သားအများစုသည် ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးခဲ့ကြပေ။ သခင်မလေး၏ သက်တော်စောင့်အဖြစ် လောလောလတ်လတ် ရာထူးတိုးမြှင့်ခံထားရသည့် ဤကျင့်ကြံသူကို သူတို့က စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေကြ၏။

ရှချင်းယင်က လူအုပ်ကြီးထဲမှာ အလွန်တရာထင်ရှားပေါ်လွင်နေလေသည်။

သူမသည် အဖြူရောင်ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမစီးနင်းလာသောမြင်းဖြူက မည်သည့်အစွန်းအထင်းမှမရှိဘဲ အလွန်တရာ ဂမ္ဘီရဆန်နေ၏။ ၎င်း၏ ဦးခေါင်းပေါ်မှာ ဦးချိုတစ်ချောင်းပင်လျှင် ပါရှိလေသည်။

အဲ့ဒါက ဦးချောင်းတစ်ချောင်းပါ ဂမ္ဘီရတောကောင်တစ်ကောင်ဖြစ်လေသည်။

“တာအိုရောင်းရင်းဆူ... ဒီမှာလေ”

ရှချင်းယင်က ဆူဇီမိုကို တွေ့မြင်သောအခါ လက်ပြနှုတ်ဆက်လိုက်၏။

ရှချင်းယင်သည် နောက်ထပ်နတ်မြင်းတစ်ကောင်ကိုလည်း ဆွဲခေါ်လာခဲ့လေသည်။ ၎င်းသည် သွေးများဖြင့် စွန်းထင်းနေသည့်အလား ချောမွေ့ပြောင်လက်နေသော အနီရဲရဲသားမွေးများဖြင့် ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားလေသည်။ ၎င်းက အလွန်တရာထူးခြားမှုရှိလေသည်။

“ဒါက... အနီရောင်သွေးမြင်း... ရှားရှားပါးပါး နတ်မြင်းတစ်ကောင်ပဲ... သူ့ရဲ့ခြေထောက်တွေက အရမ်းထူးခြားတယ်... ရှင့်ကို ကျွန်မ ဒီမြင်းကို ပေးလိုက်မယ်”

သူမက ပြုံး၍ပြောလိုက်၏။

အထက်ဘုံမှာ နိယာမဥပဒေသများက ပိုမိုအဆင့်မြင့်၍ ပြီးပြည့်စုံမှုရှိပြီး လေဟာနယ်နှင့်မြေပြင်က အလွန်တရာမာကြောကြံ့ခိုင်မှုရှိလေသည်။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မဟူရာအင်မော်တယ်များသည် လေထဲမှာ ပျံသန်းနိုင်သော်လည်း သူတို့သည် အမြင့်ပေ ကိုးဆယ်ထက် ပိုမရောက်နိုင်ပေ။

အမြင့်ပေကိုးဆယ်ကို ကျော်လွန်သွားသည်နှင့် မဟူရာအင်မော်တယ်များသည် သိပ်သည်းပြင်းထန်သော ဖိအားကိုခံစားရပြီး လေထဲကနေ ပြုတ်ကျလာပေလိမ့်မည်။

ကျင့်ကြံသူများသည် လေထဲမှာဆိုလျှင် ပို၍မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာနိုင်ကြ၏။

သို့သော်လည်းလေထဲမှာပျံသန်းခြင်းက လူတစ်ယောက်၏ အမြုတေချီကို အင်အားကြီးမားစွာ ကုန်ခန်းစေလေသည်။

အဆင့်၉ မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် လေထဲမှာ ဝေးဝေးမပျံသန်းနိုင်ပေ။

ထို့ကြောင့် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ မဟူရာအင်မော်တယ်များအားလုံးနီးပါးသည် အမျိုးမျိုးသော သားရဲတောကောင်များနှင့် သက်ရှိများကို သူတို့၏ အစီးအနင်းများအဖြစ် အသုံးချကြပေလိမ့်မည်။

ကမ္ဘာမြေအင်မော်တယ်များသာလျှင် မြေဆွဲအားကနေ လွတ်မြောက်နိုင်သည်ဟုဆိုလေသည်။

ဒါ့အပြင် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက ကြွယ်ဝပြီး သူတို့ကို လေထဲမှာ အချိန်ကြာမြင့်စွာ ပျံသန်းစေနိုင်လေသည်။

ကောင်းကင်ဘုံအင်မော်တယ်များကတော့ သူတို့သည် ကြယ်တာရာများကိုပင် ဖြတ်ကျော်နိုင်အောင် စွမ်းအားကြီးမားသော တည်ရှိမှုများ ဖြစ်ကြ၏။

ပြီခဲ့သည့်နှစ်အတွင်း ဆူဇီမိုက အဲ့ဒါကို တိတ်တဆိတ်ကြိုးစားကြည့်ခဲ့ဖူးလေသည်။

သူသည် အဆင့်၄ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပေတစ်ရာကျော်အမြင့်ထိ သေချာပေါက်ရောက်ရှိနိုင်လေသည်။

ဒါ့အပြင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်အားဖြည့်နိုင်စွမ်းကလည်း တုန်လှုပ်စရာကောင်းလေသည်။

ဤအားဖြည့်နိုင်စွမ်းသည် သူ၏ ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အချိန်ကြာမြင့်စွာပျံသန်းနိုင်လေသည်။

တကယ်တော့... သူသည် ဤကဲ့သို့သော နည်းလမ်းများကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။

သူသည် ရှချင်းယင်သူ့ကိုပေးသော အနီရောင်သွေးမြင်းကို မငြင်းပယ်ဘဲ လက်ခံလိုက်လေသည်။

အခြားသော အစောင့်စစ်သားများက မနာလိုအားကျစွာဖြင့် ငေးကြည့်လိုက်ကြ၏။

ရှချင်းယင်၏ နောက်မှာရှိသော လျန့်ချိုးက အမူအရာကင်းမဲ့နေ၏။

သူ၏ လက်ကောက်ဝတ်သည် ဆူဇီမို၏ ချိုးခြင်းကို ခံခဲ့ရပြီး ဆယ်ရက်ကြာပြီးတာတောင် ပြန်လည်ပျောက်ကင်းမလာသေးပေ။

လျန့်ချိုးသည် ဤအရှက်ရမှုကို စွဲမြဲစွာ မှတ်သားထားပြီး ဆူဇီမိုကို ကလဲ့စားချေနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို စောင့်စားနေပေလိမ့်မည်။

“သွားလေ”

သူမသည် အနီရောင်သွေးမြင်းကို လက်ဖြင့်ပုတ်ပြီး ရှေ့သို့သွားရောက်ဖို့ အချက်ပြလိုက်၏။

သို့သော်လည်း အနီရောင်သွေးမြင်းသည် ဆူဇီမိုကိုကြည့်ပြီး ရှေ့သို့တက်လှမ်းရဲခြင်းမရှိပေ။ ၎င်း၏ မြင်းခွာများက ကြွတက်လာသော်လည်း မအီမသာခံစားနေရဟန်ဖြင့် ပြန်လည်ကျသွားလေသည်။

အထက်ဘုံမှ သာမန်အစီးအနင်းတောကောင်များပင်လျှင် လိမ္မာပါးနပ်မှုရှိကြလေသည်။

အနီရောင်သွေးမြင်းသည် ဆူဇီမိုထံမှ တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုကို ဝိုးတဝါးခံစားမိနေ၏။

“အမ်...”

ရှချင်းယင်က အနည်းငယ် မှင်တက်သွား၏။

“ဘာဖြစ်နေတာလဲ... ဒီအနီရောင်သွေးမြင်းက တော်တော်လေး ပါးရည်နပ်ရည်ရှိပါတယ်... သူက သူစိမ်းကိုတွေ့လို့ ရှက်နေတာလား”

“ရပါတယ်... ဘာမှမဖြစ်ဘူး”

အနီရောင်သွေးမြင်းက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက ဖျတ်ခနဲဆို သူ့ပေါ်သို့ ခုန်တက်လာလေသည်။

“သွားကြရအောင်”

ဆူဇီမိုက အနီရောင်သွေးမြင်းကို လက်ဖြင့်ပုတ်ပြီး ညင်သာစွာ ပြုံးပြလိုက်၏။

အနီရောင်သွေးမြင်းက ဆတ်ခနဲတုန်ယင်သွားပြီး တွေဝေတုံ့ဆိုင်းရဲခြင်းမရှိဘဲ ဆူဇီမိုကိုကျောပေါ်တင်ကာ လျှောက်လှမ်းသွားလေသည်။

“ဒီတစ်ခေါက် ကျုပ်တို့ပို့ရမယ့် အင်မော်တယ်ဆေးပင်တွေက ဘယ်လောက်များလဲ”

လမ်းခရီးမှာ ဆူဇီမိုသည် ရှချင်းယင်နှင့် ဘေးချင်းယှဥ်ကပ်ပြီး မေးလိုက်လေသည်။

ရှချင်းယင်က ပြောလိုက်၏။

“ရှင့်ရဲ့ စိတ်ဝိညာဥ်စိုက်ခင်း ၁၃မူကနေ ရင့်မှည့်လာတဲ့ အင်မော်တယ်ဆေးပင်တွေအပါအဝင် အဲ့ဒီမှာ အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်း အပင်တစ်သိန်းကျော်စီပါတယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ပုံမှန်ဆိုလျှင် မြေတစ်မူသည် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းတစ်ရာကို ထုတ်လုပ်ပေးနိုင်လေသည်။

အင်မော်တယ်ဆေးပင်တစ်သိန်းဆိုသည်မှာ ဆေးပင်စိုက်ပျိုးရေးသမား တစ်ရာ စိုက်ပျိုးထားသော မြေတစ်ထောင်မူကနေ ထုတ်လုပ်ပေးနိုင်သည့် ပမာဏဖြစ်လေသည်။

အင်မော််တယ်ဆေးပင်များသည် ရင့်မှည့်ဖို့အတွက် နှစ်တစ်ရာအချိန်ယူရသော်လည်း နှင်းလေတောင်ကြောရိုးသည် သူတို့ကို အချိန်ခွဲခြား၍ စိုက်ပျိုးထားလေသည်။

ထိုသို့ဖြင့် ဆယ်နှစ်ကြာတိုင် သူတို့သည် အင်မော်တယ်ဆေးပင် တစ်သိန်းဝန်းကျင်ကို ရရှိမည်ဖြစ်ပြီး ဆေးလုံးများနှင့် ဖလှယ်ရယူဖို့အတွက် သွေးသူရိယတောင်းကြားသို့ သွားရောက်ကြမည်ဖြစ်၏။

“အင်မော်တယ်ဆေးပင်တစ်သိန်းဆိုရင်... ကျုပ်တို့က အမြုတေစုဖွဲ့ဆေးလုံး ဘယ်လောက်များများကိုပြန်ရမလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

ရှချင်းယင်က ခါးသက်စွာ ပြုံးပြလိုက်၏။

“ကျွန်မတို့က အရေအတွက်တစ်ထောင်ပဲပြန်ရမှာ”

“တော်တော်နဲတာပဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။

All Chapters