← Chapters

သနားညှာတာမှု မရှိ

Vol. 121 Ch. 1804

သနားညှာတာမှု မရှိ

Vol. 121 Ch. 1804

“သွားပါပြီ.. သွားပါပြီကွာ”

လျန့်ချိုး၏ အမူအရာက ပျက်ယွင်းသွားပြီး သူ၏ မျက်လုံးများက အကြောက်တရားဖြင့် ထင်ဟပ်လာ၏။ သူသည် ကြီးမားစွာ ကြောက်ရွံ့သွားသည့်အလား ထိတ်ထိတ်ပျာပျာဖြစ်၍ တတွတ်တွတ်ရေရွတ်နေ၏။

နှင်းလေတောင်ကြောရိုး၏ ခေါင်းဆောင်တပ်မှူးက ဤကဲ့သို့ ဆိုလျှင် အခြားသူများအတွက် ပို၍ပင် ဆိုးဝါးလေသည်။

ရှချင်းယင်က တည်ငြိမ်နေသော်လည်း သူမ၏ မျက်နှာက ဖြူဖျော့၍ အကြောအခြင် တောင့်တင်းနေသည့်ပုံပေါ်လေသည်။

“အဲဒါ ဘယ်သူတွေလဲ”

ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“မဟာဓားပြ လေးဖွဲ့ထဲက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ပဲ”

ရှချင်းယင်က တည်တံ့စွာ ပြောလိုက်၏။

“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က မဟူရာအင်မော်တယ်တွေတိုင်းမှာ အစီးနင်းတောကောင်အဖြစ် ကြေးခွံနက်မိစ္ဆာဝံပုလွေတစ်ကောင်စီ ရှိတယ်လို့ ကျွန်မ ကြားထားတယ်.. သူတို့က လေလိုမျိုးပဲ လာနိုင် သွားနိုင်ကြတယ်”

“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ဝံပုလွေသဘာဝနဲ့ ကိုက်ညီမှုရှိတယ်.. သူတို့က ကြမ်းကြုတ်ခက်ထန်ပြီး သွေးဆာရက်စက်ကြတယ်.. သူတို့ ပစ်မှတ်ထားခံရတဲ့ အဖွဲ့အစည်းတိုင်းမှာ အသက်ရှင်ကျန်နိုင်တဲ့သူ မရှိသလောက်နီးပါးပဲ”

“အရင်တုန်းက တစ်ကြော့ပြန်လာခဲ့ပြီး နဂါးအသူရာချောက်နယ်ကြယ်ပေါ်က အဖွဲ့အစည်းကြီး သုံးခုကို တစ်စတစ်စ လုံးပါးပါးအောင် ပြုလုပ်ခဲ့တာက အဲဒီနတ်ဆိုးဝံပုလွေတပ်ဖွဲ့ပဲ”

ဆူဇီမိုက မေးလိုက်၏။

“နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်ကျင့်ကြံမှုအဆင့်မှာလဲ”

“ပြောကြတောတော့ သူက အဆင့်ရှစ် မဟူရာအင်မော်တယ်လို့ ပြောတယ်”

ရှချင်းယင်က ပြန်ပြောလိုက်လေသည်။

ဆူဇီမိုက ပြောလိုက်၏။

“ရှေ့မှာ ရှိတဲ့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က လူအယောက်ငါးရာလောက် ရှိတယ်.. အဲဒါက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ အဖွဲ့သေးတစ်ခုပဲ ဖြစ်ရမယ်.. သူတို့ခေါင်းဆောင်က ကိုယ်တိုင်ပါမလာလောက်ဘူး”

“အဲဒါဆိုလည်း ကျွန်မတို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ သာမန်ခေါင်းဆောင်တပ်မှူးတွေကိုလည်း ခုခံနိုင်မှာ မဟုတ်လောက်ဘူး”

ရှချင်းယင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“ထူးဆန်းတယ်”

ရုတ်တရက် ရှချင်းယင်က မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“ဒါက သွေးသူရိယတောင်ကြားရဲ့ ပိုင်နက်နယ်မြေပဲ.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ”

“နောက်ပြီး ဒီခရီးစဉ်မှာ ကျွန်မတို့က အင်မော်တယ်ဆေးပင် တစ်သိန်းကိုပဲ ယူလာခဲ့တာ.. ကျွန်မတို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့လိုမျိုး အဖွဲ့အစည်းတစ်ခုရဲ့ ပစ်မှတ်ထားခံရဖို့ အကြောင်းရင်း လုံလုံလောက်လောက် မရှိဘူး”

လူတိုင်း ပြောဆိုနေစဉ်မှာပင် ရှေ့မှာ ရှိသော တပ်ဖွဲ့က ဝံပုလွေအူသံများနှင့်အတူ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်က သွေးများ စွန်းထင်းနေသည့် ကြေးညိုရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဧရာမ လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲထားလေသည်။

သူ၏ အောက်ဘက်ရှိ ဝံပုလွေမှာ ကြောက်စရာကောင်းသော အမူအရာရှိပြီး ၎င်း၏ မျက်လုံးများက စိမ့်ဖန့်ဖန့် အလင်းရောင်ဖြင့် တောက်ပနေ၏။ ၎င်းက ၎င်း၏ ပါးစပ်ကို​ ဖြဲပြီး တံတွေးရည်များဖြင့် စိုရွှဲနေသည့် ထက်ရှသော သွားစွယ်များကို ထုတ်ဖော်ပြသနေ၏။

ကြမ်းကြုတ်ခက်ထန်သော ထိုဝံပုလွေကို ပိန်းပိတ်အောင် နက်မှောင်နေသော ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မနှိုင်းယှဉ်သာအောင် မာကြောသည့်ပုံပေါ်လေသည်။ ၎င်းကို လက်နက်များဖြင့်​ ထိုးဖောက်၍ မရနိုင်လောက်ဘဲ ဧရာမ ဆင်တစ်ကောင်ကဲ့သို့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိလေသည်။

နှင်းလေတောင်ကြောရိုးမှ အစောင့်များစွာ၏ မြင်းများက ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ရှေ့တွင် အသတ်ခံရဖို့ စောင့်ဆိုင်းနေသည့် သိုးငယ်များကဲ့သို့ တဆတ်ဆတ် တုန်ယင်နေကြ၏။

“ရွှီ…”

ခေါင်းဆောင်ဖြစ်သူက သူ့လက်ထဲရှိ လှံပုဆိန်ကို ကိုင်မြှောက်ပြီး ရှချင်းယင်နှင့် အခြားသူများကို စိတ်လှုပ်ရှားစွာ ကြည့်ကာ လေချွန်လိုက်လေသည်။

သူတို့သည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား.. သူ့နောက်ဘက်ရှိ သန်မာသော နတ်ဆိုးဝံပုလွေတပ်သား ငါးရာက အုပ်စုနှစ်စုခွဲ၍ နှင်းလေတောင်ကြောရိုးမှ လူတိုင်းကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဝိုင်းပတ်လိုက်ကြ၏။

ဝံပုလွေများ၏ ဝိုင်းပတ်မှုအောက်တွင် နှင်းလေတောင်ကြောရိုးမှ အစောင့်များစွာ၏ မြင်းများက မတ်တတ်ပင် မရပ်နိုင်တော့ဘဲ တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်ကျသွားလေသည်။

ချက်ချင်းပင် နှင်းလေတောင်ကြောရိုးအဖွဲ့က ဖရိုဖရဲ ဖြစ်သွား၏။

မတ်တတ်ရပ်နေနိုင်သည့် တစ်ခုတည်းသော အရာမှာ ရှချင်းယင်၏ အောက်ဘက်ရှိ ဦးချိုတစ်ချောင်း ဂမ္ဘီရတောကောင် ဖြစ်လေသည်။

ဆူဇီမို၏ အောက်ဘက်ရှိ အနီရောင် သွေးမြင်းပင်လျှင် ဒူးထောက်ကျသွားခဲ့ပြီဖြစ်၏။

“ဟားဟားဟားဟား”

ထိုသည်ကို တွေ့မြင်သောအခါ နတ်ဆိုးဝံပုလွေစစ်တပ်မှ လူအုပ်ကြီးက ဟားတိုက်ရယ်မောလိုက်ကြ၏။

“အဆင့်ငါး မဟူရာအင်မော်တယ်.. ဒီတစ်ခေါက်တော့ တကယ်ကို သွားပါပြီ”

သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် တစ်ချက်ဝေ့ကြည့်ပြီး လျန့်ချိုးသည် နတ်ဆိုးဝံပုလွေစစ်တပ်ကို ဦးဆောင်လာသော ကြေးချပ်ဝတ်ကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်ကို ထောက်လှမ်းမိသွားကာ သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွား၏။

သူတို့အုပ်စုကို ဦးဆောင်လာသော အဆင့်ငါး မဟူရာအင်မော်တယ် အပြင်.. အဲဒီမှာ အဆင့်လေး မဟူရာအင်မော်တယ် အယောက်သုံးဆယ်ကျော် ပါဝင်သည်ကို ဆူဇီမိုက ရှင်းလင်းစွာ တွေ့မြင်လိုက်လေသည်။

အရေအတွက်အားဖြင့်ဖြစ်စေ.. တိုက်ခိုက်ရည်ခွန်အားအရဖြစ်စေ.. နတ်ဆိုးဝံပုလွေစစ်တပ်သည် နှင်းလေတောင်ကြောရိုးထက် အပြတ်အသတ် သာလွန်နေ၏။

“မင်းတို့တွေက ဘယ်ကိုသွားကြမလို့လဲ”

ကြေးချပ်ဝတ်ကျင့်ကြံသူက မြင့်မားသော ကြေးခွံနက် မိစ္ဆာဝံပုလွေကို စီးနင်းထားပြီး ရှချင်းယင်နှင့် အခြားသူများကို ငုံ့ကြည့်ကာ သရော်တော်တော် အကြည့်နှင့်အတူ အေးအေးလူလူပင် မေးမြန်းလိုက်လေသည်။

“ကျွန်မက နှင်းလေတောင်ကြောရိုးက ရှချင်းယင်ပဲ… အဆင့်မြင့် အင်မော်တယ်.. ရှင့်ကို ကျွန်မက ဘယ်လိုခေါ်ရမလဲ”

ရှချင်းယင်က အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမသည် သူမ၏ ဣန္ဒြေကို ထိန်းထားနိုင်ဆဲဖြစ်၏။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ကျယ်လောင်စွာ အော်မေးလိုက်လေသည်။

နှင်းလေတောင်ကြောရိုးဘက်ခြမ်းတွင် လျန့်ချိုးက အစောင့်စစ်သားများ၏ ခေါင်းဆောင်တပ်မှူးဖြစ်သော်လည်း သူက လုံးဝကို ငေးငိုင်နေလေသည်။

သူ၏ ဣန္ဒြေကို ထိန်းထားနိုင်သည့် နောက်ထပ်တစ်ဦးတည်းသောသူမှာ ဆူဇီမို ဖြစ်လေသည်။

လျန့်ချိုးက ဆူဇီမိုကို တစ်ချက်ကြည့်ပြီး စိတ်ထဲကနေ ကြိတ်ရယ်လိုက်၏။

“ဒီလူက အခုမှ တက်လှမ်းလာတာဆိုတော့ နတ်ဆိုးဝံပုလွေစစ်တပ်က ဘယ်လောက်ကြမ်းတမ်းလဲ သိမှာမဟုတ်ဘူး… မသိတဲ့သူက မကြောက်ဘူးဆိုတာ တကယ်မှန်နေတာပဲ”

“မင်းက ရှချင်းယင်လား.. တကယ်ပဲ မင်းက ချောမောလှပပါပေတယ်.. ဒီလိုဆိုမှတော့..”

ကြေးချပ်ဝတ်ကျင့်ကြံသူက စကားဆုံးအောင် မပြောရသေးခင်မှာပင်.. သူက ရပ်တန့်လိုက်ပြီး ထူးဆန်းစွာ ရယ်မောလိုက်၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ကြေးချပ်ဝတ်ကျင့်ကြံသူသည် တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေပုံ ရလေသည်။

ရှချင်းယင်က သူမ ရင်ထဲရှိ အကြောက်တရားကို ဖိနှိမ်ပြီး ဆက်ပြောလိုက်၏။

“နှင်းလေတောင်ကြောရိုးက ဒီနားဝန်းကျင်မှာ ရှိတဲ့ အဖွဲ့အစည်းငယ်တစ်ခုပဲ.. ကျွန်မတို့ရဲ့ ပိုင်နက်နယ်မြေမှာ အောက်ဘုံက တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေပဲ ရှိတာ.. ဒီနှစ်တွေထဲမှာ ကျွန်မတို့က အမြုတေစုဖွဲ့ဆေးလုံးတွေကို လဲယူဖို့အတွက် ကြိုးကြိုးစားစားနဲ့ အင်မော်တယ်ဆေးပင်တွေကိုပဲ စိုက်ပျိုးနေခဲ့တာ”

“ရှင့်တို့တွေ အားလုံးကလည်း အောက်ဘုံကနေ တက်လှမ်းလာတဲ့ လူတွေဆိုတာ ကျွန်မ သိပါတယ်.. အဆင့်မြင့် အင်မော်တယ်တို့.. ကျွန်မတို့ အားလုံးက အောက်ဘုံကနေ တက်လှမ်းလာတာဆိုတဲ့ အချက်ကို ထောက်ထားပြီး ကျေးဇူးပြုပြီး သနားညှာတာမှု ပြပေးပါဦး”

“ဟားဟားဟား”

နတ်ဆိုးဝံပုလွေတပ်သားများက နောက်တစ်ဖန် ဟားတိုက်ရယ်မောလိုက်ကြ၏။

နတ်ဆိုးဝံပုလွေတပ်သားများစွာသည် အရူးတစ်ယောက်ကို ကြည့်နေသည့်အလား ရှချင်းယင်ကို ကြည့်ရင်း သရော်တော်တော် အမူအရာများ ရှိနေကြ၏။

ကြေးချပ်ဝတ်ကျင့်ကြံသူက လှောင်ရယ်လိုက်၏။

“ကလေးမ.. နင်က တကယ့်ကို ရိုးအတာပဲ… ငါတို့က နင်တို့ကို လွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့မှာ စားဖို့ သောက်ဖို့နဲ့ ကျင့်ကြံဖို့အတွက် ဘာရှိတော့မှာလဲ”

ရှချင်းယင်က ပြောလိုက်၏။

“ရှင်တို့တွေလည်း စိတ်ဝိညာဉ်စိုက်ခင်းတွေကို…”

“ဟမ့်”

ရှချင်းယင်၏ စကားမဆုံးသေးခင်မှာပင် ကြေးချပ်ဝတ်ကျင့်ကြံသူက အေးစက်စွာ နှာတစ်ချက်မှုတ်၍ သူမကို ဖြတ်အော်လိုက်၏။

“ငါတို့က နင်တို့လိုမျိုး မနေချင်လို့.. သိုးငယ်တွေလို အဖြစ်မခံချင်လို့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာပဲ”

“အင်မော်တယ်ဆေးပင်တွေက ဒီနဂါးအသူရာချောက်နက်ကြယ်မှာ နှစ်တစ်ရာမှာ တစ်ကြိမ်ရင့်မှည့်တာ.. ငါတို့က အဲ့လောက်ထိ စိတ်မရှည်ဘူး”

နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် ဆေးပင်များကို စိုက်ပျိုးဖို့ထက် အရင်းအမြစ်များကို ခိုးယူလုယက်ခြင်းက များစွာပို၍ လွယ်ကူလေသည်။

ထို့ကြောင့်ပင်လျှင် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ သူခိုးဓားပြများ များပြားစွာပေါ်ထွက်လာပြီး မဟာဓားပြ လေးဖွဲ့က ဖြစ်ပေါ်လာခဲ့ခြင်းပင်။

“အဆင့်မြင့်အင်မော်တယ်.. ဒီခရီးစဉ်အတွက် ကျွန်မတို့မှာ အင်မော်တယ်ဆေးပင် တစ်သိန်းကျော်ပဲ ပါလာတယ်”

ရှချင်းယင်က ပြောလိုက်၏။

“ကျွန်မက အဲဒီ အင်မော်တယ်ဆေးပင်တွေ အားလုံးကို ရှင်တို့ကို ပေးပါမယ်.. ဒါပေမဲ့ ကျွန်မတို့ရဲ့ အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ အဆင့်မြင့်အင်မော်တယ်တို့”

အင်မော်တယ်ဆေးပင် တစ်သိန်းကို စွန့်လွှတ်ရမည်ဆိုလျှင်လည်း အဆင်ပြေလေသည်။

သို့သော်လည်း ရှချင်းယင်သည် သူမ၏ အစောင့်တပ်သား တစ်ရာနှင့်အတူ ဘေးကင်းလုံခြုံစွာ ပြန်သွားချင်လေသည်။

အစကနေ ယခုအချိန်ထိ ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပေ။

သူသည် နှင်းလေတောင်ကြောရိုးမှာ သိပ်ကြာကြာနေဖို့ ရည်ရွယ်မထားပေ။ သူက စိတ်လိုက်မာန်ပါဖြင့် ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခုကို ရန်စပြီး နှင်းလေတောင်ကြောရိုးအတွက် ပြဿနာမရှာခဲ့ချင်ပေ။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့က အင်မော်တယ်ဆေးပင်များကို ရရှိပြီးနောက် ချက်ချင်းထွက်ခွာသွားမည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“ဟဲဟဲ”

ကြေးချပ်ဝတ်ကျင့်ကြံသူက အေးစက်နေသော အကြည့်တစ်ခုနှင့်အတူ လှောင်ရယ်လိုက်ပြီး သူ့လက်ထဲရှိ လှံပုဆိန်ကို မြှောက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက အဲဒီ အင်မော်တယ်ဆေးပင်တွေကို ယူသွားမှာပါ.. ဒါပေမဲ့ မင်းတို့တွေ အားလုံးကိုလည်း သတ်ရမှာပဲ”

“အဲဒီအမျိုးသမီးက လွဲရင် ကျန်တဲ့လူတွေ အကုန်လုံးကို သတ်”

“နာခံလျက်ပါ”

ဆိုးယုတ်ဝံပုလွေတပ်သားများစွာက နီမြန်းနေသော မျက်လုံးများနှင့်အတူ အမိန့်ကို နာခံလိုက်ကြ၏။

သို့သော်လည်း နှင်းလေတောင်ကြောရိုးဘက်မှ လူတိုင်းကတော့ မျှော်လင့်ချက် ပျောက်ဆုံးသွားကြလေပြီ။

“ဆိုးယုတ်သူခိုးတွေ”

ရုတ်တရက် ရှချင်းယင်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် စူးစူးဝါးဝါး အော်လိုက်၏။

“နင်က ငါတို့တွေကို တကယ်ပဲ သတ်ချင်တယ်ဆိုရင် ငါတို့ကလည်း နင်တို့ မဟူရာဝံပုလွေစစ်တပ်နဲ့ အသေအကြေ တိုက်ခိုက်မယ်.. နင်တို့လည်း သေကြေပျက်စီးဆုံးရှုံးစေရမယ်”

တကယ်တော့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် သူတို့သည် ကျောက်နံရံကို ကြက်ဥနှင့်ပေါက်ခြင်းကဲ့သို့ ဖြစ်နေမည်ကို နှင်းလေတောင်ကြောရိုးမှ လူတိုင်းက သိရှိထားကြလေသည်။

ဆိုးယုတ်ဝံပုလွေတပ်ဖွဲ့သည် တစ်ခါချီတက်ရုံဖြင့် သူတို့ အယောက်တစ်ရာကို ဝါးမျိုပစ်နိုင်ခြေ ရှိလေသည်။

“သတ်”

ကြေးချပ်ဝတ်ကျင့်ကြံသူက စိတ်ယိမ်းယိုင်သွားခြင်း မရှိဘဲ အေးစက်နေသော အသံနှင့်အတူ သူ၏ လှံပုဆိန်ကို ထိုးညွှန်လိုက်လေသည်။

“နေပါဦး”

ထိုစဉ်မှာပင် လူအုပ်ကြီးထဲကနေ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ကြေးချပ်ဝတ်ကျင့်ကြံသူက သူ၏ ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်သောအခါ နှင်းလေတောင်ကြောရိုးဘက် လူအုပ်ကြီးထဲကနေ အစိမ်းရောင်ဝတ် အမျိုးသားတစ်ယောက် လျှောက်လှမ်းထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူက နုနယ်သော စာပေသမားတစ်ယောက်၏ သွင်ပြင်ဟန်ပန်မျိုး ရှိလေသည်။

All Chapters