မင်းကို သတ်ရမှာပေါ့
Vol. 121 Ch. 1805
ဆူဇီမိုသည် ကြေးချပ်ဝတ်ကျင့်ကြံသူထံသို့ မနှေးမမြန်ဖြင့် လျှောက်လှမ်းသွား၏။ အရပ်အမောင်း မြင့်မား၍ ကြမ်းကြုတ်ခက်ထန်သော မိစ္ဆာဝံပုလွေများနှင့် ရင်ဆိုင်ရချိန်မှာတောင် သူက တည်ငြိမ်နေဆဲဖြစ်၏။
နှင်းလေတောင်ကြောရိုးမှ လူတိုင်းက တိတ်တဆိတ် အံ့အားသင့်သွားလေသည်။
အခြားအရာများကို အသာထား.. သူ၏ စိတ်ပိုင်းဆိုင်ရာ ခံယူချက်နှင့် ရဲစွမ်းသတ္တိကပင် သူတို့ထက် များစွာသာလွန်နေလေပြီ။
ကြေးချပ်ဝတ်ကျင့်ကြံသူ စီးနင်းထားသည့် ကြေးခွံနက် မိစ္ဆာဝံပုလွေသည် အဆင့်လေး မဟူရာအမြုတေအဆင့်မှာ ရှိလေသည်။ အဲဒါက အဆင့်လေး မဟူရာသားရဲတစ်ကောင် ဖြစ်၏။
လမ့်ချိုးပင်လျှင် ထိုကဲ့သို့ ချဉ်းကပ်ရဲခြင်း မရှိပေ။
“တာအိုရောင်းရင်းဆူ..”
ရှချင်းယင်၏ အကြည့်က ဆူဇီမိုအပေါ်သို့ ဆင်းသက်သွားပြီး သူမသည် မျှောင်လင့်စောင့်စားမှု ခံစားချက်တစ်ခုကို ရုတ်တရက် ရရှိလိုက်၏။
သို့သော် မကြာခင် သူမ၏ အမူအရာက မှေးမှိန်သွားလေသည်။
သူတို့ကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်း၏။
ဆူဇီမိုက အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက် ဖြစ်မည်ဆိုလျှင် သူသည် တစ်ဖက်လူနှင့် ညှိနှိုင်းဖို့ အခွင့်အရေးတစ်ခု ရကောင်းရနိုင်၏။
သို့သော်လည်း ဆူဇီမိုသည် အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်၏။ ဤကွာဟချက်သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာဆို နှစ်သောင်းချီကျင့်ကြံမှုတစ်ခုနှင့် တူညီပေလိမ့်မည်။
အစကတော့ ဆူဇီမိုသည် ဝင်ပါဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း နတ်ဆိုးဝံပုလွေစစ်တပ်သည် သူတို့အားလုံးကို သတ်ဖြတ်ချင်သည်ဆိုမှတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
“မင်း ဘာလုပ်နေတာလဲ”
ကြေးချပ်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို သရော်တော်တော် အမူအရာဖြင့် အပေါ်ကနေ ငုံ့ကြည့်လိုက်၏။
ရှေ့မှာ ရပ်နေသော အစိမ်းရောင်ဝတ် ကျင့်ကြံသူသည် ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ခြေထောက်များလောက်ပင် မြင့်မားခြင်း မရှိပေ။
သူက တစ်စုံတစ်ရာ ပြောလိုက်သည်နှင့်အမျှ ကြေးခွံနက် မိစ္ဆာဝံပုလွေက အစိမ်းရောင်ဝတ် ကျင့်ကြံသူကို တစ်ကိုက်တည်းဖြင့် ဝါးမျိုပစ်နိုင်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကြေးချပ်ဝတ်ကျင့်ကြံသူသည် ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ကျောပေါ်မှာ ထိုင်နေပြီး ထိုသတ္တဝါ၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုက ပျောက်ကွယ်သွားသည်ကို သူက သတိမထားမိပေ။
ထိုအစား.. အဆင့်လေး မဟူရာသားရဲသည် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား ဆူဇီမိုကို တွေဝေရှုပ်ထွေးသော.. ရှောင်လွှဲလိုသော အမူအရာဖြင့် ကြည့်နေ၏။
“ဘာရယ်မဟုတ်ပါဘူး”
ဆူဇီမိုက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့တွေ အားလုံးပဲ.. အင်မော်တယ်ဆေးပင်တွေကို ယူပြီးရင် ထွက်သွားကြတော့.. ဘယ်သူ့ကိုမှ သတ်စရာမလိုဘူး”
“ဘာဖြစ်တယ်”
ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသည့်အလား.. ကြေးချပ်ဝတ်ကျင့်ကြံသူက နတ်ဆိုးဝံပုလွေစစ်တပ်မှ အခြားသော ကျင့်ကြံသူများကို လှည့်ကြည့်လိုက်၏။
နတ်ဆိုးဝံပုလွေတပ်သားများစွာက အကြည့်ချင်း ဖလှယ်ပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြ၏။
“သူက ရူးနေတာလား.. အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်က ငါတို့ရဲ့ ခေါင်းဆောင်ကို ဒီလိုလေသံနဲ့ ဘယ်လိုတောင် ပြောရဲတာလဲ”
“သူက အရင်ဆုံး ဦးဦးဖျားဖျား သေချင်လို့လည်း ဖြစ်မှာပေါ့”
ကြေးချပ်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို ပြုံးကြည့်ပြီး မေးလိုက်၏။
“ငါ မင်းတို့အားလုံးကို သတ်ချင်တယ်.. မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ”
“မင်းကို သတ်ရမှာပေါ့”
ရုတ်တရက် ဆူဇီမိုက စကားတစ်ခွန်းသာ ပြောလိုက်လေသည်။
ထိုသို့ သူပြောလိုက်သည့် အချိန်မှာပင် သူက နေရာကနေ ပျောက်ကွယ်သွားပြီဖြစ်ပြီး ကောင်းကင်ဘုံခြေလှမ်း၊ ကန့်သတ်မဲ့ရွှေအလင်းနှင့် အခြားသော သာမန်နတ်ဘုရားစွမ်းအားများစွာကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။
ချက်ချင်းနီးပါးပင် ဆူဇီမိုသည် ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ကျောပေါ်သို့ ရောက်ရှိလာခဲ့၏။
အဲဒါက အရမ်းကို မြန်ဆန်လွန်း၏။
ဆူဇီမို၏ ပြုမူလှုပ်ရှားမှုသည် လူတိုင်း၏ စဉ်းစားတွေးတောနိုင်စွမ်းထက် ကျော်လွန်နေလေသည်။
မည်သူကမှ အဲဒါကို မတုံ့ပြန်နိုင်ကြပေ။
“မင်း…”
ကြေးချပ်ဝတ်ကျင့်ကြံသူသည် ဘာပဲပြောပြော အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သွားသောအခါ.. သူ၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွား၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ရှောင်တိမ်းဖို့နေနေသာ.. မည်သည့် နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ဖို့ပင် အခွင့်အရေးမရတော့ပေ။
ကြေးချပ်ဝတ်ကျင့်ကြံသူသည် သူ့လက်ထဲရှိ လှံပုဆိန်ကိုသာ အလိုလိုလွှဲယမ်းပြီး ဝင်ရောက်လာသော အစိမ်းရောင်ပုံရိပ်ထံသို့ ပစ်ထိုးလိုက်လေသည်။
အချိန်က အရမ်းကို တိုတောင်းပြီး ကြေးချပ်ဝတ်ကျင့်ကြံသူသည် ထိုပစ်ထိုးချက်မှာ သူ၏ ခွန်အားအပြည့်အဝကိုပင် မထုတ်ဖော်နိုင်ခဲ့ပေ။
သို့သော်လည်း ဆူဇီမိုသည် ဤကဲ့သို့ ပြုမူလှုပ်ရှားလာမည်ကို ကြိုတင်တွက်ချက်ပြီးသား ဖြစ်၏။ သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ဖျတ်ခနဲဆို ကြေးချပ်ဝတ်ကျင့်ကြံသူ၏ လှံပုဆိန်ပြားကို ဆုပ်ကိုင်ကာ ရှေ့သို့ ဆောင့်တွန်းချလိုက်၏။
သူ့လက်ထဲရှိ လှံပုဆိန်ကို ထိန်းမထားနိုင်တော့ဘဲ ၎င်းသည် ကြေးချပ်ဝတ်ကျင့်ကြံသူ၏ လက်ထဲကနေ ချက်ချင်းပင် လျှောထွက်သွား၏။
ဖောက်…
နောက်ခဏ၌ သွေးရောင်က ဖြာလက်သွား၏။
ကြေးချပ်ဝတ်ကျင့်ကြံသူသည် သူ၏ ရင်ဘတ်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားလေသည်။
နှင်းလေတောင်ကြောရိုးမှ လူတိုင်းကလည်း တုန်လှုပ်သွားကြ၏။
ထိုတိုက်ခိုက်မှုနှင့်အတူ ဆူဇီမိုသည် လှံပုဆိန်၏ အနှောင့်ကို သုံးကာ ကြေးချပ်ဝတ်ကျင့်ကြံသူ၏ ချပ်ဝတ်တန်ဆာနှင့် အသွေးအသားကို ထိုးဖောက်ခဲ့လေသည်။
သွေးများစိုနေသော လှံပုဆိန် အရိုးတစ်ပိုင်းက ကြေးချပ်ဝတ်ကျင့်ကြံသူ၏ နောက်ကျောကနေ ပြူထွက်လာပြီး တုန်လှုပ်စရာကောင်းနေ၏။
သူက ထိုသို့ပြုလုပ်ဖို့အတွက် ဘယ်လောက်တောင် သန်မာနေတာလဲ။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ‘မင်းကို သတ်ရမှာပေါ့’ ဟူသော သူ၏ စကားကို ပြောပြီးရုံသာ ရှိလေသည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. ဆူဇီမိုက ထိုစကားကို ပြောလိုက်သည့် ခဏမှာပင် ကြေးချပ်ဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်သွားခဲ့လေပြီ။
မဟူရာအင်မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်အတွက် အဲဒါသည် သေစေနိုင်သော ထိခိုက်ဒဏ်ရာတစ်ခု ဖြစ်လေသည်။
ကြေးချပ်ဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက အလျင်အမြန် ဆုတ်ယုတ်လာခဲ့၏။
ကြေးချပ်ဝတ်ကျင့်ကြံသူက အနည်းငယ် မှင်တက်သွားပြီးနောက် အလျင်အမြန် တုံ့ပြန်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးချင်လေသည်။
သို့သော်လည်း သူက နောက်ကျသွားဆဲဖြစ်၏။
ဆူဇီမိုသည် သူ၏ လှံပုဆိန်ဖြင့် သူ့ကို ထိုးဖောက်ပြီးနောက်.. သူ၏ လက်ညိုးကို ဆန့်ထုတ်ကာ ကြေးချပ်ဝတ်ကျင့်ကြံသူ၏ နှာရောင်ကို ညင်သာစွာ ထိုးဖောက်လိုက်လေသည်။
ဖောက်..
ကြေးချပ်ဝတ်ကျင့်ကြံသူ၏ မာကြောသော နဖူးပေါ်တွင် သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ပျက်စီးသွားလေသည်။
ဖြစ်စဉ်တစ်ခုလုံးက အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်ခဲ့၏။
အဲဒါသည် ကြေးချပ်ဝတ်ကျင့်ကြံသူက အားနည်းလွန်းသောကြောင့် မဟုတ်ဘဲ သူက အငိုက်မိသွားသောကြောင့် ဖြစ်၏။
အောက်ဘုံမှာဆိုလျှင် ကျင့်ကြံသူများအနေဖြင့် သူတို့၏ အဆင့်ထက် ကျော်လွန်၍ စိန်ခေါ်သတ်ဖြတ်တတ်ကြသည်က ဖြစ်လေ့ဖြစ်ထ ရှိလေသည်။
ထိုသူများသည်လည်း အောက်ဘုံကနေ တက်လှမ်းလာကြပြီး ဤကဲ့သို့သော နည်းလမ်းများမှာ ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။
သို့သော်လည်း အထက်ဘုံ၌ နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် အဆင့်တစ်ဆင့် ကွာဟမှုက ကမ္ဘာတစ်ခု ကွာခြားလေသည်။
ဒါ့အပြင်.. လူတိုင်းသည် အောက်ဘုံမှ တက်လှမ်းလာကြသူများဖြစ်ပြီး ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ ဖြစ်ခဲ့ကြဖူးလေသည်။ သူတို့ကြားမှာ ကွာဟချက် ဘယ်လောက်များများ ရှိနိုင်မှာလဲ။
ဒါ့အပြင် ဆူဇီမိုက သူ့ထက် ကျင့်ကြံမှုအဆင့်တစ်ခုလုံးလုံး နိမ့်ကျနေလေသည်။
သူတို့နှစ်ယောက်စလုံးသည် အောက်ဘုံကနေ တက်လှမ်းလာကြသော်လည်း သူနှင့် ဆူဇီမိုကြားမှာ အလွန်ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေသည်ကို ကြေးချပ်ဝတ်ကျင့်ကြံသူက ကံဆိုးစွာဖြင့် မသိရှိခဲ့ပေ။
သူက ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှာ တစ်ခုကိုသာ ဖြတ်ကျော်လာခဲ့သော်လည်း ဆူဇီမိုသည် ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်လာခဲ့လေသည်။ ပို၍အရေးကြီးသည်မှာ ဆူဇီမို၏ အသွေးအသားသည် လောကမှာ တစ်ခုတည်းရှိသည့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး အဲဒါက အဆင့်ကိုးအထိ ကြီးပြင်းလာခဲ့လေပြီ။
ကြေးချပ်ဝတ်ကျင့်ကြံသူက သတိရှိနေမည်ဆိုလျှင်တောင် သူသည် ဆူဇီမို၏ သတ်ဖြတ်ခြင်း နည်းလမ်းများကနေ လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
“အား..”
ဤမြင်ကွင်းက အားလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
နှင်းလေတောင်ကြောရိုးမှ လူများသာမက… ဝိုင်းပတ်ထားသော နတ်ဆိုးဝံပုလွေတပ်ဖွဲ့ပင်လျှင် ငေးမောမှင်တက်သွားလေသည်။
သေလေပြီ..။
သူတို့တပ်ဖွဲ့၏ ခေါင်းဆောင် အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်က ယုတ္တိမတန်ဘဲ သေဆုံးသွားရလေသည်။
သူသည် အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်၏ လက်ထဲမှာ သေဆုံးခဲ့ရခြင်း ဖြစ်၏။
ရှချင်းယင်ကလည်း တုန်လှုပ်နေ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမို ပြသလိုက်သော ရက်စက်ပြတ်သားမှုသည် သူ၏ စာပေသမားတစ်ယောက်၏ သွင်ပြင်ဟန်ပန်နှင့် လုံးဝကို ကွဲပြားခြားနားနေ၏။
“ဝူး…”
ကြေးချပ်ဝတ်ကျင့်ကြံသူ၏ အစီးနင်းတောကောင် ကြေးခွံနက် မိစ္ဆာဝံပုလွေက အဲဒါကို အာရုံခံမိသောအခါ ဟိန်းဟောက်လိုက်လေသည်။
ကြေးခွံနက် မိစ္ဆာဝံပုလွေက အပေါ်သို့ ခုန်တက်ပြီး ဆူဇီမိုကို သူ၏ ကျောပေါ်ကနေ ခါချပစ်ချင်၏။
“ဟမ့်”
ဆူဇီမိုက ကြေးခွံနက် မိစ္ဆာဝံပုလွေပေါ်မှာ မလှုပ်မယှက်ထိုင်နေပြီး ရုတ်တရက် သူ၏ ခွန်အားကို အောက်သို့ ဖိချလိုက်၏။
“ဝူး..”
ကြေးခွံနက် မိစ္ဆာဝံပုလွေက စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
လူတိုင်း၏ ရှေ့မှောက်မှာပင် ကြီးမားသော ကြေးခွံနက် မိစ္ဆာဝံပုလွေသည် ဆူဇီမို၏ ဖိချခြင်းကို ခံလိုက်ရ၏။
ဖျောက်..ဖျောက်.. ဖျောက်..
အရိုးများ ကျိုးပဲ့သံကို ကြားလိုက်ကြရလေသည်။
ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ကျောရိုးက ဆူဇီမို ထုတ်ဖော်လိုက်သော ကြောက်စရာကောင်းသော စွမ်းအားဖြင့် သွင်သွင်ကျိုးသွား၏။
ဘုန်း..
ကြေးခွံနက် မိစ္ဆာဝံပုလွေသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး မတ်တတ်မရပ်နိုင်တော့ဘဲ ဖုန်များက တထောင်းထောင်းထလာ၏။
ဆူဇီမိုက ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ဦးခေါင်းကို သူ၏ လက်ဖဝါးဖြင့် ထောက်ပြီး ညင်သာစွာ ဆင်းသက်လိုက်၏။
သာမန်ကာလျှံကာဖြစ်သော ထိုလက်ဝါးရိုက်ချက်သည် ကြေးခွံနက် မိစ္ဆာဝံပုလွေ၏ ဦးခေါင်းကို ကြေမွသွားစေပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပင် မလွတ်မြောက်နိုင်ခဲ့ပေ။
“သတ်”
အခြားသော နတ်ဆိုးဝံပုလွေတပ်သားများက တုံ့ပြန်လာနိုင်ကြပြီး အော်ဟစ်လိုက်ကြ၏။
ဆူဇီမိုသည် အမိန့်ပေးလိုက်သော အဆင့်လေး မဟူရာအင်မော်တယ်ကို စိုက်ကြည့်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ ဖျတ်ခနဲဆို သူက နေရာကနေ ပျောက်ကွယ်သွားပြီး ထိုသူ၏ ရှေ့သို့ ရောက်ရှိလာကာ အော်ပြောလိုက်လေသည်။
“ငြိမ်သက်စမ်း”
ထိုသူက သူ၏ ဓမ္မရတနာကို ဆင့်ခေါ်ထုတ်ပြီး ဆူဇီမိုထံသို့ ပစ်ထုတ်တော့မည့်ဆဲဆဲမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်ဟု ခံစားလိုက်ရပြီး သူက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သာမန်နတ်ဘုရားစွမ်းအား.. ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်…။