ချန်ရွှမ်ယန်
Vol. 121 Ch. 1807
ရှချင်းယင်သည် လျန့်ချိုးကို အေးစက်စွာစိုက်ကြည့်ပြီး သူ့ကိုလျစ်လျုရှုလိုက်၏။
သူမသည် လျန့်ချိုး၏ စောစောက သတ္တိကြောင်မှုအပေါ် ထင်မြင်ချက်တချို့ရှိလာခဲ့လေသည်။
လျန့်ချိုးသည် အရည်အချင်းရှိပြီး သူ၏ ကျင့်ကြံမှုအဆင့်က အလျင်အမြန်တိုးတက်လာကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို နှင်းလေတောင်ကြောရိုး၏ အကြီးအကဲများထဲမှတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း သူ၏ ရဲစွမ်းသတ္တိက သူ့အနေဖြင့် နှင်းလေတောင်ကြောရိုး၏ ခေါင်းဆောင်တပ်မှူးဖြစ်ဖို့ တကယ်ပင်သင့်လျော်မှုမရှိပေ။
အနည်းဆုံးတော့ ထိုအချိုးအစားမှာ ဆူဇီမိုက လျန့်ချိုးထက် များစွာပိုမိုသန်မာလေသည်။
ရှချင်းယင်က အဲ့ဒါကိုထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူမ၏ စိတ်ထဲမှာ အစီအစဥ်တစ်ခုရှိသွားခဲ့လေပြီ။
နှင်းလေတောင်ကြောရိုးသို့ ပြန်ရောက်သည့်အခါ သူမသည် လျန့်ချိုးကို ခေါင်းဆောင်တပ်မှူးဟူသော သူ၏ နေရာကနေ ဖယ်ရှားရပေလိမ့်မည်။ ရှချင်းယင်၏ အေးစက်စက်တုံ့ပြန်မှုကိုတွေ့မြင်ရပြီးနောက် သူမသည် သူ့အပေါ် ထင်မြင်ချက်မကောင်းတော့သည်ကို လျန့်ချိုးက ခန့်မှန်းမိသွားပြီဖြစ်၏။
“သခင်မ... ကျုပ်တို့အခု ဘာလုပ်ရမလဲ”
နှင်းလေတောင်ကြောရိုး၏ အစောင့်စစ်သားတစ်ယောက်က ရှေ့သို့တက်လှမ်းလာပြီးမေးလိုက်၏။
“တိုက်ပွဲမြေပြင်ကိုရှင်းလင်းလိုက်ကြ... ပြီးရင် နှင်းလေတောင်ကြောရိုးကို ချက်ချင်းပြန်ကြမယ်”
ရှချင်းယင်က သူမ၏ လက်ကိုဝေ့ယမ်းပြီး အမိန့်ပေးလိုက်၏။
နှင်းလေတောင်ကြောရိုးမှ ကျင့်ကြံသူများစွာသည် နာခံလိုက်ကြပြီး တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းလိုက်ကြ၏။
ဤတိုက်ပွဲမှာ နှင်းလေတောင်ကြောရိုးမှ မည်သည့်ကျင့်ကြံသူကမှ မသေဆုံးခဲ့ကြပေ။
အလွန်ဆုံးမှ သူတို့က ဒဏ်ရာအနည်းငယ် ရရှိခဲ့ရုံသာဖြစ်၏။
သူတို့ တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လာသည့်ခဏမှာပင် နတ်ဆိုးဝံပုလွေစစ်တပ်က ရှုံးနိမ့်မှုဖြင့် ထွက်ပြေးကုန်ကြပြီဖြစ်၏။
ဤခရီးစဥ်မှာ ဆူဇီမိုသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ စုစုပေါင်း တပ်သား ၅၂ယောက်ကို သတ်ဖြတ်ခဲ့လေသည်။
သူတို့ကြားမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်နှင့် အဆင့်-၄ မဟူရာအင်မော်တယ် ၁၃ယောက် ပါဝင်လေသည်။ အဆင့်-၃ မဟူရာအင်မော်တယ်များက ပိုလို့ပင် များပြားလေသည်။
နှင်းလေတောင်ကြောရိုး အစောင့်စစ်သားများစွာက နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဓမ္မရတနာများနှင့် သိုလှောင်အိတ်များကို စုဆောင်းပြီး ရှချင်းယင်ကို ကမ်းပေးလိုက်၏။
ထိုပစ္စည်းများက နှင်းလေတောင်ကြောရိုးအတွက် အတော်လေးအဖိုးတန်လေသည်။
နှင်းလေတောင်ကြောရိုးမှ မဟူရာအင်မော်တယ်အများစုတွင် မဟူရာအဆင့် ဓမ္မရတနာများပင် မရှိကြသေးပေ။
ဒုန်း... ဒုန်း.... ဒုန်း...
ထိုစဥ်မှာပင် မြေပြင်က နောက်တစ်ဖန် ပြင်းထန်စွာ လှုပ်ခါသွားပြီး အဝေးတစ်နေရာမှာ ဖုန်များက တထောင်းထောင်းထလာ၏။ နောက်ထပ်စစ်တပ်တစ်တပ်က ချီတက်လာနေလေသည်။
“အခြေအနေမကောင်းတော့ဘူး”
လျန့်ချိုး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံအားတသင့်ရေရွတ်လိုက်၏။
“အဲ့ဒါက လက်စားချေဖို့ရောက်လာတဲ့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ပင်မအင်အားဖြစ်မယ်... ငါသိပြီ ဆူဇီမိုက ငါတို့အတွက် ပြဿနာကြီးကြီးရှာပေးခဲ့တာပဲ... ငါတို့ကတော့ သွားပါပြီ”
နှင်းလေတောင်ကြောရိုးမှ အခြားသောအစောင့်စစ်သားများက ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာများကလည်း ကြောက်ရွံ့မှုဖြင့် ဖြူဖျော့သွားလေသည်။
သို့သော်လည်း ရှချင်းယင်သည် အကဲဖြတ်ဖို့အတွက် အလောတကြီးရှိမနေပေ။
“ငါသိပြီ... သူက ထွက်ပြေးသွားတဲ့ နတ်ဆိုးဝံပုလွေတပ်သားတွေနောက်ကို လိုက်သွားတာမဟုတ်ဘူး... သူက ကိုယ်လွတ်ရုန်းပြေးသွားတာပဲ”
လျန့်ချိုးက မုန်းတီးစွာပြောလိုက်၏။
“သူက ပြဿနာကောင်ဆိုတာ ငါသိသားပဲ... သူကတော့ ကိုယ်လွတ်ရုန်းပြေးပြီး ငါတို့ နှင်းလေတောင်ကြောရိုးကလူတွေကို ထိုးကျွေးခဲ့တာပဲ”
“ခေါင်းဆောင်တပ်မှူးလျန့်ပြောတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
“အမှန်ပဲ... ဘာပဲဖြစ်ဖြစ် ဆူဇီမိုက တက်လှမ်းလာတာတစ်နှစ်ပဲရှိသေးတယ်... ငါတို့နှင်းလေတောင်ကြောရိုးအပေါ် ခံစားချက်များများစားစား မရှိလောက်ဘူး... သူ့အနေနဲ့ ဒီလိုမျိုးလုပ်သွားမယ်ဆိုရင် ဖြစ်နိုင်တယ်”
“စောစောကတင် ဆူဇီမိုက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နောက်ကို မဖြစ်နိုင်ဘဲ ဘာလို့ပြေးလိုက်သွားတာလဲလို့ ငါကစဥ်းစားနေတာ... အခုမှပဲ ဘာလို့လဲဆိုတာ သိရတော့တယ်”
လျန့်ချိုး၏ စကားများကို ကြားရပြီးနောက် များစွာသော နှင်းလေတောင်ကြောရိုးအစောင့်စစ်သားများက စိတ်ယိမ်းယိုင်သွားကြလေသည်။
“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့”
ရှချင်းယင်က အော်ငေါက်လိုက်ပြီး ဖုန်များတထောင်းထောင်းထလာရာဘက်သို့ ကြည့်လိုက်လေသည်။
“အဲ့ဒီလူတွေက နတ်ဆိုးဝံပုလွေစစ်တပ်က လာတာမဟုတ်လောက်ဘူး... အားလုံးပဲ ထိတ်လန့်တကြားဖြစ်မနေကြနဲ့”
ဤနေရာတွင် နတ်ဆိုးဝံပုလွေစစ်တပ်၏ အဖွဲ့ခွဲငယ်တစ်ခုက ပေါ်ထွက်လာသည်ကပင် ထူးဆန်းနေခဲ့ပြီဖြစ်၏။ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ပင်မအင်အားစုက ဤနေရာမှာ ဘာကြောင့်ပေါ်ထွက်လာရမှာလဲ။
ဒါ့အပြင် နတ်ဆိုးဝံပုလွေစစ်တပ်က လက်စားချေချင်သည်ဆိုလျှင်တောင် သူတို့က ဤမျှထိမြန်မြန်ဆန်ဆန်ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့ ထွက်ခွာသွားသည့်ခဏမှာပင် ဤစစ်တပ်က ပေါ်ထွက်လာခြင်းဖြစ်၏။
ဒါ့အပြင် ထိုစစ်တပ်လာရာဘက်သည် သွေးသူရိယတောင်ကြားဘက်မှဖြစ်လေသည်။ ရှချင်းယင်သည် ခန့်မှန်းချက်တစ်ခုကို ရရှိလာခဲ့ပြီဖြစ်၏။
သိပ်မကြာခင် လူတိုင်းသည် တလူလူလွှင့်ထူလာသော အလံများကိုတွေ့မြင်လိုက်ရ၏။
“ထင်ထားတဲ့အတိုင်းပဲ”
ရှချင်းယင်က ခေါင်းညိတ်လိုက်၏။
ထိုအလံက အနက်ရောင်ဖြစ်ပြီး အလယ်မှာ သွေးနီရောင်နေတစ်စင်းကို ဆေးမင်ကြောင်ထိုးထားလေသည်။ အဲ့ဒါက သွေးသူရိယတောင်ကြား၏ ကိုယ်စားပြုအလံဖြစ်လေသည်။
နှင်းလေတောင်ကြောရိုးမှ အစောင့်စစ်သားများစွာက ထိုအလံကိုတွေ့မြင်သောအခါ စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။
လျန့်ချိုးက စောစောက သူပြောခဲ့သည့်စကားကို မေ့လျော့သွားပုံရပြီး ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြောလိုက်လေသည်။
“တော်သေးတာပေါ့... ငါထင်နေတာ မဟုတ်လို့”
သိပ်မကြာခင် ထိုစစ်တပ်က နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။
တစ်ချက်ကြည့်ရုံနှင့် သူတို့က အယောက်တစ်ထောင်ကျော်ရှိပြီး စစ်လက်နက်များကို အပြည့်အဝတပ်ဆင်ထားလေသည်။
သူတို့၏ ခေါင်းဆောင်က ငွေဖြူရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူငယ်အမျိုးသားတစ်ယောက်ဖြစ်လေသည်။ သူက သူ့လက်ထဲမှာ ငွေလှံတစ်လက်ကို ကိုင်ဆွဲထားပြီး သူ၏ အနက်ရောင်ဆံပင်ကို စုချည်ထားလေသည်။ သူ၏ မျက်နှာက ပါးလွှာပြီး သူ၏ မျက်လုံးများက ကျဥ်းမြောင်းကာ မကောင်းဆိုးဝါးဆန်သော ခံစားချက်တစ်ခုကို ထုတ်ဖော်ပေးနေ၏။
“အဲ့ဒါက သွေးသူရိယတောင်ကြားရဲ့သခင်လေး ချန်ရွှမ်ယန်ပဲ... သူက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်”
လျန့်ချိုးက ထိုလူကို တွေ့မြင်သောအခါ ခပ်တိုးတိုးပြောလိုက်လေသည်။
နှင်းလေတောင်ကြောရိုးမှ အစောင့်စစ်သားအချို့သည် ဤလူကို ပထမဆုံးအကြိမ်တွေ့မြင်ရခြင်းဖြစ်ပြီး သူတို့က အံ့အားသင့်မှုနှင့် အထင်ကြီးလေးစားမှုအရိပ်အယောင်များကို ထုတ်ဖော်ပြသလိုက်ကြ၏။
အဆင့်-၆ မဟူရာအင်မော်တယ်...။
နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်ပင်လျှင် အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်သာ ဖြစ်လေသည်။
သွေးသူရိယတောင်ကြား၏ တောင်ကြားသခင်က အဆင့်-၈ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်ဟု ဆိုလေသည်။
ချန်ရွှမ်ယန်သည် သူ၏ စစ်တပ်ကို ဤနေရာသို့ ဦးဆောင်လာပြီး သူ့မျက်လုံးထဲရှိ အေးစက်စက်အလင်းနှင့်အတူ မလှမ်းမကမ်းမှာ အတုံးအရုံးလဲကျနေသော နတ်ဆိုးဝံပုလွေစစ်တပ်မှ အလောင်းများကို ကြည့်လိုက်လေသည်။
“သခင်လေးချန်... ရှင်ဘာလို့ ဒီကိုရောက်လာတာလဲ”
ရှချင်းယင်က လက်သီးနှစ်ဖက်ယှက်၍ သူ့ကိုကြိုဆိုနှုတ်ဆက်လိုက်၏။
ချန်ရွှမ်ယန်က ရှချင်းယင်ကို တောက်ပသောအကြည့်နှင့်အတူ ပြုံးပြလိုက်၏။
“ရှင်းယင်... ငါတို့ကြားမှာ ဒီလောက်ထိစိမ်းသက်စရာမလိုဘူးလို့ ငါနင့်ကိုပြောခဲ့ပြီးပြီပဲ.... ငါ့ကို ရွှမ်ယွမ်လို့သာခေါ်စမ်းပါ”
သွေးသူရိယတောင်ကြား၏ သခင်လေးသည် ရှချင်းယင်ကိုကြည့်သည့်ပုံက အနည်းငယ်ထူးခြားနေသည်ကို အစောင့်စစ်သားများစွာက ပြောနိုင်ကြလေသည်။
သွေးသူရိယတောင်ကြား၏ ဤသခင်လေးသည် သူတို့၏ သခင်မလေးအပေါ် ခံစားချက်တချို့ရှိနေသည်ဟု ကောလာဟလများထွက်လာခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း မည်သူကမှ အဲ့ဒါကို သေချာမသိကြပေ။
“အမ်...”
ရှချင်းယင်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ရွှမ်ယွမ်...”
“အင်း.. ဒီလိုမှပေါ့”
ချန်ရွှမ်ယန်က ခေါင်းညိတ်ပြလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သွေးသူရိယတောင်ကြားရဲ့ ပိုင်နက်နယ်မြေထဲမှာ ပေါ်ထွက်လာတယ်လို့ မကြာသေးခင်ကမှ ငါ့ရဲ့လက်အောက်ငယ်သားတစ်ယောက်က သတင်းပေးပို့ထားတာ”
“ဒီနေ့က နှင်းလေတောင်ကြောရိုးက အမြုတေစုဖွဲ့ဆေးလုံးတွေကို လဲယူဖို့အတွက် သွေးသူရိယတောင်ကြားကို လာမယ့်နေ့ပဲ... အဲ့ဒါကြောင့် ငါကမင်းတို့တွေ တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ ကိုယ်တိုင်ကြိုဆိုဖို့ ရောက်လာခဲ့တာ... အခုတော့ ငါက ခြေတစ်လှမ်းနောက်ကျသွားသေးတာပဲ”
ထိုနေရာအရောက်တွင် ချန်ရွှမ်ယန်က အေးစက်နေသောအမူအရာတစ်ခုနှင့်အတူ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ အလောင်းများစွာကို ကြည့်လိုက်၏။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ထူးဆန်းသည့်အကြည့်တစ်ခုရှိနေ၏။
“ဟမ်... နတ်ဆိုးဝံပုလွေတပ်ဖွဲ့က မင်းတို့တွေကို တကယ်ပဲ ပစ်မှတ်ထားခဲ့တာပဲ”
မြင်းတစ်ကောင်ပေါ်မှာစီးနင်းရင်း ချန်ရွှမ်ယန်က ရှချင်းယင်ရှေ့သို့ ဖြည်းဖြည်းချင်းရောက်ရှိလာကာ စိုးရိမ်ပူပန်သောအမူအရာဖြင့် မေးလိုက်၏။
“ချင်းယင်... နင် ဘာဖြစ်သွားသေးလဲ”
“ကျွန်မအဆင်ပြေပါတယ်”
ရှချင်းယင်က သူမ၏ ခေါင်းကို ခါပြလိုက်၏။
“ဒီတစ်ခေါက်... နှင်းလေတောင်ကြောရိုးရဲ့ အစောင့်စစ်သားတွေကလည်း အဆင်ပြေကြပါတယ်... ပျက်စီးထိခိုက်မှုမရှိကြဘူး”
“အို...”
ချန်ရွှမ်ယန်က အံအားသင့်သွားဟန်ဖြင့် မေးလိုက်လေသည်။
“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ကြမ်းကြုတ်ပြီးတော့ သွေးဆာရက်စက်ကြတယ်... ဒါပေမဲ့ မင်းတို့တွေက သူတို့ထဲက အတော်များများကိုတောင် သတ်ဖြတ်လိုက်နိုင်သေးတယ် တော်တော့ကိုအထင်ကြီးစရာပဲ”
ချန်ရွှမ်ယန်၏ အကြည့်က နှင်းလေတောင်ကြောရိုးမှလူတိုင်းအပေါ် ဖြတ်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“ထူးဆန်းတယ်... ဒီခရီးစဥ်မှာ မင်းတို့တွေထဲ အသန်မာဆုံးက အဆင့်-၄ မဟူရာအင်မော်တယ် ဖြစ်တဲ့ မင်းနဲ့ ဒီခေါင်းဆောင်တပ်မှူးပဲ... မင်းတို့တွေက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာလဲ”
ချန်ရွှမ်ယန်က ထပ်မံ၍ မေးလိုက်၏။
ရှချင်းယင်က ပြန်ဖြေတော့မည့်ဆဲဆဲမှာပင် သူမက ရင်တစ်ချက်ထိတ်သွားပြီး ပြန်မေးလိုက်လေသည်။
“သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဆိုတာ ရှင်ဘယ်လိုသိတာလဲ”
ကျင့်ကြံသူတစ်ယောက်က အသက်ရှိနေမည်ဆိုလျှင် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ပင် တစ်ဘက်လူ၏ ကျင့်ကြံမှုအဆင့်ကို ထောက်လှမ်းနိုင်လေသည်။
သို့သော်လည်း သေဆုံးသွားသောလူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို အတိအကျပြောနိုင်ဖို့က ခက်ခဲလေသည်။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ခေါင်းဆောင်က အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သည်ဟု ချန်ရွှမ်ယန်က အတိအကျပြောနိုင်သည်မှာ တကယ့်ကိုထူးဆန်းလေသည်။