← Chapters

ခြေရာကောက်ခြင်း

Vol. 121 Ch. 1808

ခြေရာကောက်ခြင်း

Vol. 121 Ch. 1808

ချန်ရွှမ်ယန်က အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ သဘာဝဆန်ဆန်ပင် ရှင်းပြလိုက်၏။

“ဒီအရင်မတိုင်ခင်က သွေးသူရိယတောင်ကြားက အစောင့်စစ်သားတွေက နတ်ဆိုးဝံပုလွေတပ်ဖွဲ့က လူတွေနဲ့ တိုက်ခိုက်ခဲ့ကြသေးတယ်... ငါတို့ရဲ့ လူတချို့ကိုတောင် ဆုံးရှုံးခဲ့ရတယ်”

“ကျန်တဲ့သူတွေက သွေးသူရိယတောင်ကြားကို ပြန်ရောက်လာပြီး အဲ့ဒီနတ်ဆိုးဝံပုလွေစစ်တပ်မှာ အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ပါတယ်လို့ ငါ့ကိုပြောခဲ့တယ်”

“အော်... အဲ့လိုကိုး”

ရှချင်းယင်၏ အမူအရာက ပျော့ပြောင်းသွားပြီး သူမက ခေါင်းညိတ်ပြလိုက်၏။

စောစောက သူမ၏ စိတ်ထဲသို့ အလွန်တရာကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခု ဖျတ်ခနဲဝင်ရောက်လာခဲ့၏။ သို့သော် အဲ့ဒါက သူမအတွေးလွန်နေခြင်းဖြစ်ခဲ့သည့်ပုံပင်။

“ချင်းယင်”

ချန်ရွှမ်ယန်သည် ရှချင်းယင်မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ သူကပြုံး၍ အော်ခေါ်လိုက်၏။

“ငါမေးတဲ့မေးခွန်းကို မင်းမဖြေရသေးဘူးနော်”

“ငါသိရသလောက်ဆို... ဒီနတ်ဆိုးဝံပုလွေတပ်ဖွဲ့မှာ လူလေးငါးရာလောက်ပါတယ်... အရေအတွက်မှာပဲဖြစ်ဖြစ် တိုက်ခိုက်ရည်ခွန်အားမှာပဲဖြစ်ဖြစ် သူတို့က မင်းတို့တွေထက် အပြတ်အသတ်သာလွန်နေတာပဲ... ဘယ်လိုလုပ်ပြီး...”

သူ့ရှေ့ရှိမြင်ကွင်းက တကယ်ပင်မစဥ်းစားတတ်အောင်ရှိလေသည်။

တိုက်ပွဲမြေပြင်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ အလောင်းများစွာက လဲကျနေလေသည်။ သို့သော်လည်း နှင်းလေတောင်ကြောရိုးမှ လူတိုင်းက ထိခိုက်ဒဏ်ရာရရှိမှု မရှိသလောက်နီးပါးပင်။

ရှင်ချင်းယင်က ပြောလိုက်၏။

“ကျွန်မရဲ့ သက်တော်စောင့်ထဲကတစ်ယောက်က နတ်ဆိုးဝံပုလွေတပ်ဖွဲ့က အဲ့ဒီဓားပြတွေကို တိုက်ခိုက်သတ်ဖြတ်ခဲ့တာ... နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို ပြန်ပြီးတိုက်ခိုက်ဖို့အတွက် သူကပဲ ဦးဆောင်ခဲ့တာ”

“အို....”

ချန်ရွှမ်ယန်၏ မျက်လုံးက ဝင်းလက်သွားပြီး မေးလိုက်လေသည်။

“မင်းရဲ့သက်တော်စောင့်လား... ငါသူ့ကို ဘာလို့မကြားဖူးရတာလဲ... သူ့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ... မဟူရာအင်မော်တယ် အဆင့်-၅ လား ဒါမှမဟုတ် အဆင့်-၆ လား”

ချန်ရွှမ်ယန်၏ မေးခွန်းများက ဆက်တိုက်ထွက်ပေါ်လာ၏။

ရှချင်းယင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

ထိုစဥ်မှာပင် လျန့်ချိုးက ဘေးကနေ ဝင်ရောက်ပြောဆိုလိုက်လေသည်။

“သခင်လေးချန်... ခင်ဗျားကသူ့ကို ပိုတွက်နေတာပဲ... သူက ဘာမှမဟုတ်ဘူး... အဆင့်-၄ မဟူရာအင်မော်တယ် တစ်ယောက်ပဲ”

“အဆင့်-၄ မဟူရာအင်မော်တယ်လား”

ချန်ရွှမ်ယန်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်က ​ဖျတ်ခနဲလက်သွား၏။

ဤလူက အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်သာဆိုလျှင် သူက ဤလူကိုပိုတွက်နေခြင်း မဟုတ်ပေ။ သူက အမှန်တကယ်ပင် ဤလူကို လျှော့တွက်ခဲ့မိခြင်းဖြစ်လေသည်။

ချန်ရွှမ်ယန်က လျန်ချိုးကို အလေးအနက်ကြည့်လိုက်၏။

လျန်ချိုး၏ လေသံတွင် စိတ်အလိုမကျမှုနှင့် မနာလိုမှုကို သူက သတိထားမိလေသည်။

ချန်ရွှမ်ယန်က လျန့်ချိုးဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးလျန့်... ဒီတစ်ခေါက် နှင်းလေတောင်ကြောရိုးက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို အနိုင်ယူခဲ့ရာမှာ ခင်ဗျားကလည်း အရေးပါတဲ့နေရာတစ်ခုကနေ ပါဝင်ခဲ့မှာပဲ”

“မဟုတ်...မဟုတ်တာ...”

လျန့်ချိုးက ဘဝင်လေဟပ်သွားပြီး အလောတကြီး ပြန်ဖြေလိုက်၏။

ချန်ရွှမ်ယန်က သွေးသူရိယတောင်ကြား၏ သခင်လေးဖြစ်နေသည့်အချက်ကိုအသာထား အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်က သူ့ကို ဤကဲ့သို့ ချီးကျူးပြောဆိုသည်ကပင် ဂုဏ်ယူစရာကောင်းနေလေပြီ။

လျန့်ချိုးက ညင်သာစွာချောင်းဟန့်ပြီး သူ၏ ခါးကို အလိုလိုမတ်လိုက်၏။

“ဒီတစ်ခေါက် ကျုပ်တို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို အနိုင်ယူနိုင်ခဲ့တာ သခင်မလေးရဲ့ ဦးဆောင်မှုကိုကျေးဇူးတင်ရမှာပဲ... တကယ်တော့... နှင်းလေတောင်ကြောရိုးရဲ့ ပူးပေါင်းအားထုတ်မှုအတွက် လူတစ်ယောက်တည်းက နာမည်ခံဖို့ မသင့်လျော်ပါဘူး”

ချန်ရွှမ်ယန်က သာမန်ကာလျှံပုံစံဖြင့် မေးလိုက်၏။

“သူက ဘယ်သူလဲ... ငါသူ့ကိုအရင်က ဘာလို့မကြားဖူးရတာလဲ “

“ဟမ့်...”

လျန့်ချိုးက ပြောလိုက်၏။

“သူက... မကြာသေးခင်ကမှ တက်လှမ်းလာတဲ့ အဆင့်နိမ့်သတ္တဝါပဲ... သူက နှင်းလေတောင်ကြောရိုးကိုရောက်တာ တစ်နှစ်တောင်မရှိသေးဘူး သူက...”

“အဟမ်း...”

လျန့်ချိုးက ဆက်ပြောမည်ပြုစဥ်မှာပင် ရှချင်းယင်က ညင်သာစွာချောင်းဟန့်လိုက်၏။

ရှချင်းယင်က ချန်ရွှမ်ယန်ဘက်သို့ သူမ၏ လက်သီးနှစ်ဖက်ကိုယှက်ကာ ပြုံးပြလိုက်၏။

“ဒီတစ်ခေါက် ရှင့်ရဲ့အကူအညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ရွှမ်ယန်... ကျွန်မတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အဖေ့ကို သတင်းပေးဖို့ နှင်းလေတောင်ကြောရိုးကို ပြန်လိုက်ပါဦးမယ်... အဲ့ဒါမှ သူက ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်မှာ”

ချန်ရွှမ်ယန်က ခဏမျှစဥ်းစားတွေးတောလိုက်၏။

“ဘာပဲပြောပြော နတ်ဆိုးဝံပုလွေတပ်သား အတော်များများက ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတော့... မင်းတို့အခုနေ ပြန်သွားမယ်ဆိုရင် ငါက စိုးရိမ်နေရလိမ့်မယ်”

“ချင်းယင်... သွေးသူရိယတောင်ကြားဆီကို ငါနဲ့လိုက်ခဲ့... မင်းတို့တွေကို ငါပြန်ပို့ပေးမှပဲ စိတ်ချရလိမ့်မယ်”

ရှချင်းယင်က တွေဝေတုံ့ဆိုင်းနေ၏။

သွေးသူရိယတောင်ကြားဆီသို့ သူမ၏ ခရီးစဥ်ရည်ရွယ်ချက်မှာ အမြုတေစုဖွဲ့ဆေးလုံးများကို ဖလှယ်ရယူဖို့ဖြစ်၏။ သူမက လက်ဗလာနှင့်ပြန်သွားမည်ဆိုလျှင် နှင်းလေတောင်ကြောရိုးရှိ ဆေးပင်စိတ်ပျိုးရေးသမားများက စိတ်ပျက်ကောင်းစိတ်ပျက်သွားနိုင်၏။

သို့သော်လည်း သူမသည် နှင်းလေတောင်ကြောရိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရ၏။

ချန်ရွှမ်ယန်က ရှချင်းယင်၏ စိတ်ကို ဖတ်မိပုံရပြီး ညင်သာစွာပြုံးပြလိုက်၏။

“ချင်းယင်... ဘာမှမပူနဲ့... နှင်းလေတောင်ကြောရိုးကို သတင်းပို့ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ငါက ငါ့လက်အောက်က အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကို စေလွှတ်ပေးလိုက်မယ်”

“ဓားပြတွေက တကယ်ပဲ ကျူးကျော်လာခဲ့မယ်ဆိုရင်... ကူညီခုခံဖို့အတွက် သူကနှင်းလေတောင်ကြောရိုးမှာနေပေးလိမ့်မယ်”

အဲ့ဒီနောက် ရှချင်းယင်က ပြန်မဖြေနိုင်ခင်မှာပင် ချန်ရွှမ်ယန်က ဘေးဘက်သို့တစ်ချက်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ထန်ဟုန်... ဒီမှာဖြစ်ခဲ့တာအကုန်လုံးကို နှင်းလေတောင်ကြောရိုးဆီ သတင်းသွားပို့လိုက်”

“နားလည်ပါပြီ သခင်လေး”

အနက်ရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဗလတောင့်တောင့် အမျိုးသားတစ်ယောက်က ချန်ရွှမ်ယန်ကို လက်သီးနှစ်ဖက်ယှက်ပြပြီး သူ၏ မြင်းကိုစီးကာ နှင်းလေတောင်ကြောရိုးဘက်သို့ ထွက်ခွာသွားလေသည်။

“ချင်းယင်... သွားကြရအောင်”

ချန်ရွှမ်ယန်က သူမဘက်သို့ အနည်းငယ်လှည့်ပြီး ကြိုဆိုဖိတ်ခေါ်သည့် လက်ဟန်အမူအရာတစ်ခုကို ပြုလုပ်ပြလိုက်၏။

ရှချင်းယင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တွေဝေတုံ့ဆိုင်းနေဆဲ ဖြစ်၏။

ခဏမျှစဥ်းစားပြီးနေက် သူမက နှင်းလေတောင်ကြောရိုးမှ အစောင့်နှစ်ယောက်ကို လက်ယပ်ခေါ်ကာ တိုးတိတ်စွာ ညွှန်ကြားလိုက်၏။

“နင်တို့နှစ်ယောက်က... ဒီနားမှာနေခဲ့ပြီး သေသေချာချာပုန်းကွယ်နေကြ... တပ်သားဆူ ပြန်ရောက်လာမယ်ဆိုရင် သွေးသူရိယတောင်ကြားဆီ သူ့ကိုခေါ်လာခဲ့”

ရှချင်းယင်က ဆူဇီမိုကို စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။

သူမသည် ဆူဇီမို၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။ သို့သော်လည်း ဆူဇီမိုက ဤနေရာသို့ ပြန်ရောက်လာမယ်ဆိုရင် သူ့ကိုလမ်းပြပေးဖို့အတွက် တစ်ယောက်ယောက်ကို သေချာပေါက်လိုအပ်ပေလိမ့်မည်။

ဘာပဲပြောပြော ဆူဇီမိုသည် သွေးသူရိယတောင်ကြားဆီသို့ တစ်ခါမှ မရောက်ခဲ့ဖူးပေ။

“သခင်မ... တပ်သားဆူက ပြန်ရောက်မလာဘူးဆိုရင်ရော”

အစောင့်တစ်ယောက်က တိုးတိတ်စွာပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးလျန့်ပြောတာက... အဓိပ္ပါယ်ရှိတယ်လို့ ကျုပ်ထင်တယ်... တပ်သားဆူက နတ်ဆိုးဝံပုလွေစစ်တပ် လက်စားလာချေမှာကို ကြောက်ပြီးတော့ ကိုယ်လွတ်ရုန်းပြေးသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်”

“အတွေးလွန်မနေကြနဲ့”

ရှချင်းယင်က အသံနှိမ့်၍ အော်ငေါက်လိုက်၏။

“ဒီမှာသာနေပြီး သူပြန်လာတဲ့အချိန်ထိစောင့်နေကြ... တကယ်လို့ သူပြန်မလာဘူးဆိုရင်တော့....”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“သွေးသူရိယတောင်ကြားကနေ ငါပြန်လာတဲ့အခါ နင်တို့ကိုသေချာပေါက်ဝင်ခေါ်မယ်.... နင်တို့နှစ်ယောက်က နဲနဲတော့ ဒုက္ခခံရလိမ့်မယ်”

“နားလည်ပါပြီ”

နှင်းလေတောင်ကြောရိုးမှ အစောင့်တပ်သားနှစ်ယောက်က သဘောတူလိုက်ကြ၏။

ထိုကဲ့သို့ စီစဥ်မှုများပြုလုပ်ပြီးနောက် ရှချင်းယင်က ချန်ရွှမ်ယန်ဘက်သို့လှည့်ကာ ပြုံးပြလိုက်၏။

“ရွှမ်ယန်... သွားကြရအောင်”

“ကောင်းပြီလေ”

ချန်ရွှမ်ယန်က အနည်းငယ်ခေါင်းညိတ်ပြပြီး သွေးသူရိယတောင်ကြားမှ လူတစ်ထောင်ကျော်ပါဝင်သော စစ်တပ်ကိုဦးဆောင်ကာ နှင်းလေတောင်ကြောရိုးမှ လူတစ်ရာကို သွေးသူရိယတောင်ကြားဆီသို့ ခေါ်ဆောင်သွား​လေသည်။

.......

ဆူဇီမိုသည် ရှချင်းယင်နှင့် အခြားသူများ၏ မြင်ကွင်းကနေ ထွက်လာခဲ့ပြီးနောက် သူက လေထဲမှာစတင်၍ ပျံသန်းလိုက်၏။

သူ၏ အမြန်နှုန်းက တိုးလာခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသော နတ်ဆိုးဝံပုလွေတပ်သားအချို့နောက်သို့ လိုက်သွားခဲ့လေသည်။

သူသည် ဤတစ်ခေါက်တိုက်ခိုက်ခဲ့ပြီဆိုမှတော့... သူ့အတွက် ဖြစ်စေ ၊ နှင်းလေတောင်ကြောရိုးအတွက်ဖြစ်စေ ပြဿနာတစ်စုံတစ်ရာမကျန်ခဲ့အောင် ပြုလုပ်ရပေမည်။

သူသည် အနာဂတ်ပြဿနာများကို တားဆီးဖို့အတွက် သူတို့အားလုံးကို သတ်ဖြတ်ရပေမည်။

စောစောက ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ ရှေ့တွင် သူ၏ ခွန်အားကုန်ကို ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ သူ၏ နည်းလမ်းများစွာကိုလည်း အသုံးမပြုခဲ့ပေ။

ယခု.. နတ်ဆိုးဝံပုလွေတပ်ဖွဲ့က အဘက်ဘက်သို့ ထွက်ပြေးသွားပြီး သူသည် သူတို့အားလုံးကို အပြီးတိုင်ဖျက်ဆီးခြေမှုန်းချင်သည်ဆိုပါက သူတို့ပြန်လည်စုဆုံမည့်အချိန်ကို စောင့်ဆိုင်းရပေလိမ့်မည်။

အဲ့ဒါကြောင့် ဆူဇီမိုသည် တိုက်ခိုက်ဖို့အတွက် အလောတကြီးမရှိဘဲ နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်-၄ မဟူရာအင်မော်တယ်အချို့ကို စောင့်ကြည့်ကာ ဖြည်းဖြည်းချင်း လိုက်ပါလာခဲ့၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့တွင် ထွက်ပြေးလွတ်မြောက်လာသော လူများကို ပြန်လည်စုစည်းနိုင်မည့် ဆက်သွယ်ရေးနည်းလမ်းတစ်စုံတစ်ရာ ရှိလိမ့်မည်ဟု သူက ယုံကြည်လေသည်။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်-၄ မဟူရာအင်မော်တယ်အချို့သည် အလွန်တရာစိုးရိမ်ပူပန်တတ်ကြ၏။ သူတို့က ပြေးလွှားနေရင် သူတို့၏ လမ်းကြောင်းများကို အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးအကဲခတ်ဖို့အတွက် မကြာမကြာရပ်တန့်တတ်ကြလေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်...။

သူတို့သည် အန္တရာယ်ကနေ လွတ်မြောက်လာသည်ကို သေချာအတည်ပြုပြီးနောက် သူတို့ထဲမှ အချို့သည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်ကာ သူတို့၏ သိုလှောင်အိတ်များထဲကနေ အဆောင်တစ်ခုစီကို ထုတ်ယူလိုက်ကြ၏။ ၎င်းပေါ်မှာ စကားလုံးအချို့ကိုရေးပြီးနောက် အဲ့ဒါကို ဆုတ်ဖြဲလိုက်လေသည်။

အဆောင်များက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး လေထဲမှာ ဂမ္ဘီရဆန်ဆန်အလင်းတစ်ခုကို ထုတ်ဖော်ကာ အလျင်အမြန်ပျက်ပြယ်သွား၏။

အဆင့်-၄ မဟူရာအင်မော်တယ်အချို့သည် ဖြူဖပ်ဖြူရော်အမူအရာများနှင့်အတူ ကြေးခွံနက်မိစ္ဆာဝံပုလွေများပေါ်ကနေ ခုန်ဆင်းပြီး အကြောက်မပြေသေးသည့်အလား အနည်းငယ်မောဟိုက်နေ၏။

“အဲ့ဒီလူက ငါတို့နောက်ကို လိုက်မလာလောက်ပါဘူးနော်”

တစ်စုံတစ်ယောက်က ပြောလိုက်လေသည်။

“မပူစမ်းပါနဲ့... အဲ့ဒီလူက ဘယ်လောက်ပဲမြန်မြန် သူက ငါတို့ရဲ့ ကြေးခွံနက်မိစ္ဆာဝံပုလွေတွေကို ယှဥ်နိုင်မှာ မဟုတ်ဘူး... သူက ငါတို့နောက်ကို လိုက်လာမယ်ဆိုရင်တောင် မျက်ခြေပြတ်ကျန်ခဲ့တာ ကြာနေလောက်ပြီ”

All Chapters