← Chapters

အပြီးတိုင် ချေမှုန်းခြင်း

Vol. 121 Ch. 1809

အပြီးတိုင် ချေမှုန်းခြင်း

Vol. 121 Ch. 1809

နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်လေး မဟူရာအင်မော်တယ်အချို့သည် သူတို့ မျက်ခြည်ဖြတ်ဖို့ ကြိုးစားခဲ့သည့်လူက အလျင်အမြန် ချဉ်းကပ်လာနေသည်ကို သတိမထားမိကြပေ။

စိတ်ဝိညာဉ်အာရုံခံစိတ် ထက်ရှသော ကြေးခွံနက် မိစ္ဆာဝံပုလွေများပင်လျှင် အဲဒါကို သတိမထားမိကြပေ။

ဆူဇီမိုသည် သူ၏ အော်ရာကို လုံးဝ ရုတ်သိမ်းထားပြီး အပင်များ၏ အော်ရာကို ထုတ်ဖော်နေ၏။ လူခါးကျော်ကျော်လောက် ရှည်သော မြက်တောထဲမှာ ပုန်းကွယ်နေပြီး သူက အပင်များနှင့်အတူ ယိမ်းနွဲ့နေ၏။ သူသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျလုနီးပါးဖြစ်ပြီး မည်သည့်ဟာကွက်မှ မရှိပေ။

ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်သည် ပေါ့ပါးဖျတ်လတ်ပြီး ဧရာမ ရှေးဟောင်းသစ်ပင်တစ်ပင်ပေါ်သို့ အလျင်အမြန် ဖက်တက်သွားလေသည်။ သူသည် သစ်ကိုင်းတစ်ခုပေါ်မှာ ထိုင်ပြီး မလှမ်းမကမ်းတွင် ရှိသော နတ်ဆိုးဝံပုလွေတပ်သားအချို့ကို ငုံ့ကြည့်နေ၏။

ထိုအကွာအဝေးမှာ ဆူဇီမိုသည် သူတို့၏ အပြန်အလှန် ပြောဆိုစကားများကို ရှင်းလင်းစွာ ကြားရနိုင်၏။

“ငါတို့က ဒီတစ်ခေါက် တကယ်ကို အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရတာပဲ”

နားရွက်ကြီးသော ကျင့်ကြံသူတစ်ယောက်က အံကို ကြိတ်​ပြီး မုန်းတီးစွာ ပြောလိုက်၏။

ကတုံးပြောင် အမျိုးသားတစ်ယောက်က ကျိန်ဆဲလိုက်လေသည်။

“လခွမ်းတဲ့မှ.. နှင်းလေတောင်ကြောရိုးက လူတွေထဲမှာ ဒီလို ပြဿနာကောင်တစ်ကောင် ရှိနေလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ.. ငါတို့ရဲ့ ခေါင်းဆောင်တောင်မှ အဲဒီကောင်လေးရဲ့ သတ်တာကို ခံလိုက်ရတယ်”

“ခေါင်းဆောင်ချိတ်က သတိပေါ့လျော့သွားလို့ပါ.. တကယ်တမ်း တိုက်ခိုက်ရမယ်ဆိုရင် အဲဒီကောင်လေးက ခေါင်းဆောင်ချိတ်ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။

နားရွက်ကြီးသော ကျင့်ကြံသူက မေးလိုက်လေသည်။

“အခု ငါတို့ ဘာလုပ်ကြရမလဲ”

“ဘာလုပ်လို့ ရဦးမှာလဲ.. တခြားလူတွေ ရောက်လာတာကို အရင်စောင့်ရမှာပေါ့”

ကတုံးပြောင် အမျိုးသားက ထပ်မံ၍ ကျိန်ဆဲလိုက်၏။

“ချီးတဲ့မှ.. ငါတို့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ဘယ်တုန်းကများ အခုလို အရှက်ကွဲဖူးလို့လဲ”

“အဲဒါက သွေးသူရိယတောင်ကြားက သခင်လေး အဲဒီ ချန်ရွှမ်ယန်ကြောင့်ပဲ”

နားရွက်ကြီးသော ကျင့်ကြံသူက မကျေမနပ် ပြောဆိုလိုက်၏။

“သူက မိန်းမလှလေးကို ကယ်တင်ပြီး သူမရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့အတွက် သူရဲကောင်းဖြစ်ချင်တာလေ.. သူက ငါတို့ကိုပါ သူနဲ့အတူ သရုပ်ဆောင်ခိုင်းချင်သေးတယ်.. ဒါပေမဲ့ အခုတော့ ငါတို့က နှင်းလေတောင်ကြောရိုးက အင်မော်တယ်ဆေးပင်တစ်ပင်ကိုမှ မရတဲ့အပြင် ငါတို့လူတွေကိုပါ ဆုံးရှုံးခဲ့ရသေးတယ်”

ဆူဇီမိုသည် အစက စိတ်အေးလက်အေး အမူအရာတစ်ခုနှင့်အတူ ရှေးဟောင်းသစ်ပင်ပေါ်မှာ ထိုင်နေပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။

ထိုနေရာအရောက်တွင် သူက အေးစက်စက် အလင်းတစ်ချက်နှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်ကို ရုတ်တရက် ဖွင့်လိုက်လေသည်။

“လက်စသတ်တော့ အဲဒါကို သွေးသူရိယတောင်ကြားကနေ လုပ်နေတာပဲ”

ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

နတ်ဆိုးဝံပုလွေတပ်ဖွဲ့သည် ဤနေရာတွင် ပေါ်ထွက်လာခဲ့သည်မှာ မထူးဆန်းတော့ပေ။

သူတို့က သွေးသူရိယတောင်ကြားသို့ ယနေ့ ထွက်လာသည့်အချိန်မှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် ပက်ပင်းတိုးရလောက်အောင်အထိ တိုက်ဆိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။

“ငါ့အထင်တော့ ချန်ရွှမ်ယန်ရဲ့ ကျင့်ကြံမှု အဆင့်အတန်းနဲ့ သွေးသူရိယတောင်ကြားရဲ့ ခွန်အားနဲ့ဆို.. သူက အဲဒီမိန်းကလေးကို သူကိုယ်တိုင် ဖိအားပေးလိုက်ရုံပဲ.. အဲဒါဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားမှာ မဟုတ်ဘူးလား”

ကတုံးပြောင် အမျိုးသားက လှောင်ရယ်လိုက်၏။

“အဲဒီ သားအဖနှစ်ယောက်က ကြောင်သူတော်တွေကွ.. ဒီနှစ်တွေထဲမှာ သူတို့ရဲ့ အကောက်ကြံမှုကြောင့် ပျက်စီးခဲ့ရတဲ့ အဖွဲ့အစည်းပေါင်း မနည်းတော့ဘူး”

“ဟေး.. အရင်တုန်းက အဖွဲ့အစည်းကြီးသုံးခုရဲ့ နေရာကို သွေးသူရိယတောင်ကြားက အစားထိုး နေရာယူလာနိုင်ခဲ့တယ်ဆိုတာလဲ သူတို့က တောင်ကြားသခင်ရဲ့ ထောင်ချောက်ထဲမှာ ကျဆင်းသွားလို့လို့ ငါကြားဖူးတယ်”

ထိုအချိန်တိုအတွင်းမှာ ပြန့်ကျဲနေသော နတ်ဆိုးဝံပုလွေတပ်သားများသည် နားရွက်ကြီးသော ကျင့်ကြံသူ၊ ကတုံးပြောင် အမျိုးသားနှင့် အခြားသူများ ရှိရာ ဆုံရပ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီဖြစ်၏။

နေဝင်ခါနီးအချိန်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ကျင့်ကြံသူများ အားလုံးက စုစည်းမိလာကြလေပြီ။

ကတုံးပြောင် အမျိုးသားက သုန်မှုန်နေသော အမူအရာဖြင့် မုန်းတီးစွာ ပြောလိုက်၏။

“လခွမ်းတဲ့မှ.. ခေါင်းဆောင်ချိတ် အပါအဝင် ငါတို့က ညီအစ်ကို ၅၂ ယောက်ကို ဆုံးရှုံးခဲ့ရတာပဲ”

“ငါတို့ ဒီကိစ္စကို ဒီတိုင်း ခွင့်လွှတ်မပေးနိုင်ဘူး”

“အမှန်ပဲ.. ငါတို့က နှင်းလေတောင်ကြောရိုးကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းရမယ်”

“နတ်ဆိုးဝံပုလွေတပ်ဖွဲ့က သွေးသူရိယတောင်ကြားကို သွေးမြစ်စီးအောင် လုပ်ပစ်မယ်.. သူတို့ထဲက တစ်ယောက်မကျန် သတ်ဖြတ်ပစ်ရမယ်”

နတ်ဆိုးဝံပုလွေတပ်သားများစွာက ကြမ်းကြုတ်ခက်ထန်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် အော်ပြောလိုက်ကြ၏။

ကတုံးပြောင် အမျိုးသားက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အားလုံးပဲ စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့.. နှင်းလေတောင်ကြောရိုးရဲ့ ပိုင်နက်အရှင်က အတော်လေး စွမ်းပြီး သူက အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်တယ်လို့ ငါကြားထားတယ်… ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ဆို သူ့ကို အနိုင်ယူဖို့ မလွယ်ဘူး”

“ငါတို့က နှင်းလေတောင်ကြောရိုးကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် အဲဒါကို လုပ်ဖို့အတွက် ငါတို့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ခေါင်းဆောင်တစ်ယောက်ကို အကူအညီတောင်းသင့်တယ်လို့ ငါထင်တယ်”

“အဲဒါဆိုလည်း အချိန်ဖြုန်းမနေကြနဲ့လေ.. အခုပဲ ပြန်ကြရအောင်”

နားရွက်ကြီးသော ကျင့်ကြံသူက ပြောလိုက်၏။

“အချိန်ဖြုန်းနေလို့ မရဘူးဆိုမှတော့ မင်းတို့သွားရမယ့် လမ်းကြောင်းပေါ်ကို ငါပို့ပေးမယ်လေ.. ဘယ်လိုလဲ”

ထိုစဉ်မှာပင် တစ်ယောက်တစ်ပေါက် အော်ဟစ်နေသော အသံများနှင့် ဆန့်ကျင်ကွဲလွဲကာ တည်ငြိမ်သော အသံတစ်သံက ထွက်ပေါ်လာ၏။

“ဟမ်”

ကတုံးပြောင် အမျိုးသား၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ ဘေးပတ်လည်ကို ကြည့်ရှုကာ အော်ပြောလိုက်၏။

“အဲဒါ ဘယ်သူလဲ.. ဘယ်သူပြောလိုက်တာလဲ”

“ငါပါ”

ဖျတ်ခနဲဆို ဆူဇီမိုသည် ရှေးဟောင်းသစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး လေထဲမှာ တိတ်တဆိတ် မတ်တတ်ရပ်လိုက်လေသည်။ သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ၏ မျက်လုံးနှစ်ဖက်က ဂမ္ဘီရဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပလာ၏။

ဆူဇီမိုသည် ဤတစ်ခေါက် သူတို့အားလုံးကို သတ်ဖြတ်ချင်သည်ဆိုမှတော့ သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို ဖုံးကွယ်မထားတော့ပေ။

“အဲဒါ သူပဲ”

“အဲဒီလူက ဘယ်အချိန်တုန်းက ငါတို့ကို လိုက်မီသွားတာလဲ”

နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။

ကတုံးပြောင် ကျင့်ကြံသူသည် သူ၏ ခြေလက်များ အေးစက်လာသည်ဟု ခံစားရသော်လည်း သူ၏ ဣန္ဒြေကို​ ထိန်းထားနိုင်ဆဲဖြစ်ပြီး အော်ပြောလိုက်၏။

“ညီအစ်ကိုတို့.. ဘာမှမကြောက်ကြနဲ့.. ငါတို့ အတူပူးပေါင်းပြီး ဒီလူနဲ့ နောက်တစ်ခေါက် တိုက်ခိုက်ရအောင်”

“ငါတို့မှာ ညီအစ်ကို အယောက်လေးရာကျော် ရှိတယ်.. သူ့လိုလူတစ်ယောက်ကို ငါတို့က မနိုင်ဘူးလို့ ငါမယုံဘူး”

ဤနှစ်များအတွင်း နတ်ဆိုးဝံပုလွေတပ်သားများ၏ လက်များသည် မြောက်များလှစွာသော သွေးများဖြင့် စွန်းထင်းခဲ့ပြီး သူတို့အားလုံးက သွေးဆာရက်စက်တတ်ကြလေသည်။

ထိုနေရာအရောက်တွင် နတ်ဆိုးဝံပုလွေတပ်သားများစွာသည် ကြမ်းကြုတ်ခက်ထန်သော အကြည့်များရှိလာပြီး သူတို့၏ ဓမ္မရတနာများကို ဆင့်ခေါ်ထုတ်ကာ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို လှည့်ပတ်ထုတ်ဖော်လိုက်ကြ၏။ သူတို့က ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို တရစပ် ထုတ်ဖော်လိုက်လေသည်။

ရွှစ်.. ရွှစ်..

ဖျတ်ခနဲဆို ဆူဇီမိုသည် နတ်ဘုရားစွမ်းအားများနှင့် ကန့်သတ်မဲ့ရွှေအလင်းကဲ့သို့ ဓမ္မပညာရပ်များကို အမြန်ဆုံးနှုန်းဖြင့် ထုတ်ဖော်ကာ ဓမ္မရတနာအများစုကို ရှောင်တိမ်းလိုက်၏။

ကျန်ရှိနေသော ဓမ္မရတနာများက သူ့ကို မထိခတ်ခင်မှာပင် သူက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်လေသည်။ ရုတ်တရက် အဝါရောင်သဲ လက်တစ်ဆုပ်စာက ပြန့်ကျဲသွားပြီး ဝင်ရောက်လာသော ဓမ္မရတနာများကို ဝါးမျိုလိုက်၏။

ရုတ်တရက်ဆိုသလို..

ဆူဇီမိုက စိတ်လှုပ်ရှားသွား၏။

သူသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ရရှိခဲ့ချိန်မှ စ၍ သူသည် အဲဒါကို ခုခံဖို့အတွက်သာ အသုံးပြုခဲ့ပြီး တိုက်စစ်အတွက် တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။

ယခုအချိန်မှာ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် နိမ့်ကျ မဟူရာအဆင့် ဓမ္မရတနာများစွာကို လွှမ်းခြုံထားပြီး ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်သည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၏ အမှုန်တစ်မှုန်ချင်းစီနှင့် ပေါင်းစည်းသွားသည်ဟု ထင်ရ၏။

သူ့ထံမှ အတွေးတစ်ချက်နှင့်အတူ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာပြီး အဝါရောင်သဲများက တလိပ်လိပ်ထိုးတက်လာ၏။

အဝါရောင်သဲပွင့်တစ်ပွင့်ချင်းစီက စွမ်းအားကြီးမားသော အင်အားတစ်ရပ်ကို ထုတ်ဖော်ပြီး တစ်ခုနှင့်တစ်ခု ပွတ်တိုက်သွားလေသည်။ ဓမ္မရတနာများစွာသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကြားထဲမှာ ကြိတ်ချေခံလိုက်ရပြီး လေထဲကနေ အမှုန်များအဖြစ် ပြန့်ကျဲကျဆင်းသွား၏။

အို…

နတ်ဆိုးဝံပုလွေတပ်သားများစွာသည် ထိုသည်ကို တွေ့မြင်သောအခါ ပင့်သက်ကို ရှိုက်လိုက်ကြ၏။

သူတို့ကို မပြောနှင့်.. ဆူဇီမိုပင်လျှင် တုန်လှုပ်သွားရလေသည်။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် ပြိုင်ဘက်ကင်း ခုခံအားကို ပိုင်ဆိုင်ထား၏။ ၎င်းကို တိုက်စစ်အဖြစ် အသုံးပြုသည့်အခါ အဲဒါသည် ဤကဲ့သို့သော အဖျက်စွမ်းအားကိုလည်း ထုတ်ဖော်နိုင်လေသည်။

ဒါ့အပြင် အဲဒါသည် မဟူရာအဆင့် ဓမ္မရတနာတစ်ခု ဖြစ်၏။ မည်သည့်သက်ရှိမဆို ထိုအထဲမှာ ကျဆင်းသွားမည်ဆိုပါက သူတို့သည် အဝါရောင်သဲများဖြင့် ကြိတ်ချေခံရပေလိမ့်မည်။

ထိုသို့အတွေးဖြင့်​ ဆူဇီမိုသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ထိန်းချုပ်ပြီး ကြေးခွံနက် မိစ္ဆာဝံပုလွေ ဆယ်ကောင်ကျော်ကို ထိုအထဲသို့ စုပ်ယူသွင်းလိုက်၏။

“ဝူး..”

ကြေးခွံနက် မိစ္ဆာဝံပုလွေများသည် စူးစူးဝါးဝါး အော်သံတစ်ချက်ကိုသာ ထုတ်ဖော်လိုက်နိုင်ပြီး သူတို့သည် အဝါရောင်သဲများကြားမှာ သွေးမြူများအဖြစ် ကြိတ်ချေခံရပြီး သေဆုံးသွားလေသည်။

သူတို့၏ မာကြောသော ကြေးခွံများပင်လျှင် အဝါရောင်သဲများ၏ ပွတ်တိုက်မှုကို ခံနိုင်ရည်မရှိပေ။

ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် အလွန်တရာ ထူးခြားဆန်းကြယ်ပြီး ကြေးခွံနက် မိစ္ဆာဝံပုလွေ ဆယ်ကောင်ကျော်ကို သတ်ဖြတ်ပစ်လိုက်၏။ သို့သော်လည်း အဝါရောင်သဲများပေါ်မှာ မည်သည့် သွေးမှ မရှိဘဲ ၎င်းက ရွှေရောင်အလင်းဖြင့် တောက်ပနေဆဲဖြစ်၏။

“ပြေးကြတော့”

နတ်ဆိုးဝံပုလွေတပ်သားများသည် ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ စိတ်ဓာတ်များက နောက်တစ်ဖန် လဲပြိုသွား​ပြီး ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြလေသည်။

“ဟမ်”

လေထဲမှာ မတ်တတ်ရပ်ရင်း ဆူဇီမို၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“ငါတို့တွေ အခုလို ဆုံစည်းရတယ်ဆိုတာ ရေစက်ပဲ.. ထွက်မသွားကြပါနဲ့”

သူက သူ၏ လက်နှစ်ဖက်ဖြင့် ဓားကွက်များကို ထုတ်ဖော်ပြီး ရှေ့သို့ စေညွှန်လိုက်၏။

ဇီး.. ဇီး.. ဇီး..

ရုတ်တရက် မရေမတွက်နိုင်သော ဓားချီများက ဆင်းသက်လာခဲ့ပြီး နေရာတစ်ခွင်က ကျိန်းစပ်နေသော အဖြူရောင်အလင်းဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရ၏။ သိပ်သည်းပြင်းထန်သော မိုးပေါက်များကဲ့သို့ သူတို့က တဖွားဖွားကျဆင်းလာပြီး နတ်ဆိုးဝံပုလွေတပ်သားများစွာကို လွှမ်းခြုံသွားလေသည်။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်…။

All Chapters