← Chapters

ပွပေါက်တိုးခြင်း

Vol. 121 Ch. 1810

ပွပေါက်တိုးခြင်း

Vol. 121 Ch. 1810

ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်သည် အစကတည်းက အထက်ဘုံလောက၏ ထိပ်တန်းအဆင့် အင်မော်တယ်ပညာရပ်တစ်ခု ဖြစ်၏။

အခြားသော အကြောင်းရင်းတချို့ကြောင့်သာ ၎င်းသည် အောက်ဘုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ထိုဓားပညာရပ်၏ အစစ်အမှန် ကြောက်စရာကောင်းသော စွမ်းပကားသည် ကောင်းကင်နှင့်မြေကြီး ဓားချီနှင့်အတူ အဲဒါကို ထုတ်ဖော်လိုက်သည့်အခါမှသာ ထွက်ပေါ်လာခဲ့၏။

ဓားချီက မိုးစက်များကဲ့သို့ သိပ်သည်းများပြားပြီး တဇီဇီအော်မြည်ကာ တုန်ခါနေ၏။ ကောင်းကင်ထက်ကနေ ဆင်းသက်လာရင်း ၎င်းသည် နတ်ဆိုးဝံပုလွေတပ်သား လေးရာကျော်ကို လွှမ်းခြုံကာ မည်သူကမှ ချမ်းသာရာမရပေ။

ဖောက်.. ဖောက်.. ဖောက်..

ဓားချီသည် နတ်ဆိုးဝံပုလွေတပ်သားများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားပြီး ထက်ရှသော ဓားသွားများကဲ့သို့ သူတို့၏ အသားများကို လှီးဖြတ်ကာ တရွှစ်ရွှစ် အသံများ ထွက်ပေါ်လာ၏။

နတ်ဆိုးဝံပုလွေတပ်သား အများစုသည် အဆင့်သုံး မဟူရာအင်မော်တယ်များ ဖြစ်ကြ၏။

ခန္ဓာမီးဆေးထားသော အဆင့်သုံး မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်၏ ထက်ရှမှုကို မခုခံနိုင်ပေ။

သူတို့ကို မပြောနှင့်.. မာကြောသော ကြေးခွံများကို ပိုင်ဆိုင်ထားသည့် မိစ္ဆာဝံပုလွေများပင်လျှင် သိပ်သည်းပြင်းထန်သော ဓားချီများကြားမှာ အများစုက သေဆုံးသွားကြ၏။

တကယ်တော့ နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးနီးပါးသည် အောက်ဘုံကနေ တက်လှမ်းလာကြခြင်းဖြစ်ပြီး သူတို့၏ ဗဟုသုတက အကန့်အသတ်ရှိလေသည်။

သူတို့သည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို မပြောနှင့်.. ဖန်တီးခြင်းကြာပဒုမ္မာကိုပင် လုံးဝ မှတ်မိသိရှိခြင်း မရှိပေ။

သူတို့က ဤလူ၏ ဓားချီကို မခုခံနိုင်ဘူးဆိုတာကို ဓားပြများ နားလည်သွားသည့်အချိန်မှာ အဲဒါက နောက်ကျသွားခဲ့လေပြီ။

ကြမ်းကြုတ်ခက်ထန်သော ဤတိုက်ခိုက်မှုက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို​ ဖွတ်ဖွတ်ညက်ညက်ကြေသွားစေ၏။

ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ် ဆင်းသက်လာသည့် ခဏမှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ထက်ဝက်ကျော်က ဓားချီဖြင့် ထိုးဖောက်ခြင်း ခံရပြီး​ နေရာမှာပင် သေဆုံးသွားကြ၏။

ဓားမိုးက ဆင်းသက်လာခဲ့ပြီး မြေပြင်ပေါ်မှာ အဖြူရောင်မြူခိုးများကို ဖြစ်ပေါ်လာစေ၏။ သို့သော်လည်း မကြာခင် အဖြူရောင်မြူခိုးများသည် သွေးရောင်ဖြင့် စွန်းထင်းခံလိုက်ရပြီး​​ နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

အဆင့်လေး မဟူရာအင်မော်တယ်အချို့ကသာလျှင် သူတို့၏ ဓမ္မရတနာများ၊ ချပ်ဝတ်တန်ဆာများ၊ နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကို မှီခိုပြီး ရှင်သန်နိုင်ကြကာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်၏ သက်ရောက်မှုကနေ ရုန်းထွက်ချင်လေသည်။

ဆူဇီမိုသည် အပေါ်စီးကနေ ငုံ့ကြည့်ပြီး လှောင်ရယ်လိုက်၏။ သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး နောက်ထပ် ဓားပညာရပ်တစ်ခုကို​ ဆင့်ခေါ်ကာ ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး မြေပြင်က တသိမ့်သိမ့် လှုပ်ခါသွား၏။

ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည့်အခါ နဂါးမြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

အစက သိုင်းတာအိုပင်မခန္ဓာကသာ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို နားလည်ဆင်ခြင်ထားလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် နတ်ဘုရားစွမ်းအားများ အားလုံးကို အရည်ဖျော်ချနိုင်ပြီး သူက ဤဓားပညာရပ်အပေါ် မှီခိုခြင်း မရှိပေ။ သူက အဲဒါကို ရံဖန်ရံခါမှသာ အသုံးပြုတတ်လေသည်။

ထိုဓားပညာရပ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံမှာသာ ၎င်း၏ အကြီးမားဆုံး စွမ်းအားကို ထုတ်ဖော်နိုင်ပေမည်။ အဲဒါကြောင့် သူ မတက်လှမ်းခင်က သိုင်းတာအိုပင်မခန္ဓာသည် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို​ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအား သင်ကြားပေးခဲ့၏။

“ဂါး…”

“ရွှီး..”

ရုတ်တရက် ဧရာမ လက်သည်းငါးဖက် နတ်နဂါးတစ်ကောင်က ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုဖြင့် ပေါင်းစပ်ထားပြီး ဓားချီကနေ အပြည့်အဝ ဖြစ်ပေါ်လာခဲ့၏။

ကမ္ဘာမြေက ကွဲထွက်သွားပြီး မိုးပျံမြွေတစ်ကောင်သည် နီရဲနေသော ချော်ရည်များဖြင့် စိုရွှဲ၍ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ၎င်း၏ ခေါင်းကို မော့က တွန်မြည်နေလေသည်။

ဆူဇီမိုသည် ဓားပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး ရှေ့သို့ ခုတ်ပိုင်းချကာ နဂါးမြွေတို့ကို ထွက်ပေါ်လာစေ၏။

ကြောက်စရာကောင်းသော ဂမ္ဘီရတောကောင်နှစ်ကောင်ကို ကြည့်ပြီး ကျန်ရစ်နေသေးသော နတ်ဆိုးဝံပုလွေတပ်သားများသည် ထိတ်ထိတ်ပျာပျာဖြစ်ကာ သူတို့၏ မျက်လုံးများက နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်လာခဲ့ပြီဖြစ်၏။

နတ်နဂါးနှင့် မိုးပျံမြွေသည် နတ်ဆိုးဝံပုလွေတပ်သားများကို လှည့်ပတ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်လိုက်၏။

“အား.. အား.. အား…”

စူးစူးဝါးဝါး အော်သံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။

ကျန်ရစ်နေသော နတ်ဆိုးဝံပုလွေတပ်သားများသည် အစကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားကြ၏။ ယခု သူတို့သည် နတ်နဂါးနှင့် မိုးပျံမြွေတို့၏ အမဲလိုက်ခြင်း ခံရသောအခါ လုံးဝကို ကူကယ်ရာမဲ့လုနီးပါး ဖြစ်နေ၏။

ဓားမိုးက ရွာသွန်းကျဆင်းလာပြီး သွေးမြူများက ဖြန့်ကြက်သွားခဲ့လေသည်။

ဂမ္ဘီရတောကောင်နှစ်ကောင်ဖြစ်သော နတ်နဂါးနှင့် မိုးပျံမြွေသည် ဓားမိုးများကို ဖြတ်ကျော်၍ ပျံသန်းလာကြ၏။

မှုန်ရီဝေဝါးသော မိုးရေများကြားမှာ အစိမ်းရောင်ဝတ် အမျိုးသားတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်ငြိမ်သော အမူအရာတစ်ခုနှင့်အတူ မတ်တတ်ရပ်နေ၏။

အဲဒါသည် အိပ်မက်ဆန်ဆန် ခံစားရစေသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်၏။

နာရီဝက်ခန့်ကြာပြီးနောက်.. တိုက်ပွဲမြေပြင်မှာ မည်သည့်အသံမှ ထွက်ပေါ်မလာတော့ပေ။

မိုးရေများက စဲသွားပြီး ဂမ္ဘီရတောကောင်များကလည်း ပျက်ပြယ်သွားကာ မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့၏။

ကြေးခွံနက် မိစ္ဆာဝံပုလွေ လေးရာကျော်ကျော် အပါအဝင် ကျန်ရှိနေသော နတ်ဆိုးဝံပုလွေတပ်သားများ အားလုံးက ခြွင်းချက်မရှိ သေဆုံးကုန်ကြလေပြီ။

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်ပြီး နတ်ဆိုးဝံပုလွေတပ်သားများ၏ ဓမ္မရတနာများ အားလုံးကို စုဆောင်းလိုက်၏။

ထိုဓမ္မရတနာများသည် သူ့အတွက် အသုံးမဝင်သော်လည်း သူတို့သည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အတော်လေး တန်ဖိုးရှိသည့်ပုံပင်။

ဆူဇီသည် နတ်ဆိုးဝံပုလွေတပ်သားများ၏ သိုလှောင်အိတ်များကို စုစည်းပြီး အဲဒါတွေကို ဖွင့်ကြည့်လိုက်၏။

ထိုသိုလှောင်အိတ်များ အားလုံးနီးပါးတွင် ဝိညာဉ်အားဖြည့်မြက်၊ မိုးနှင်းပန်းနှင့် အမြုတေစုဖွဲ့ဆေးလုံးများစွာ ပါဝင်လေသည်။

ထိုအရာများသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အလွန်တရာ အဖိုးတန်သော ကျင့်ကြံရေးအရင်းအမြစ်များ ဖြစ်၏။

ဆူဇီမိုသည် အင်မော်တယ်ဆေးပင်များနှင့် အမြုတေစုဖွဲ့ဆေးလုံးများကို စုစည်းကာ အကြမ်းဖျင်း ရေတွက်ကြည့်လိုက်၏။

သူသည် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်း နှစ်ဆယ့်တစ်သိန်းကျော်စီကို ရရှိလိုက်ပြီး အမြုတေစုဖွဲ့ဆေးလုံးများကလည်း တစ်သောင်းသုံးထောင်ကျော် ပါဝင်လေသည်။

အဲဒီမှာ အင်မော်တယ်ဆေးပင်များက နှစ်သန်းကျော်စီ ရှိလေသည်။ သွေးသူရိယတောင်ကြား၏ ဖလှယ်မှုနှုန်းထားအရ အဲဒါသည် အမြုတေစုဖွဲ့ဆေးလုံး နှစ်သောင်းကျော်နှင့် ညီမျှလေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမိုသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို သတ်ဖြတ်ခြင်းကနေ အမြုတေစုဖွဲ့ဆေးလုံး သုံးသောင်းကျော်ကို ရရှိမည်ဖြစ်၏။ ယခင် သူသတ်ဖြတ်ခဲ့သော နတ်ဆိုးဝံပုလွေတပ်သားများ အပါအဝင် သူသည် အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းအထိ ရရှိနိုင်လေသည်။

အဲဒါက အလွန်ကြီးမားသည့် ပွပေါက်တစ်ခု ဖြစ်လေသည်။

နှင်းလေတောင်ကြောရိုးတွင် ဆယ်နှစ်လုံးလုံးကြာမှ သူတို့သည် အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်နှင့် လဲလှယ်ရယူဖို့အတွက် အင်မော်တယ်ဆေးပင် တစ်သိန်းစီကိုသာ စုဆောင်းနိုင်ကြ၏။

သို့သော်လည်း ဆူဇီမိုသည် ဤတစ်ခေါက်မှာ အမြုတေစုဖွဲ့ဆေးလုံး လေးသောင်းကျော်ကို ရရှိခဲ့လေသည်။

ဆူဇီမိုသည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး ညင်သာစွာ ခေါင်းခါလိုက်၏။

တက်လှမ်းလာသော ကျင့်ကြံသူအချို့သည် လုယက်သတ်ဖြတ်ဖို့အတွက် ဤဓားပြအဖွဲ့များသို့ ဝင်ရောက်ဖို့ ရွေးချယ်ကြသည်မှာ မထူးဆန်းတော့ပေ။

ဤနည်းလမ်းသည် အင်မော်တယ်ဆေးပင်များကို စိတ်ရှည်လက်ရှည် စိုက်ပျိုးရသည်ထက် များစွာပိုမိုမြန်ဆန်လေသည်။

ထိုအခိုက်အတန့်မှာ ကောင်းကင်က တဖြည်းဖြည်း မှောင်ရိပ်သန်းလာခဲ့၏။ ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာပြီး နှင်းလေတောင်ကြောရိုးမှ လူများနှင့် ပြန်လည်ပေါင်းဆုံဖို့ ပြင်ဆင်လိုက်၏။

သူလှုပ်ရှားလိုက်သည့် ခဏမှာပင် သူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အလောင်းများကို အတွေးနက်စွာဖြင့် လှည့်ကြည့်လိုက်၏။

သွေးသူရိယတောင်ကြားတွင်..

ကြီးမားသော ခန်းဝါတစ်ခုထဲမှာ ချန်ရွှမ်ယန်သည် သူ၏ ချပ်ဝတ်တန်ဆာများကို ဖယ်ရှားထားပြီး ဘရိုကိတ်ဝတ်ရုံတစ်စုံကို ဝတ်ဆင်ကာ အလယ်မှာ ထိုင်နေ၏။

သူ၏ ဘယ်ဘက်မှာ သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူအချို့ ရှိလေသည်။

သူ၏ ညာဘက်မှာ ရှချင်းယင်နှင့် လျန့်ချိုး ရှိလေသည်။

နှင်းလေတောင်ကြောရိုးမှ အခြား​သော ကျင့်ကြံသူများကိုလည်း နေရာထိုင်ခင်း ချပေးထား၏။

ထိုအချိန်က ညဘက်သို့ ရောက်ရှိလာခဲ့လေပြီ။

ခန်းမကတော့ တောက်ပလင်းထိန်နေ၏။

ရှချင်းယင်နှင့် အခြားသူများ၏ ရှေ့ရှိ စားပွဲပေါ်မှာ စိတ်ဝိညာဉ်သစ်သီးများ၊ ဝိုင်များနှင့် သားရဲတောကောင်များ၏ အသားကနေ ချက်ပြုတ်ထားသော အရသာရှိ စားကောင်းသောက်ဖွယ်များ ရှိလေသည်။

သူတို့သည် အမြုတေစုဖွဲ့ဆေးလုံးများနှင့် ဖလှယ်ရယူဖို့အတွက် သွေးသူရိယတောင်ကြားသို့ ရောက်ရှိလာတိုင်း သူတို့သည် ဤနေရာမှာ တစ်ညတာ ကုန်ဆုံးရလေသည်။

အကြောင်းမှာ လူတိုင်းက သွေးသူရိယတောင်ကြားသို့ ရောက်ရှိသည့်အချိန်က ညနေစောင်းနေပြီဖြစ်၏။ သူတို့က နှင်းလေတောင်ကြောရိုးသို့ ညတွင်းချင်း ပြန်သွားမည်ဆိုလျှင် မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်လေသည်။

ဤကဲ့သို့ တစ်ကြိမ်ချင်းစီမှာ ချန်ရွှမ်ယန်သည် ရှချင်းယင်ကို ကြိုဆိုဧည့်ခံဖို့အတွက် သွေးသူရိယတောင်ကြားမှာ စားသောက်ပွဲတစ်ခုကို ကျင်းပပေးတတ်လေသည်။

ဤတစ်ခေါက်မှာ သွေးသူရိယတောင်ကြားကနေ ပြင်ဆင်ပေးထားသည့် စားသောက်ပွဲက ပို၍ပင် ကြီးမားခမ်းနားနေလေသည်။

သို့သော်လည်း ရှချင်းယင်သည် စားပွဲမှာ ထိုင်နေပြီး မျက်မှောင် အနည်းငယ်ကြုတ်ထား၏။ သူမသည် များစွာစားသောက်ခြင်း မရှိဘဲ အနည်းငယ် စိတ်အာရုံပျက်ယွင်းနေသည့်ပုံပင်။

ဘေးကနေ လျန့်ချိုးက စိတ်ရှိလက်ရှိ စားသောက်နေလေသည်။

မကြာ မကြာ သူသည် သူ၏ ခေါင်းကို မော့ပြီး ထူးဆန်းသည့် အမူအရာတစ်ခုနှင့်အတူ ချန်ရွှမ်ယန်နှင့် အကြည့်ချင်းဆုံတတ်လေသည်။

ရှချင်းယင်က အခြားသော အရာများကို တွေးတောနေပြီး အဲဒါကို သတိမထားမိပေ။

အတန်ကြာပြီးနောက် ချန်ရွှမ်ယန်က ညင်သာစွာ ပြုံးပြလိုက်၏။

“ချင်းယင်.. မင်းစိတ်ထဲမှာ တစ်ခုခုရှိလို့လား.. နှင်းလေတောင်ကြောရိုးက ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပြီးတဲ့နောက် မင်းက ပျော်ရွှင်နေသင့်တယ်လေ.. ဘာလို့ မျက်မှောင်ကြီးကြုတ်ထားတာလဲ”

ရှချင်းယင်က ကြိုးစား၍ ပြုံးပြလိုက်ပြီး ပြန်မဖြေဖြစ်ပေ။

သူမသည် အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းကြိတ်၍ ချနေ၏။

ရုတ်တရက် ချန်ရွှမ်ယန်က မေးလိုက်၏။

“ချင်းယင်.. နင်က ဟိုလူ့အကြောင်းကို စဉ်းစားနေတုန်းပဲလား”

ခဏမျှ ငြိမ်သက်ပြီးနောက် ရှချင်းယင်က သူမ၏ သတ္တိကို စုစည်းကာ ပြောလိုက်၏။

“ရွှမ်ယန်.. ဒီတောင်းဆိုချက်က နည်းနည်းတော့ လွန်ကဲရာကျတယ်ဆိုတာ ကျွန်မ သိပါတယ်.. ဒါပေမဲ့ သွေးသူရိယတောင်ကြားက ကျွန်မရဲ့ သက်တော်စောင့်ကို သွားခေါ်ဖို့အတွက် လူတချို့ စေလွှတ်ပေးနိုင်မလား”

All Chapters