အပြစ်ကင်းစင်မှု
Vol. 121 Ch. 1811
ချန်ရွှမ်ယန်သည် မပြောင်းလဲသော အမူအရာနှင့်အတူ သူ၏ ဝိုင်ခွက်ကိုချပြီး မေးလိုက်၏။
“ချင်းယင် သူက တပ်သားတစ်ယောက်ပဲကို... သူက အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်ပါပဲ... မင်းက ဘာလို့ သူ့ကို အဲ့လောက်ထိ စိုးရိမ်နေရတာလဲ”
“မဟုတ်ဘူး”
ရှချင်းယင်က ပြောလိုက်၏။
“ဒီတစ်ခေါက် နှင်းလေတောင်ကြောရိုးက လူတိုင်းက ရှင်သန်နိုင်ခဲ့တာ သူ့ကြောင့်ပဲ... တကယ်လို့...”
“သခင်မ...”
ထိုစဥ်မှာပင် လျန့်ချိုးက ရုတ်တရက်ပြောလိုက်၏။
“အဲ့ဒီလူရဲ့ သရုပ်သကန်နဲ့ပတ်သက်ပြီး ခင်ဗျားက အခုချိန်ထိ သံသယမဝင်သေးဘူးလား”
“ဘာကိုသံသယဝင်ရမှာလဲ”
ရှချင်းယင်က အနည်းငယ်မှင်တက်သွား၏။
လျန့်ချိုးက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“အဲ့ဒီလူရဲ့နောက်ခံက ဘာမှန်းမသိရဘူး... သူက အောက်ဘုံကနေ တက်လှမ်းလာတာလို့ပြောတယ်... ဒါပေမဲ့ သူရောက်လာတဲ့အချိန်မှာ သူက အဆင့်လေးမဟူရာအင်မော်တယ်တစ်ယောက်ဖြစ်နေပြီ”
“အဲ့ဒါ... သူက ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်ခဲ့လို့ပဲ”
ရှချင်းယင်က ရှင်းပြလိုက်၏။
“ဟဲဟဲ... သခင်မ သူ့ရဲ့ပေါက်တတ်ကရစကားတွေကို ခင်ဗျားကတကယ်ပဲ ယုံနေတာလား... သူသာ ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်ခဲ့တာဆိုရင် သူက နဂါးအသူရာချောက်နက်ကြယ်ကို ရောက်လာစရာအကြောင်းမရှိဘူး”
“အဲ့ဒါက မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့်ပါလို့ သူပြောခဲ့တယ်... ဒါပေမဲ့ အသေးစိတ်အချက်အလက်ကို သူကရှင်းမပြခဲ့ဘူး... ဘာလို့လဲဆိုတော့... သူ့မှာ ရှင်းပြစရာအကြောင်းအရင်းမရှိလို့ဘဲ... ကပ်ဘေးဖြတ်ကျော်နေစဥ်အချိန်မှာ ဘယ်လိုမတော်တဆဖြစ်ရပ်က ဖြစ်လာနိုင်မှာလဲ”
ချန်ရွှမ်ယန်သည် ထိုအချင်းအရာကိုတွေ့မြင်သောအခါ သူ၏ မျက်လုံးများက ပြုံးယောင်သန်းလာသော်လည်း သူက စကားဝင်ပြောဖို့ အလောတကြီးရှိမနေပေ။
ရှချင်းယင်က လေးနက်စွာတွေးတော၍ မျက်မှောင်ကြုတ်လိုက်၏။
လျန့်ချိုးက ချန်ရွှမ်ယန်ကို အလိုလိုလှမ်းကြည့်လိုက်၏။
ချန်ရွှမ်ယန်က မသိမသာခေါင်းညိတ်ပြပြီး သူ့ကိုဆက်ပြောဖို့ အချက်ပြလိုက်၏။
လျန့်ချိုးက အားတက်သွားပြီး ဆက်ပြောလိုက်လေသည်။
“သခင်မ... ကျုပ်ပြောတာကို စဥ်းစားကြည့်... သူက အဆင့်-၄ အင်မော်တယ်တစ်ယောက်ပဲ... ဒါပေမဲ့ သူက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့တယ်... သူက ကျုပ်တို့ရဲ့ နှင်းလေတောင်ကြောရိုးကို ဘာလာလုပ်တာလဲ”
“ကျုပ်တို့ နှင်းလေတောင်ကြောရိုးကနေ သွေးသူရိယတောင်ကြားကိုလာတဲ့ ခရီးက တစ်နေ့တာခရီးပဲ... အဲ့ဒီအချိန်မှာ ကျုပ်တို့က နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ ပက်ပင်းတိုးတယ်ဆိုတာ ဘယ်လောက်ထိ တိုက်ဆိုင်လိုက်သလဲ”
“အဲ့ဒါ တစ်ယောက်ယောက်ဆီက သတင်းပေါက်ကြားသွားတာဖြစ်ရမယ်... အဲ့ဒါက ဆူဇီမိုပဲ သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ သူလျှိုပဲ”
ထိုနေရာအရောက်တွင် ချန်ရွှမ်ယန်က ဝင်ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးလျန့်ပြောတာက အဓိပ္ပါယ်ရှိတယ်... မင်းက မျက်နှာဖုံးကိုကြည့်ပြီး စာအုပ်တစ်အုပ်ကို အကဲဖြတ်လို့မရဘူး... အဲ့ဒီလူက နှင်းလေတောင်ကြောရိုးကိုရောက်တာ တစ်နှစ်ပဲရှိသေးတယ်... သူက မင်းရဲ့ယုံကြည်မှုကိုရဖို့ တကယ်ပဲ မထိုက်တန်သေးဘူး”
“အဲ့လိုမဖြစ်နိုင်ဘူး”
ရှချင်းယင်က သူမ၏ ခေါင်းကို ခါလိုက်၏။
“တပ်သားဆူက သူလျှိုတစ်ယောက်လို့ နင်ပြောခဲ့တယ်... အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်ဖြတ်ပြီး သူတို့ကိုဆုတ်ခွာအောင် ဖိအားပေးခဲ့တာက သူပဲ... အဲ့ဒါကို လူတိုင်းက ကိုယ်တိုင်မြင်တွေ့ခဲ့တယ်”
“သခင်မ... အဲ့ဒါ ယုံကြည်မှုရဖို့အတွက် ဇာတ်တိုက်ထားတဲ့ လှည့်ကွက်တစ်ခုဆိုတာ အသိသာကြီးပဲ”
လျန့်ချိုးက အသည်းအသန်ခုခံငြင်းဆန်လိုက်၏။
“ဆူဇီမိုက အဲ့ဒါကိုလုပ်ရတာ အရမ်းကိုကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုရှိရမယ်... သူက နှင်းလေတောင်ကြောရိုးတစ်ခုလုံးအပေါ် အကွက်ချကြံစည်နေတာတောင် ဖြစ်လောက်တယ်”
“အဲ့ဒါကြောင့်ပဲ သူက ခင်ဗျားရဲ့ယုံကြည်မှုကိုရရှိဖို့ အတင်းလုပ်ယူနေတာ”
ရှချင်းယင်က မယုံကြည်နိုင်ဟန်ဖြင့် သူမ၏ ခေါင်းကို ခါပြလိုက်၏။
လျန့်ချိုးက ဆက်ပြောလိုက်၏။
“သခင်မ... ကျုပ်ပြောတာကို စဥ်းစားကြည့်... ခင်ဗျားက သားရဲတောကောင်တစ်ကောင်ကို မစီးနင်းဘူးဆိုရင် ကြေးခွံနက်မိစ္ဆာဝံပုလွေတွေကို ဘယ်လိုလုပ်လိုက်မီနိုင်ပါ့မလဲ... ဒါပေမဲ့ ဆူဇီမိုက သူတို့နောက်ကို ခြေလျင်လိုက်သွားခဲ့တယ်”
“အဲ့ဒီတုန်းက သူထွက်သွားတာက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နောက်ကို အမဲလိုက်ဖို့ သေချာပေါက်မဟုတ်နိုင်ဘူး... သူက ကျန်တဲ့ နတ်ဆိုးဝံပုလွေတပ်ဖွဲ့ဝင်တွေနဲ့ နောက်ထပ်ကြီးမားတဲ့ အကြံအစည်ကို သွားပြီးတော့ ဆွေးနွေးဖို့ဖြစ်မယ်”
“ဘာအကြံအစည်လဲ ငါ့ကိုလဲပြောပြစမ်းပါဦး”
ထိုစဥ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။
လူသုံးယောက်က ခန်းမထဲသို့ လျှောက်လှမ်းဝင်ရောက်လာလေသည်။ အလယ်မှာရှိသောလူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိလေသည်။ အဲ့ဒါက ဆူဇီမိုဖြစ်၏။
သူ့ဘေးမှာရှိသောနှစ်ယောက်က သူ့ကို လမ်းပြဖို့ စောင့်ကျန်ရစ်ခဲ့သော နှင်းလေတောင်ကြောရိုးမှ အစောင့်တပ်သားနှစ်ယောက်ဖြစ်လေသည်။
အစောင့်တစ်ယောက်က ရှချင်းယင်ကို ပြုံးပြလိုက်၏။
“သခင်မ... တပ်သားဆူက ပြန်ရောက်လာပြီ”
ရှချင်းယင်က ဆူဇီမိုပြန်ရောက်လာသည်ကို တွေ့မြင်သောအခါ သူမ၏ မျက်လုံးက ဝင်းလက်သွားပြီး ကျေနပ်နှစ်ခြိုက်သောအမူအရာနှင့်အတူ မတ်တတ်ထကာ သူ့ကိုကြိုဆိုလိုက်၏။
ထိုသည်ကိုတွေ့မြင်သောအခါ ချန်ရွှမ်ယန်၏ မျက်လုံးအနက်ပိုင်းထဲတွင် အေးစက်စက်အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။
“တပ်သားဆူ... ရှင် အဆင်ပြေရဲ့လား”
ရှချင်းယင်သည် ဆူဇီမိုကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြုံးပြလိုက်၏။
“စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် သခင်မလေး... ကျုပ်အဆင်ပြေပါတယ်”
ချန်ရွှမ်ယန်၏ အကြည့်က လျမ့်ချိုးဘက်သို့ ရွေ့လျားသွားလေသည်။
လျန့်ချိုးက ချက်ချင်းပင်နားလည်သွားပြီး ရုတ်တရက် စားပွဲကိုဘန်းခနဲမြည်အောင် ပစ်ရိုက်လိုက်၏။ သူက ဆူဇီမိုကို လက်ညိုးထိုးပြီး အော်ပြောလိုက်လေသည်။
“ဆူဇီမို... မင်းဘယ်လိုတောင် ပြန်လာရဲတာလဲ”
“ငါပြန်မလာဘူးဆိုရင် ငါက သူလျှိုတစ်ယောက်ဆိုပြီး စွပ်စွဲခံရမှာပေါ့”
ဆူဇီမိုက အေးစက်စွာဖြင့် ထေ့ငေါ့လိုက်၏။
ရှချင်းယင်က မျက်မှောင်ကြုတ်ပြီး လျန့်ချိုးကို လှည့်ကြည့်လိုက်၏။
“လျန့်ချိုး နင်ဘာမှဆက်မပြောနဲ့တော့... တပ်သားဆူက သူလျှိုမဖြစ်နိုင်ဘူး... ငါသူ့ကိုယုံတယ်”
“ချင်းယင်...”
ထိုစဥ်မှာပင် ချန်ရွှမ်ယန်က ဖြည်းဖြည်းချင်းထရပ်ပြီး အနားသို့ချဥ်းကပ်လာခဲ့၏။ သူက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးပြောလိုက်လေသည်။
“ခေါင်းဆောင်တပ်မှူးလျန့်ပြောတာက... လုံးလုံးမဖြစ်နိုင်တာတော့ မဟုတ်လောက်ဘူးလို့ ငါထင်တယ်... ရုတ်တရက်ရောက်ရှိလာတဲ့သူတွေကို ငါတို့က သတိထားရမယ်”
“နှင်းလေတောင်ကြောရိုးကို သူရောက်လာတဲ့အချိန်မှာပဲ ငါတို့ရဲ့ ပိုင်နက်ထဲမှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ပေါ်ထွက်လာတယ်... အဲ့ဒီနှစ်ချက်က ဆက်စပ်နေနိုင်တယ်”
ဆူဇီမိုက မည်သည့်စကားမှ မဆိုဘဲ ပြုံးစစဖြင့် ချန်ရွှမ်ယန်ကို ကြည့်နေ၏။
ခန်းမထဲမှာ ပညာရှင်များစွာပုန်းလျှိုးနေသည်ကို သူက အာရုံခံနိုင်လေသည်။
အဆင့်-၅ မဟူရာအင်မော်တယ်များအပြင် အဲ့ဒီမှာ အဆင့်-၆ မဟူရာအင်မော်တယ်အချို့လည်း ရှိလေသည်။
ဒါ့အပြင် ချန်ရွှမ်ယန်ကိုယ်တိုင်ကကို အဆင့်-၆ မဟူရာအင်မော်တယ် ပညာရှင်တစ်ယောက်ဖြစ်လေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်အရ သူသည် ဤနေရာပတ်ဝန်းကျင်ကို ရှင်းလင်းစွာ စစ်ဆေးကြည့်နိုင်လိမ့်မည် မဟုတ်ပေ။
သူသော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပေါင်းစည်းထားခြင်းဖြစ်ပြီး တုန်လှုပ်စရာကောင်းသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ဖြတ်ကျော်ထားခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ် နယ်ပယ်သည် သူ့ကျင့်ကြံမှုနယ်ပယ်ထက် များစွာကျော်လွန်သွားပြီး အဲ့ဒါက အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်၏ နယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။
တကယ်တော့... ဆူဇီမိုသည် ယခုအချိန်တွင် သွေးသူရိယတောင်ကြားမှာ ရောက်ရှိနေ၏။ ဤကိစ္စ၏ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူသည် ချန်ရွှမ်ယန်ဖြစ်သည်ဆိုသည်ကို သူသိထားသည်ဆိုလျှင်တောင် သူက ထိုသူနှင့် ပြောင်ပြောင်တင်းတင်း အတိုက်အခံမပြုလုပ်နိုင်ပေ။
နဂါးအသူရာချောက်နက်ကြယ်၏ အဖွဲ့အစည်းကြီးရှစ်ခုထဲမှ တစ်ခုအနေဖြင့် သွေးသူရိယတောင်ကြားမှာ ပုန်းလျှိုးနေသော ပညာရှင်များစွာရှိလေသည်။
သူက သွေးသူရိယတောင်ကြားနှင့် ယနေ့အတိုက်အခံပြုလုပ်မည်ဆိုလျှင် နှင်းလေတောင်ကြောရိုးမှလူတိုင်းကို မပြောနှင့် သူပင်လျှင် အသက်ရှင်လျက် ထွက်ခွာနိုင်ချင်မှ ထွက်ခွာနိုင်ပေလိမ့်မည်။
လျန့်ချိုးက ဟိတ်ဟန်တစ်ခွဲသားဖြင့် မေးမြန်းလိုက်၏။
“သခင်လေးချန်... ကျုပ်တို့က ဆူဇီမိုကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ခင်ဗျားထင်လဲ... ကျုပ်အထင်တော့ နောက်ရန်ရှင်းသွားအောင် ကျုပ်တို့က သူ့ကို သတ်ပစ်လိုက်သင့်တယ်”
“မရဘူး”
ရှချင်းယင်က အေးစက်နေသောအမူအရာနှင့် ငြင်းဆန်လိုက်လေသည်။
သူမ၏ အမူအရာက စိမ်းသက်လာခဲ့ပြီး လျန့်ချိုးကို မမှိတ်မသုန်စိုက်ကြည့်လိုက်၏။
လျန့်ချိုးသည် လက်ရှိအခြေအနေကို အသုံးချပြီး လက်စားချေဖို့ ကြိုးစားနေသည်ကို သူမပြောနိုင်လေသည်။
ဤတစ်ခေါက် နှင်းလေတောင်ကြောရိုးသို့ ပြန်ရောက်လျှင် သူမသည် လျန့်ချိုးကို ပြင်းပြင်းထန်ထန်သေချာပေါက် အပြစ်ပေးရပေလိမ့်မည်။
လျန့်ချိုးသည် ရှချင်းယင်နှင့် အကြည့်ချင်းမဆုံရဲပေ။
သူက သူ၏ အခြေအနေနှင့်ပတ်သက်၍ သိရှိထားခဲ့ပြီဖြစ်ပြီး နှင်းလေတောင်ကြောရိုးသို့ ပြန်လည်ရောက်ရှိပါက အပြစ်ပေးခံရမည်ကိုလည်း သိရှိလေသည်။ အဲ့ဒါကြောင့် သူသည် သွေးသူရိယတောင်ကြားသို့ ရောက်ရှိလာပြီးနောက် ချန်ရွှမ်ယန်နှင့် တိတ်တဆိတ်သွားရောက်တွေ့ဆုံခဲ့လေသည်။
ချန်ရွှမ်ယန်က ပြုံးပြလိုက်၏။
“သူ့ကိုတစ်ခါတည်းသတ်ပစ်ဖို့ကတော့ တစ်ဖက်သတ်ဆန်ရာကျတယ်... ငါ့အထင်တော့ ငါတို့က ဒီလူကို လောလောဆယ်မှာ ထိန်းသိမ်းထားပြီး သူ့ရဲ့နောက်ခံကို စစ်ဆေးဖော်ထုတ်ပြီးမှ ဆုံးဖြတ်ချက်ချရမယ်”
ချန်ရွှမ်ယန်သည် အပေါ်ယံအားဖြင့် ပြုံးနေသော်လည်း သူ၏ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေခဲ့လေပြီ။
ဆူဇီမိုကို အမှန်တကယ် ထိန်းသိမ်းပြီးလျှင်း သူ့ကိုမည်သို့မည်ပုံကိုင်တွယ်ရမလဲ ဆုံးဖြတ်မည်က သူတစ်ယောက်တည်းသာလျှင် ဖြစ်လိမ့်မည်မဟုတ်ပေ။
“ဟင့်အင်း”
ရှချင်းယင်က သူမ၏ ခေါင်းကို ခါယမ်းလိုက်ဆဲ ဖြစ်၏။
ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။
“ငါက... နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ ပတ်သက်နေတယ်လို့ မင်းသံသယဝင်နေတာမလား”
“အမှန်ပဲ”
လျန့်ချိုးက လှောင်ရယ်လိုက်၏။
“မင်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့က တချို့တလေကို သတ်ဖြတ်လိုက်ရုံနဲ့ မင်းကိုယ်မင်းအပြစ်ကင်းစင်ပါတယ်လို့ သက်သေပြနိုင်မယ်လို့မထင်နဲ့”
“အဲ့လိုလား”
ဆူဇီမိုက လျန့်ချိုးကိုပြုံးပြပြီး အေးစက်စွာပြောလိုက်၏။
“ငါက... နတ်ဆိုးဝံပုလွေတပ်ဖွဲ့က တချို့တလေကိုပဲ သတ်ဖြတ်ခဲ့တာမဟုတ်ဘူး”
ထိုနေရာအရောက်တွင် ဆူဇီမိုက ခဏမျှရပ်တန့်ပြီးနောက် သိုလှောင်အိတ်တစ်အိတ်ကို ရုတ်တရက် ထုတ်ယူလိုက်၏။ သူ့စိတ်ဝိညာဥ်အသိစိတ်၏ အတွေးတစ်ချက်နှင့်အတူ သူက သိုလှောင်အိတ်ထဲမှ အရာရာတိုင်းကို သွန်ချလိုက်လေသည်။
ချက်ချင်းပင် ခန်းမတစ်ခုလုံးက သွေးချီဖြင့် ပြည့်လျှမ်းသွား၏။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ရာနှင့်ချီသောအလောင်းများနှင့် ကြေးခွံနက်မိစ္ဆာဝံပုလွေအလောင်းများက ခန်းမထဲမှာ ပုံထပ်သွားပြီး တုန်လှုပ်စရာကောင်းသောပုံစံဖြင့် သွေးများက စီးကျသွား၏။
သူတို့အားလုံးက ဆိုးဆိုးဝါးဝါးပုံစံဖြင့် သေဆုံးထားလေသည်။
သူတို့ထဲမှအချို့သည် နှစ်ပိုင်းပြတ်ထွက်နေ၏။ သူတို့ထဲမှအချို့သည် ထက်ရှသောလက်နက်များဖြင့် စကာပေါက်ဖြစ်သည်အထိ ထိုးဖောက်ခံထားရလေသည်။
သူတို့ထဲမှ အချို့သည် သူတို့၏ မျက်လုံးများထဲရှိ နက်ရှိုင်းသောအကြောက်တရားနှင့်အတူ မျက်လုံးအပြူးသားနှင့်သေဆုံးနေကြ၏။ သူတို့က ဘယ်လိုအရာနှင့်ကြုံတွေ့ခဲ့ရသလဲ မသိရပေ။
“ဟာ...”
ခန်းမထဲရှိလူတိုင်းက တုန်လှုပ်ချောက်ချားသွားသော အမူအရာများနှင့်အတူ ပင့်သက်ကိုရှိုက်လိုက်ကြ၏။