ဓားကျိုး
Vol. 121 Ch. 1813
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဆူဇီမိုသည် အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။
နှင်းလေတောင်ကြောရိုးမှာဆို သူ့ကို ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်အဖြစ် မသတ်မှတ်နိုင်ပေ။
နှင်းလေတောင်ကြောရိုး၏ ပိုင်နက်အရှင်က အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ၏ ကာကွယ်သူက အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း ဘာ့ကြောင့်ရယ်အသိ သူမမှာ ဆဋ္ဌမမြောက်အာရုံတစ်ခု ရှိနေသည့်အလား သူမရှေ့ရှိ ဤအစိမ်းရောင်ဝတ် အမျိုးသားသည် နှင်းလေတောင်ကြောရိုးအတွက် အလွန့်အလွန်အရေးပါသည်ဟု ရှချင်းယင်က ထူးဆန်းသောခံစားချက်တစ်ခုရရှိနေ၏။
ဤလူထွက်ခွာသွားမည်ဆိုလျှင် အဲ့ဒါက နှင်းလေတောင်ကြောရိုးအတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှူတစ်ရပ်ဖြစ်သည့်အလားပင်။
ထို့ကြောင့်ပင်လျှင် သူမသည် ဆူဇီမိုကိုထိန်းထားဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုနေခြင်းဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုက သူ၏ ခေါင်းကိုသာ ညင်သာစွာခါပြလိုက်၏။
ဆူဇီမိုက ဆုံးဖြတ်ထားပြီးပြီကို ရှချင်းယင်တွေ့မြင်သောအခါ သူမက သက်ပြင်းသာချလိုက်ရ၏။
သူတို့နှစ်ယောက်က ခဏကြာသည်အထိ တိတ်တဆိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ မတ်တတ်ရပ်နေကြ၏။ သူမသည် တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား ရှချင်းယင်က သိုလှောင်အိတ်တစ်ခုကို ထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။
“တာအိုရောင်းရင်းဆူ... တိုက်ပွဲစစချင်း ရှင်တိုက်ခဲ့တဲ့ နတ်ဆိုးဝံပုလွေတပ်သားတွေရဲ့ သိုလှောင်အိတ်တွေအားလုံးကို အဲ့ဒီထဲမှာထည့်ထားတယ်... အဲ့ဒါကိုယူလိုက်ပါ”
ဆူဇီမိုက ခဏမျှတွေးတောပြီးနောက် အဲ့ဒါကို မငြင်းပယ်ပေ။
တကယ်တော့... ရှချင်းယင်က ထိုသိုလှောင်အိတ်များကို သူမဘာသာသူမ သိမ်းထားမည်ဆိုလျှင်တောင် သူက အဲ့ဒါကိုအရေးလုပ်လိမ့်မည် မဟုတ်ပေ။
သူသည်လည်းပဲ... သူ မထွက်ခွာခင် နှင်းလေတောင်ကြောရိုးအတွက် တစ်စုံတစ်ရာချန်ထားပေးခဲ့ပေးဖို့ ရည်ရွယ်ထားလေသည်။
ဆူဇီမိုသည် သိုလှောင်အိတ်ကို လက်ခံယူပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်၏။
သိုလှောင်အိတ်ထဲရှိပစ္စည်းများက နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အခြားသောသိုလှောင်အိတ်များနှင့် များစွာကွာခြားမှုမရှိပေ။ အဲ့ဒီမှာ ဓမ္မရတနာများ အင်မော်တယ်ဆေးပင်များနှင့် အမြုတေစုဖွဲ့ဆေးလုံးများပါဝင်လေသည်။ ဆူဇီမိုသည် အင်မော်တယ်ဆေးပင်များနှင့် အမြုတေစုဖွဲ့ဆေးလုံးများကို သိမ်းဆည်းလိုက်၏။ သူက ကျန်ရှိနေသော ဓမ္မရတနာများနှင့် လက်နက်များကို ရှချင်းယင်ထံ ပြန်ပေးတော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွား၏။
စောစောက သူ၏ လက်ဖဝါးသည် သိုလှောင်အိတ်တစ်အိတ်နှင့် အမှတ်တမဲ့ထိမိသွားလေသည်။
အစက သူ၏ အသိစိတ်ထဲမှာ ငြိမ်သက်နေသော စတုရန်းကြေးမီးဖိုသည် ထူးဆန်းစွာတုန်ခါသွား၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်ရင်း ထိုသိုလှောင်အိတ်ကိုကောက်ယူကာ စတင်စစ်ဆေးကြည့်လိုက်၏။
“အဲ့ဒါက ဓားပြခေါင်းဆောင်ရဲ့ သိုလှောင်အိတ်ပဲ”
ရှချင်းယင်က ပြောလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ထိုသိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေသည်။ အဲ့ဒီနောက် သူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ သူစုဆောင်းထားသော ဓမ္မရတနာများအားလုံးကို သိုလှောင်အိတ်တစ်အိတ်ထဲသို့ စုပြုံထည့်ကာ ရှချင်းယင်ကို ကမ်းပေးလိုက်သည်။
“တာအိုရောင်းရင်းဆူ... ရှင်... ဘာလုပ်တာလဲ”
ရှချင်းယင်က အနည်းငယ်ငေးငိုင်နေ၏။
အဲ့ဒီမှာ မဟူရာအဆင့် ဓမ္မရတနာ ၅၀၀ ကျော်ရှိလေသည်။
သူတို့အားလုံးက နိမ့်ကျမဟူရာအဆင့် လက်နက်များဖြစ်သော်လည်း အဲ့ဒါက နှင်းလေတောင်ကြောရိုးအတွက် အလွန်တရာအဖိုးတန်လေသည်။
နှင်းလေတောင်ကြောရိုးရှိ မဟူရာအင်မော်တယ်များ၏ ထက်ဝက်ကျော်မှာ မဟူရာအဆင့် ဓမ္မရတနာများမရှိကြပေ။
နှင်းလေတောင်ကြောရိုး၏ အစောင့်တပ်သားများမှာပင်လျှင် သူတို့ထဲမှ အယောက်တစ်ယောက်ကျော်ကျော်ကသာ ဓမ္မရတနာများကို ပိုင်ဆိုင်ထားကြ၏။
နှင်းလေတောင်ကြောရိုးသည် ထိုဓမ္မရတနာများကို ရရှိမည်ဆိုလျှင် သူတို့၏ အလုံးစုံတိုက်ခိုက်ရည်ခွန်အားက သိသိသာသာတိုးလာပေလိမ့်မည်။
“ယူလိုက်ပါ”
ဆူဇီမိုက ပြုံးပြလိုက်၏။
ထိုမဟူရာအဆင့် ဓမ္မရတနာများသည် သူ့အတွက် သုံးစား၍ မရသလောက်နီးပါးပင်။
သူ၏ အဆင့်-၉ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုနိမ့်ကျမဟူရာအဆင့် ဓမ္မရတနာများထက် အပြတ်အသတ်သာလွန်လေသည်။
“အဲ့ဒါက အရမ်းကိုအဖိုးတန်လွန်းတယ်”
ရှချင်းယင်က အဲ့ဒါကို မယုံကြည်နိုင်သေးသလို လက်မခံသေးပေ။
ဆူဇီမိုက ပြုံးပြလိုက်၏။
“အဲ့ဒါကို မင်းရသင့်ပါတယ်... နဂါးအသူရာချောက်နက်ကြယ်ပေါ်ကို ကျုပ်ပထမဆုံးရောက်လာတုန်းက ခင်ဗျားက ကျုပ်ကို ဆေးပုလင်းတစ်လုံးနဲ့ ဖုန်မှုန့်ဖယ်ရှားအဆောင်တစ်ခု ပေးခဲ့တာကို ကျုပ်သတိရသေးတယ်”
ရှချင်းယင်၏ မျက်လုံးက နီမြန်းသွား၏။
အရင်တုန်းက ဆူဇီမိုသည် သူမ၏ မသိသာသော အပြုအမူတစ်ခုကို အမှတ်ရနေဆဲဖြစ်လိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
ဒါ့အပြင် သူသည် ဤကဲ့သို့ ကြီးမားသော ဆုလာဘ်တစ်ခုကိုပင် သူမအား ပြန်ပေးလာခဲ့လေသည်။
တန်ဖိုးအားဖြင့်ယှဥ်လျှင် နိမ့်ကျမဟူရာအဆင့် ဓမ္မရတနာတစ်ခုသည် ထိုဆေးပုလင်းနှင့် ဖုန်မှုန့်ဖယ်ရှားအဆောင်များ၏ အရေအတွက်သိန်းချီနှင့် ဖလှယ်ရယူဖို့ လုံလောက်လေသည်။
ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဘေးပတ်လည်ကို ဂရုတစိုက်စစ်ဆေးအကဲခတ်လိုက်၏။ သူတို့ကို မည်သူကမှ ထောက်လှမ်းမနေသည်ကို သေချာသောအခါ သူက ပြောလိုက်၏။
“မပူပါနဲ့... ကျုပ်က နှင်းလေတောင်ကြောရိုးက ထွက်သွားပြီးရင် အချိန်တိုအတွင်းမှာ နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်သွားဦးမှာ မဟုတ်သေးဘူး”
“ဒီသတင်းပို့အဆောင်ကိုလည်းယူထား... နှင်းလေတောင်ကြောရိုးမှာ အန္တရာယ်တစ်ခုခုကျရောက်လာမယ်ဆိုရင် ဒီအဆောင်ကိုချိုးခြေလိုက် အဲ့ဒါဆို ကျုပ်သိရလိမ့်မယ်”
ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တစ်ခုကိုထုတ်ယူပြီး ရှချင်းယင်ကို ကမ်းပေးလိုက်၏။
“အင်း...”
ရှချင်းယင်က သူမမျက်လုံးထဲရှိ နှမြောတမ်းတမှု အရိပ်အယောင်တစ်ခုနှင့်အတူ သူမ၏ နှုတ်ခမ်းကို အနည်းငယ် ဖိထားလေသည်။
“အစ်ကိုဆူ... ရှင်လည်းဂရုစိုက်ရမယ်”
ဆူဇီမိုက သာမန်ကာလျှံကာ လက်ကာပြလိုက်၏။ သူက ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ရုတ်တရက်ရပ်တန့်၍ ခပ်တိုးတိုးကပ်ပြောလိုက်လေသည်။
“ကျုပ်ခင်ဗျားကို သတိပေးစရာတစ်ခုရှိတယ်... ချန်ရွှမ်ယန်ကို သတိထား”
ချန်ရွှမ်ယန်သည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့နှင့် ပူးပေါင်းထားသည်ကို သူကထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။
အဲ့ဒါနှင့်ပတ်သက်၍ မည်သည့်သက်သေအထောက်အထားမှ မရှိပေ။ သူက အဲ့ဒါကိုပြောလိုက်မည်ဆိုလျှင်တောင် သူ၏ တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်နေပေလိမ့်မည်။ သူက ရှချင်းယင်ကို သတိသာပေးနိုင်လေသည်။
“အင်း...”
ရှချင်းယင်က ခေါင်းညိတ်ပြလိုက်၏။
ရှချင်းယင်သည် အဲ့ဒါကို သိရှိထားသည့်အလား သူမ၏ အမူအရာက တည်ငြိမ်နေသည်ကိုတွေ့မြင်သောအခါ သူက အံ့အားသင့်သွားရလေသည်။
“မင်းလည်း အဲ့ဒါကို သိထားတာလား”
“ကျွန်မအရင်တုန်းက... သံသယဝင်ခဲ့ရုံပါပဲ”
ရှချင်းယင်က ပြောလိုက်၏။
“ရှင်ထွက်သွားပြီးမကြာခင်မှာပဲ ချန်ရွှမ်ယန်က ပေါ်ထွက်လာခဲ့တယ်... အဲ့ဒါက အရမ်းကိုတိုက်ဆိုင်လွန်းနေတာ မဟုတ်ဘူးလား... နောက်ပြီး အဲ့ဒီကိစ္စကို နတ်ဆိုးဝံပုလွေဓါးပြအဖွဲ့က သေချာပေါက်ပြန်လည်သိရှိသွားတော့မယ့်အတိုင်း ရှင်က နှင်းလေတောင်ကြောရိုးကနေ မရမကထွက်ခွာချင်နေခဲ့တယ်လေ”
“သူတို့အယောက်၅၀၀ စလုံးက သေဆုံးသွားပြီ.. အဲ့ဒီသတင်းက ပေါက်ကြားမယ်ဆိုရင် အဲ့ဒါက သွေးသူရိယတောင်ကြားကနေပဲဖြစ်မယ်”
ဆူဇီမိုက သူ၏ မျက်လုံးထဲရှိ ချီးကျူးလိုမှုနှင့်အတူ မသိမသာခေါင်းညိတ်ပြလိုက်၏။
သူ့ရှေ့ရှိအမျိုးသမီးသည် အလွန်တရာ ပါးရည်နပ်ရည်ရှိလေသည်။ သူမအနေဖြင့် ကျန်ရစ်ခဲ့သော သဲလွန်စအချို့ကနေ တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိနိုင်သည်က တကယ့်ကို အထင်ကြီးစရာဖြစ်လေသည်။
ပို၍ပင်အထင်ကြီစရာကောင်းသည်မှာ ရှချင်းယင်သည် ချန်ရွှမ်ယန်ကို သံသယဝင်နေတာတောင် သူမ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။
ရှချင်းယင်က ချန်ရွှမ်ယန်နှင့်ဖြစ်စေ... သွေးသူရိယတောင်ကြားနှင့်ဖြစ်စေ အတိုက်အခံပြုလုပ်လိုက်မည်ဆိုလျှင် သူမက သေချာပေါက် ချက်ချင်းထိခိုက်ခံစားရမည်ဖြစ်ပြီး နှင်းလေတောင်ကြောရိုးကလည်း ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ရှချင်းယင်သည် အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါက ချန်ရွှမ်ယန်သည် အူမြူးအားရ၍ ဆက်လက်ဟန်ဆောင်နေပေလိမ့်မည်။
“အစ်ကိုဆူ... ရှင်ဘယ်အချိန်ထွက်ဖို့ပြင်ဆင်ထားလဲ”
ရှချင်းယင်က မေးလိုက်၏။
“မနက်ဖြန်ကျမှ ကျွန်မတို့နဲ့အတူ မသွားချင်ဘူးလား”
သွေးသူရိယတောင်ကြားကဖြစ်စေ... ချန်ရွှမ်ယန်ကဖြစ်စေ ဆူဇီမိုကိုထိခိုက်အောင်လုပ်မည်ကို သူမက စိုးရိမ်နေ၏။
ဘာပဲပြောပြော ချန်ရွှမ်ယန်၏ အစီအစဥ်သည် ယနေ့ဆူဇီမိုကြောင့် ပျက်စီးသွားခဲ့ရလေပြီ။ သို့သော်လည်း ဆူဇီမိုသည် နှင်းလေတောင်ကြောရိုးမှ လူတိုင်းနှင့် အတူသွားမည်ဆိုလျှင် ချန်ရွှမ်ယန်အနေဖြင့် ပြောင်ပြောင်တင်းတင်းလှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့က ခက်ခဲပေလိမ့်မည်။
“ငါတို့... ပြန်တွေ့ကြရမှာပါ”
ဆူဇီမိုက မရေမရာပြန်ဖြေလိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ကျုပ်က တစ်စုံတစ်ယောက်ကို ခေါ်သွားဖို့အတွက် နှင်းလေတောင်ကြောရိုးကို ရောက်ရင် ရောက်လာလိမ့်မယ်... ခင်ဗျားအဲ့ဒါကို သဘောတူပေးဖို့ ကျုပ်မျှော်လင့်တယ်”
“ကိစ္စမရှိဘူး”
ရှချင်းယင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက လှည့်ထွက်သွားပြီး ရှချင်းယင်ကို ကျောပေးကာ လက်ပြလိုက်လေသည်။
ရှချင်းယင်က ဆူဇီမိုအခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားသည်ကို စောင့်ကြည့်ပြီးမှ နှမြောတမ်းတစွာဖြင့် ထွက်ခွာသွားလေသည်။
ညနက်ပိုင်းသို့ ရောက်ရှိလာခဲ့၏။
ဆူဇီမိုက အနားယူခြင်းမရှိပေ။
သူ၏ အခန်းထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူက ဓားပြခေါင်းဆောင်၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်၏။
စတုရန်းကြေးမီးဖိုထံမှ တုံ့ပြန်မှုတစ်ခုကိုပင် နှိုးဆွနိုင်အောင် ထိုသိုလှောင်အိတ်ထဲမှာ ဘာရှိနေမလဲ သူက သိချင်စိတ်ပြင်းပြနေ၏။
သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး သိုလှောင်အိတ်ပေါ်ရှိ စိတ်ဝိညာဥ်အသိစိတ်အမှတ်သားကို အားသုံး၍ ဖျက်ဆီးကာ အဲ့ဒါကို ဖွင့်ကြည့်လိုက်၏။
သိုလှောင်အိတ်ထဲမှာ အင်မော်တယ်ဆေးပင်များ မရှိသော်လည်း အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းဝန်းကျင်လောက်ရှိလေသည်။ အဲ့ဒါသည် နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အခြားသူများအားလုံး၏ စုစုပေါင်းဆေးလုံးအရေအတွက်နှင့် တူညီသလောက်နီးပါးရှိလေသည်။
ဆူဇီမိုသည် အမြုတေစုဖွဲ့ဆေးလုံးများကို သိမ်းဆည်းပြီး ဆက်လက်၍ စစ်ဆေးကြည့်ရှုလိုက်၏။
အမြုတေစုဖွဲ့ဆေးလုံးများအပြင် သူ၏ သိုလှောင်အိတ်ထဲမှာ အခြားသော မဟူရာအဆင့် ဓမ္မရတနာတချို့ရှိလေသည်။ သူတို့ထဲမှ အကောင်းဆုံးက အလယ်အလတ်အဆင့်သာဖြစ်လေသည်။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အလယ်အလတ်မဟူရာအဆင့် လက်နက်များက သူ၏ စိတ်အာရုံကို ရရှိဖို့မထိုက်တန်ပေ။
ထိုစဥ်မှာပင် ဆူဇီမို၏ အကြည့်က ရွေလျားသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
သိုလှောင်အိတ်၏ ထောင့်တစ်နေရာတွင် သူက မီးခိုးရောင်ဓားကျိုးတစ်လက်ကိုတွေ့မြင်သွားလေသည်။
ဓားကျိုးက မည်သည့်ထက်ရှမှုမှမရှိဘဲ မှေးမှိန်နေပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။ အဲ့ဒါက အမှိုက်စတစ်စနှင့် တူညီလေသည်။
သို့သော်လည်း ဆူဇီမိုက ဓားကျိူးကို ကောက်ယူလိုက်သောအခါ စတုရန်းကြေးမီးဖိုက နောက်တစ်ဖန် တုန်ခါလာခဲ့၏။