အစစ်အမှန်နဂါး လျှပ်စီးကိုးချက်
Vol. 121 Ch. 1814
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ဓားကျိုးကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေသော်လည်း မည်သည့် ထူးခြားမှုကိုမှ မတွေ့မြင်ရပေ။
ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူက ဓားကျိုးကို စတုရန်းကြေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။
စတုရန်းကြေးမီးဖို၏ အတွင်းဘက်မှာ အပူချိန်က မြင့်တက်လာပြီး ဓားကျိုးကို အရည်ဖျော်ဖို့အတွက် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ဖြစ်စဉ်တစ်ခုလုံးကို စတုရန်းကြေးမီးဖိုက သူ့ဘာသာသူ ပြုလုပ်သွားခြင်းဖြစ်၏။
တစ်နာရီခန့်ကြာပြီးနောက်.. ဓားကျိုးသည် စတုရန်းကြေးမီးဖို၏ လုံးဝ သန့်စင်ခြင်း ခံလိုက်ရပြီး အညိုရောင် အရည်များအဖြစ် ပြောင်းလဲသွားလေသည်။
စတုရန်းကြေးမီးဖိုက ဓားကျိုး၏ စွမ်းအားကို စတင်စုပ်ယူလိုက်၏။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်ပြီး စတုရန်းကြေးမီးဖို၏ ကြေနေသော အခြားနံရံများက ပြန်လည်ကောင်းမွန်လာမည့် မည်သည့် လက္ခဏာမှ မပြသသည်ကို တွေ့မြင်လိုက်ရ၏။ ဓားကျိုး၏ စွမ်းအားသည် နဂါးအရုပ်ရှိရာ မီးဖို၏ ပြန်လည်ပြုပြင်ထားသော နံရံပေါ်သို့ တိုက်ရိုက်ဦးတည်သွားသည်ကို တွေ့မြင်လိုက်ရလေသည်။
ရုတ်တရက်ဆိုသလို..
စတုရန်းကြေးမီးဖို၏ အပြင်ဘက် နံရံပေါ်ရှိ နတ်နဂါးက ရုတ်တရက် ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်လေသည်။
လူနှင့် နဂါးက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နတ်နဂါး၏ မျက်လုံးထဲမှာ ဂမ္ဘီရဆန်ဆန် အလင်းတစ်ခု ပစ်လွင့်လာပြီး ဆူဇီမို၏ မျက်လုံးထဲသို့ ဝင်ရောက်သွားသည်ဟု ထင်ရလေသည်။
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွား၏။
နောက်ခဏ၌.. သူ၏စိတ်ထဲမှာ လျှို့ဝှက်အတတ်တစ်ခုက ပေါ်ထွက်လာလေသည်။
“အစစ်အမှန်နဂါးလျှပ်စီးကိုးချက်”
ဆူဇီမိုက အလိုလိုရေရွတ်လိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ နဂါးအရိုးတောင်ကြားမှာ နဂါးမျိုးနွယ်၏ ရှေးဟောင်းကျမ်းစာအုပ်များစွာကို လှန်လှောဖတ်ရှုခဲ့ဖူးသော်လည်း သူသည် ဤကဲ့သို့ ဆင်တူသော လျှို့ဝှက်အတတ်များကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
အဲဒါသည် အထက်ဘုံမှ နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်မှာ သိသာလေသည်။
“ထူးဆန်းတယ်… စတုရန်းကြေးမီးဖိုရဲ့ အတွင်းဘက် နံရံတွေထဲမှာ ဗုဒ္ဓဝါဒ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ သက္ကတဘာသာစကားကို ရေးထိုးထားတယ်.. ဒါပေမဲ့ အပြင်ဘက် နံရံပေါ်မှာတော့ နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ်တွေ..”
ဆူဇီမိုသည် စတုရန်းကြေးမီးဖို၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ သိချင်စိတ် ပြင်းပြလာခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် အဲဒါကို စဉ်းစားတွေးတောနေဖို့ အချိန်မရပေ။ သူသည် လျှို့ဝှက်အတတ် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ချက်ချင်းပင် မှတ်သား၍ တစ်စတစ်စ နားလည်ဆင်ခြင်လိုက်၏။
လေးနာရီခန့်ကြာပြီးနောက်.. ဆူဇီမိုက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။
နဂါးမျိုးနွယ်၏ ဤလျှို့ဝှက်အတတ်သည် အလွန်တရာ ထူးခြားဆန်းကြယ်ပြီး ရှုပ်ထွေးလေသည်။ လူသားစစ်စစ်တစ်ယောက်ဖြစ်စေ.. အခြားတစ်ယောက်ယောက်ဖြစ်စေ.. အဲဒါကို ကျင့်ကြံမည်ဆိုပါက နှစ်ပေါင်းဆယ်ချီ သို့မဟုတ် နှစ်ပေါင်းရာချီကြာမှသာ အဲဒါကို နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားခဲ့လေသည်။
နဂါးမျိုးနွယ်၏ ဤလျှို့ဝှက်အတတ်ကို ကျင့်ကြံခြင်းက သူ့အတွက် ပိုမိုလွယ်ကူလေသည်။
လေးနာရီကြာရုံမျှနှင့် သူသည် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နိုင်ခဲ့လေပြီ။
ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။ ဖျတ်ခနဲဆို သူက နေရာကနေ ပျောက်ကွယ်သွား၏။
သူ ပြန်လည်ပေါ်ထွက်လာသောအခါ သူက အခန်း၏ အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။
ဆူဇီမို၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာ၏။
ဤလျှို့ဝှက်အတတ်သည် စုစုပေါင်း အဆင့်ကိုးဆင့် ပါဝင်သော နဂါးမျိုးနွယ်၏ ထိပ်တန်းအဆင့် လှုပ်ရှားမှု နည်းစနစ်တစ်ခု ဖြစ်ပေလိမ့်မည်။
အဲဒါကို ထုတ်ဖော်လိုက်သည်နှင့် တည်နေရာရွှေ့ပြောင်းခြင်းနှင့် နီးစပ်သော သက်ရောက်မှုတစ်ခုကို ထုတ်ဖော်ပေးပြီး တည်နေရာတစ်ခုကနေ အခြားတည်နေရာတစ်ခုသို့ ရုတ်တရက် ပြောင်းလဲပေးနိုင်လေသည်။
တကယ်တော့ ရွှေ့ပြောင်းပေးနိုင်သည့် အကွာအဝေးက သိပ်ပြီးမများပေ။
တည်နေရာရွှေ့ပြောင်းခြင်းသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။
အထက်ဘုံမှာ လူတစ်ယောက်သည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ဖို့အတွက် ကောင်းကင်အမြုတေနယ်ပယ်သို့ ရောက်ရှိနေရပေမည်။ အဲဒါသည် ဒဏ္ဍာရီလာ ကောင်းကင်ဘုံအင်မော်တယ် ဖြစ်လေသည်။ သို့သော်လည်း အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ ပထမအဆင့်မှာ တည်နေရာရွှေ့ပြောင်းခြင်းနှင့် ဆင်တူသော လှုပ်ရှားမှု နည်းစနစ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
သူက အဆင့်နှစ်ကို ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် နှစ်ကြိမ်ဆင့်၍ အဲဒါကို ထုတ်ဖော်နိုင်မည်ဖြစ်၏။
သူသည် ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် သူသည် သူ၏ တည်နေရာကို ကိုးကြိမ်ဆက်တိုက်ဆင့်၍ ရွှေ့ပြောင်းနိုင်မည် ဖြစ်လေသည်။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တိုက်ပွဲပေါင်း မြောက်များစွာကို တိုက်ခိုက်ခဲ့ဖူးလေသည်။
သူသည် ဤလှုပ်ရှားမှု နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ပါက တိုက်ပွဲတစ်ပွဲမှာ ဘယ်လောက်အရေးပါမလဲ ကောင်းကောင်းသိလေသည်။
အမြဲမပြတ် ပြောင်းလဲနေသော တိုက်ပွဲတစ်ခုမှာ ဤကဲ့သို့ အံ့မခန်း လှုပ်ရှားမှုနည်းစနစ်ကို ပိုင်ဆိုင်ထားပါက သူသည် တစ်ဖက်ရန်သူအပေါ် လက်ဦးမှု ရယူနိုင်ပေလိမ့်မည်။
လေးနာရီကြာပြီးနောက် ဆူဇီမိုက ၎င်း၏ အဆင့်တစ်ကို တတ်မြောက်လာခဲ့၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ကြည့်ပြီး အလေးအနက် စဉ်းစားတွေးတောလိုက်၏။
ထိုအခိုက်အတန့်မှာ စတုရန်းကြေးမီးဖို၏ အပြင်ဘက် နံရံပေါ်ရှိ နတ်နဂါး၏ မျက်လုံးများက တစ်ဖန်မှိတ်သွားခဲ့လေပြီ။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ပြီးပြည့်စုံမှု မရှိပေ။ ဆူဇီမိုထင်တာ မမှားဘူးဆိုလျှင် ကျန်ရှိနေသော သက္ကတဘာသာစကားကို အခြားသော အတွင်းဘက်နံရံသုံးခုပေါ်မှာ ရေးထိုးထားခြင်း ဖြစ်နိုင်လေသည်။
အဲဒါဆို စတုရန်းကြေးမီးဖို၏ အခြားသော အပြင်ဘက် နံရံသုံးခုပေါ်မှာလည်း မတူညီသော လျှို့ဝှက်အတတ်များ ရှိနေသည်ဟု ဆိုလိုသည် မဟုတ်ပါလား။
စတုရန်းကြေးမီးဖိုကို အပြည့်အဝ ပြန်လည်ပြုပြင်နိုင်မည်ဆိုလျှင် ဘာဖြစ်လာမလဲ။
သူသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်၍ တက်လှမ်းလာစဉ်ကတည်းက စတုရန်းကြေးမီးဖိုသည် သက်ရှိတစ်ကောင်ကဲ့သို့ သူ့ကိုယ်ပိုင်အသိစိတ် ရှိလာပုံရသည်ကို ဆူဇီမိုက ခံစားမိနေခဲ့၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား စတုရန်းကြေးမီးဖိုကို သိမ်းဆည်းပြီး တောက်ပသော အကြည့်နှင့်အတူ ခပ်လှမ်းလှမ်း အမှောင်ထုကို ကြည့်လိုက်လေသည်။
သိပ်မကြာခင် အမှောင်ထုထဲကနေ ပုံရိပ်တစ်ခုက လျှောက်လှမ်းကာ ရောက်ရှိလာ၏။ အဲဒါက သွေးသူရိယတောင်ကြား၏ သခင်လေး ချန်ရွှမ်ယန် ဖြစ်လေသည်။
“ညီအစ်ကိုဆူ.. ခင်ဗျားရဲ့ အာရုံခံစိတ်က တော်တော်ထက်ရှတာပဲ”
ချန်ရွှမ်ယန်က ညင်သာစွာ ပြုံးပြ၍ ဆူဇီမိုကို ချီးကျူးလိုက်လေသည်။
ဆူဇီမိုက ထိုစကားမှာ လုံးဝ ယိမ်းယိုင်သွားခြင်း မရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။
“သခင်လေးချန်.. အခုလို ညနက်ကြီး ခင်ဗျား ဒီကို ဘာလို့ရောက်လာတာပါလိမ့်”
ချန်ရွှမ်ယန်က ပြုံးပြလိုက်၏။
“ကျုပ်က မိတ်ဆွေဖွဲ့ရတာကို သဘောကျတယ်လေ.. ခင်ဗျားက နှင်းလေတောင်ကြောရိုးကနေ ထွက်ခွာချင်တယ်ဆိုတော့ ခင်ဗျားမှာ တခြားသွားစရာနေရာ မရှိသေးဘူးဆိုရင် ကျုပ်တို့ သွေးသူရိယတောင်ကြားမှာ နေပါလား”
“ညီအစ်ကိုဆူ.. စိတ်သာချ.. ခင်ဗျားက အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်ဆိုပေမဲ့ သွေးသူရိယတောင်ကြားမှာ ခင်ဗျားရဲ့ အဆင့်အတန်းက အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ထက် သေချာပေါက် လျော့ကျမှာ မဟုတ်ဘူး”
“သခင်လေးချန်.. ခင်ဗျားက ကျုပ်ကို အများကြီး ပိုတွက်ပေးနေတာပဲ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ ကျုပ်က နည်းနည်း အပျင်းကြီးတယ်.. ခြေချုပ်ခံနေရတာကိုလည်း မကြိုက်ဘူး.. ကျုပ်က သွေးသူရိယတောင်ကြားမှာ နေနိုင်မှာ မဟုတ်လောက်ဘူး”
ချန်ရွှမ်ယန်က ရယ်မောလိုက်လေသည်။
“ရပါတယ်.. ခင်ဗျားက စိတ်မပါဘူးဆိုမှတော့လည်း ကျုပ်က ဖိအားမပေးပါဘူး.. ဒါပေမဲ့ သွေးသူရိယတောင်ကြားက ခင်ဗျားအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်.. ခင်ဗျား စိတ်ပါတဲ့အချိန် အချိန်မရွေးသာ ပြန်လာခဲ့”
ဆူဇီမိုက မှင်သေသေ အမူအရာတစ်ခု ရှိနေပြီး အသံတိတ်နေ၏။ တကယ်ဆို သူက စကားပြန်ပြောဖို့ကို စိတ်မပါတော့ပေ။
ချန်ရွှမ်ယန်၏ အမူအရာက တည်ငြိမ်နေပြီး ခေါင်းညိတ်ကာ လှည့်ထွက်သွားလေသည်။
သူထွက်သွားသည့် ခဏမှာပင် သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။
သွေးသူရိယတောင်ကြား၏ သခင်လေးနှင့် အဆင့်ခြောက် မဟူရာအင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် အဆင့်လေး မဟူရာအင်မော်တယ်တစ်ယောက်ကို ကိုယ်တိုင်သွားရောက် ဖိတ်ခေါ်ခြင်းဖြင့် ဆူဇီမိုကို လုံလောက်သည့် မျက်နှာသာပေးခဲ့ပြီးလေပြီ။
သို့သော် ဤလူက လိမ္မာပါးနပ်မှု မရှိပေ။
ဆူဇီမိုက သူ့ကို ငြင်းဆန်လိုက်သည့် ခဏမှာပင် ချန်ရွှမ်ယန်က ဒေါသထွက်နေခဲ့ပြီဖြစ်၏။ သို့သော်လည်း သူက အကြံသမားဖြစ်ပြီး အဲဒါကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
သူသည် ဆူဇီမို၏ နေရာကနေ ထွက်ခွာလာပြီး သူ၏ အခန်းရှိရာသို့ ဦးတည်လိုက်လေသည်။
သိပ်မကြာခင် သူ့နောက်ဘက်ရှိ အမှောင်ထုထဲမှာ ခပ်ဖျော့ဖျော့ အရိပ်တစ်ခုက ပေါ်ထွက်လာ၏။
“သခင်လေး.. ကျုပ်တို့ အဲဒီလူကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲ”
အရိပ်က မေးလိုက်ခြင်း ဖြစ်လေသည်။
ချန်ရွှမ်ယန်က သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လျှမ်းနေသော အေးစက်စက် အကြည့်တစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“အဲဒီလူမှာ လှည့်ကွက်တချို့ ရှိတယ်.. သူက ဉာဏ်လည်း အရမ်းကောင်းတယ်.. ငါက သူ့ကို အသုံးချလို့ မရဘူးဆိုမှတော့ သတ်ပစ်ရမှာပေါ့”
“နားလည်ပါပြီ”
အရိပ်က ပြန်ဖြေလိုက်၏။
ချန်ရွှမ်ယန်က ပြောလိုက်လေသည်။
“သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထား.. သူတစ်ယောက်တည်းရှိတဲ့အခါကျမှ တိုက်.. ချင်းယင်ပဲဖြစ်ဖြစ်.. နှင်းလေတောင်ကြောရိုးက တခြားတစ်ယောက်ပဲဖြစ်ဖြစ်.. အဲဒါကို မတွေ့မြင်စေနဲ့”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“နောက်ပြီး မင်းနဲ့အတူ နောက်ထပ် လူတချို့ကိုပါ ခေါ်သွား.. အမှားအယွင်း လုံးဝ ဖြစ်လို့ မရဘူး.. အဲဒီလူက နတ်ဆိုးဝံပုလွေတပ်ဖွဲ့တစ်ဖွဲ့လုံးကို ချေမှုန်းပြီး သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်တဲ့ ဓားပြခေါင်းဆောင် ချိတ်ကိုပါ သတ်ဖြတ်ခဲ့တာဆိုတော့ လျှော့တွက်လို့ မရဘူး”
“သခင်လေး မပူပါနဲ့”
အရိပ်က ပြောလိုက်လေသည်။
“ကျုပ်က အရင်တုန်းက လျန့်ချိုးနဲ့ စကားပြောခဲ့သေးတယ်.. သူက ဓားပြခေါင်းဆောင်ချိတ်ကို အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့တာပဲ.. ကျုပ်တို့က ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ကြမယ်ဆိုရင် သူက အဆင့်ငါး မဟူရာအင်မော်တယ်တစ်ယောက်ကို သေချာပေါက် သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး"
“ဟုတ်ပါပြီ.. မင်း သွားလို့ရပြီ”
ချန်ရွှမ်ယန်က လက်ကာပြလိုက်၏။
အရိပ်က ညအမှောင်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ဆူဇီမို၏ အခန်းအပြင်ဘက်မှာ အနက်ရောင် အရိပ်တချို့က တဖြည်းဖြည်း ပေါ်ထွက်လာ၏။ သူတို့သည် ညအမှောင်မှာ တစ္ဆေသရဲများကဲ့သို့ ဖြစ်ပြီး ထောက်လှမ်းသိရှိနိုင်ဖို့ ခက်ခဲလေသည်။
အခန်းထဲမှာ.. ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
သူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ချက် ဖျပ်ခနဲလက်သွားပြီး သရော်ပြုံးပြုံးလိုက်လေသည်။
“အဲဒါက နောက်ဆုံး ရောက်လာပြီပဲ”