← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

"ဆရာ ဘာလို့လဲ"

သူ့မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၍ ကျန်းယွင်ဟုန်သည် ကျူးမင်ယွမ်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ငိုလုမတတ် ဖြစ်နေသည်။

"ကျနော်က ဆရာ့အတွက် ပြောနေတာလေ.. ​​ကျနော့်ကို ဘာလို့ ပါးရိုက်ရတာလဲ"

ကျူးမင်ယွမ်က ကျန်းယွင်ဟုန်ကို လုံးမကြည့်ဘဲ ကျန်းချန်ထံ အမြန် လျှောက်သွားခဲ့သည်။

ထို့နောက် ကျန်းချန်ကို မျက်နှာမူကာ တလေးတစား ပြောလိုက်သည်။

"ဆရာကျန်း.. ဒီလူနှစ်ယောက်က သူတို့ ဘာတွေ ပြောနေမှန်းတောင် သိပုံမရဘူး.. သူတို့ စကားကို အလေးအနက် မထားပါနဲ့.. ငါတောင်းပန်ပါတယ်.. မင်းငါ့ကို အပြစ်မတင်ဘူး မဟုတ်လား"

[ဘာတွေလဲဟ]

ကျူးမင်ယွမ်၏ အပြုအမူကို မြင်လျှင် ကျန်းယွင်ဟုန်တို့ မြေးအဘိုးနှစ်ယောက်သည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်ကာ အံ့သြ ထိတ်လန့်သွားကြသည်။

ကျူးမင်ယွမ် ဆိုသည်မှာ ပေတန်းခန်းမ၏ အကြီးအကဲ အဂ္ဂိရတ် ပညာရှင် ဖြစ်၏။

ထို့ပြင် ဒုတိယအဆင့် အဂ္ဂိရတ်သခင်လည်း ဖြစ်ရာ လေးစားထိုက်သော အဆင့်အတန်းတွင် ရှိပေသည်။

ယခုတော့ ကျူးမင်ယွမ်သည် အမှားလုပ်မိသော ကလေးတစ်ယောက်ကဲ့သို့ ကျန်းချန် ရှေ့တွင် ရိုကျိုးစွာ ရပ်နေ၏။

ထို့အပြင် သူသည် ကျန်းချန်ကို ဆရာကျန်းဟုပင် လေးစားစွာ ခေါ်နေခဲ့သည်။

[ဒီကောင်က ကျန်းမိသားစုက အမှိုက်လေ၊ဘယ်တုန်းက ဆရာကျန်း ဖြစ်သွားတာလဲ]

"ကျူးမင်ယွမ်.. ဒါက မင်းရဲ့ တပည့်အသစ်လား.. ဘာလို့ သူက မင်းထက် ပိုပြီး မောက်မာနေရတာလဲ"

ကျန်းယွင်ဟုန်တို့ မြေးအဘို့ ထိတ်လန့်တုန်လှုပ်ခြင်းမှ ပြန်လည်ကောင်းမွန်မလာမီ ကျန်းချန်သည် ကျန်းယွင်ဟုန်ကို တစ်ချက်ကြည့်ကာ ခနဲ့လိုက်သည်။

"ဆရာကျန်း.. သူတို့ကို ကျွန်တော့်မိတ်ဆွေ တစ်ယောက်က မိတ်ဆက်ပေးတာပါ.. အဲဒီမိတ်ဆွေရဲ့ မျက်နှာကြောင့် ချိန်းထားတဲ့နေရာကို လာခဲ့ပေမဲ့လဲ တပည့်အဖြစ် လက်ခံဖို့တော့ မစဥ်းစားခဲ့ပါဘူး"

စကားဆုံးသည်နှင့် ကျူးမင်ယွမ်က ကျန်းယွင်ဟုန်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။

"သောက်ကလေး.. မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ.. ပေတန်းခန်းမရဲ့ အကြီးအကဲကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံဝံ့နေပါလား"

"ငါ မင်းကို တပည့်အဖြစ် လက်မခံဘူး အခုထွက်သွားစမ်း"

ကျန်းယွင်ဟုန်၏ မှုန်ကုပ်နေသည့် မျက်နှာက တခဏချင်းမှာပင် ဖျော့တော့သွားခဲ့သည်။

ကျူးမင်ယွမ်၏ တပည့်ဖြစ်လာရန်မှာ သူ့အဘိုးကျန်းချမ်ဟဲအသေအလဲ ကြိုးစားခဲ့ရသည့် အခွင့်အရေးတစ်ခု ဖြစ်၏။

သို့သော် ကျန်းယွင်ဟုန်သည် ကျန်းမိသားစု၏ အမှိုက်ကောင်ကျန်းချန်က ကျူးမင်ယွမ်ကို အမှန်တကယ် လွှမ်းမိုးနိုင်စွမ်းရှိလိမ့်မည်ဟု မသိထားခဲ့ပေ။

အဆုံးသတ်တွင် ကျန်းချန်သည် သူ့ကို စကားတစ်ခွန်းထဲဖြင့် ကောင်းကင်ကနေ ခွေးကတက်သို့ ကန်ချလိုက်၏။

ယခုတော့ အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် သူ၏မျှော်လင့်ချက်သည် လုံးဝ ပြိုပျက်သွားခဲ့ချေပြီ။

"ဆရာကျူး.. ကျန်းချန်က စန်းရှန်မြို့မှာ ရှိတဲ့ ငါတို့ကျန်းမိသားစုကပါ.. ဒီကလေးက အဂ္ဂိရတ်ပညာနဲ့ တစ်ခါမှတောင် မထိတွေ့ဖူးဘူး.. သူက ပေတန်းခန်းမရဲ့ အဂ္ဂိရတ်အကြီးအကဲ ဖြစ်နိုင်ပါ့မလား.. ဆရာကျူး အမြင် မှားနေပြီထင်တယ်"

ကျန်းချမ်ဟဲက တုန်လှုပ်ချောက်ချားမှုမှ ပြန်လည် ကောင်းမွန်လာပြီးနောက် ပြောလိုက်သည်။

သူက ရိုးသားသောအမူအရာဖြင့် ကျူးမင်ယွမ်ကို ကြည့်နေခဲ့သည်။

ဤအမှိုက်ကောင်သာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဆိုလျှင် လင်ယွင်ကျောင်းတော်ထဲ ဝင်ခွင့်ရရန် အတွက် ကျန်းဝူရက အဘယ်ကြောင့် ခက်ခက်ခဲခဲ ကြိုးစားစရာ လိုအပ်ပါမည်နည်း။

"ကျုပ်ကျူးမင်ယွင်က မျက်စိမမှုန်သေးဘူး"

ကျူးမင်ယွမ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး စိတ်မရှည်သောအကြည့်ဖြင့် ကြည့်ကာ မောင်းထုတ်လိုက်သည်။

"မင်းနဲ့ သောက်ရေးမပါတာ ပြောဖို့ ငါစိတ်မပါဘူး.. မင်းရဲ့မြေးကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်တော့"

"မဟုတ်ဘူး.. ဆရာ.. ကျနောက် မှားသွားပါတယ်.. ကျေးဇူးပြုပြီး ကျနော့်ကို အခွင့်အရေးထပ်ပေးပါ"

ကျန်းယွင်ဟုန်က ကျူးမင်ယွမ် ရှေ့မှာ ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်သည်။

သူ့မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်နေ၏။

လင်ယွင်ကျောင်းတော်ထဲ မဝင်နိုင်သလို အဂ္ဂိရတ်သခင်လဲ မဖြစ်နိုင်လျှင် သူ့ဘဝသည် ကျန်းအိမ်တော်ဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

ဆိုရလျှင် သူ၏ အနာဂတ်က လုံးဝ ဝေဝါးနေပြီ ဖြစ်သည်။

"ထွက်သွားစမ်း.. ဆရာကျန်းကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတဲ့ မင်းလိုကောင်ကို တပည့်အဖြစ် ငါလက်မခံရဲဘူး.. ကုန်ကုန်ပြောရရင် ဒီလင်ယွင်မြို့မှာ မင်းကို တပည့်အဖြစ် လက်ခံရဲတဲ့ အဂ္ဂိရတ် သခင်တွေ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး.. ဒါကြောင့် လက်လျော့ပြီးသာ ထွက်သွားလိုက်တော့"

ကျူးမင်ယွမ်က အေးစက်စက် ပြောလိုက်သည်။

ကျန်းချန်က မည်သူနည်း။

၎င်းက တတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်၏။

သူ စကားတစ်ခွန်း ပြောသရွေ့ ဤလင်ယွင်မြို့တွင် ကျန်းယွင်ဟုန်ကို မည်သူက တပည့်အဖြစ် လက်ခံဝံ့မည်နည်း။

ကျူးမင်ယွမ်၏ စကားကို ကြားလျှင် ကျန်းယွင်ဟုန်၏ မျက်နှာသည် တဖြည်းဖြည်း ပြိုတော့မည့်မိုးကဲ့သို့ ဖြစ်လာခဲ့သည်။

အခန်း(၃၁) ပြီး၏

All Chapters