အခန်း (၃၂)
Vol. 3 Ch. 32
"ကျန်းချန်.. အားလုံးက ကျန်းမိသားစုရဲ့ သွေးတွေ စီးဆင်းနေတာပဲ.. ယွင်ဟုန်ကို ဒီလောက်ထိလုပ်ဖို့ လိုအပ်လို့လား"
ကျန်းချမ်ဟဲသည် သူ့မြေး၏ စိတ်ဓာတ်ကျဆင်းနေသည့် အသွင်အပြင်ကို ကြည့်ပြီး ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်နေရုံမှ တပါး ဘာမှမတတ်နိုင်ခဲ့ပေ။
"အားလုံးက မိသားစုတွေ ဆိုတာ အခုမှသိလား"
"ကျန်းအိမ်မှာ မင်းတို့တွေ ငါ့ကို နှိမ်ချဆက်ဆံခဲ့တုန်းကမိသားစုတွေလို့ ဘာကြောင့် ထည့်မတွေးခဲ့တာလဲ"
ကျန်းချန်က အေးစက်စွာ ပြုံးလိုက်သည်။
"ဒါ့အပြင် မင်းရဲ့မြေးကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒမရှိတာက ဆရာကျူးပဲ.. ငါနဲ့ ဘာဆိုင်လို့လဲ"
"ဆရာကျန်း ပြောတာမှန်တယ်.. မင်းရဲ့မြေးကို လက်မခံတာ ငါပဲ.. ဆရာကျန်းနဲ့ ဘာမှမဆိုင်ဘူး"
ကျူးမင်ယွမ်က အလျင်အမြန် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
သူက ကျန်းချန်ဟဲကို သိပ်မကြည်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
"ဟေ့လူ မင်းကို ငါ့မိတ်ဆွေက မိတ်ဆက်ပေးတယ် ဆိုပေမဲ့လဲ ဆရာကျန်းကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့ရင်တော့ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
ထိုစကားကြောင့် ကျန်းချမ်ဟဲ၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ယင်းနောက် ကျန်းယွင်ဟိုင်၏ လက်ကိုဖမ်းဆုပ်ကာ ချာကနဲလှည့်ထွက်လာခဲ့တော့သည်။
ကျန်းချမ်ဟဲတို့ နှစ်ယောက် ထွက်ခွာသွားပြီးနောက်တွင် ကျူးမင်ယွမ်သည် ကျန်းချန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ဆရာကျန်း.. ဒီကိစ္စ..."
"ငါနားလည်ပါတယ်.. ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ပါဘူး"
ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းပြီး ကျူးမင်ယွမ်ကို ပြုံးပြလိုက်သည်။
"ဆရာကျူး.. ငါ မင်းကို တစ်ခုလောက် အနှောင့်အယှက်တစ်ခု ပေးရဦးမယ် ထင်တယ်"
"ဆရာကျန်း အမိန့်သာပေးလိုက်ပါ"
ကျူးမင်ယွမ်က ချက်ချင်းပင် သက်ပြင်းချကာ ခပ်မြန်မြန် ပြောလိုက်သည်။
"ငါ့အတွက် ကျန်းယွင်ဟုန်ကို စောင့်ကြည့်ပေး.. ဘယ်အဂ္ဂိရတ်သခင်ကမှ သူ့ကို တပည့်အဖြစ် လက်မခံစေနဲ့"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
ကျန်းယွင်ဟုန်၏ ပင်ကိုစွမ်းရည်အရ အဂ္ဂိရတ်ပညာရှင်ဖြစ်လာလျှင်ပင် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်သည် ကျန်းယွင်ဟုန်ကို အခက်တွေ့အောင်လုပ်ကာ စိတ်ဓာတ်ကျသည်ကို ခံစားစေချင်ခဲ့သည်။
ကျူးမင်ယွမ် နှင့် လမ်းခွဲပြီးနောက်တွင် ကျန်းချန်သည် ထျန်းရှန်းလော့တွင် နေ့လည်စာ စားခဲ့၏။
ထို့နောက်တွင် လင်ယွင်ကျောင်းတော်သို့ တိုက်ရိုက် သွားခဲ့သည်။
လင်ယွင်ကျောင်းတော်၏ ဂိတ်ပေါက်သို့ ပြန်ရောက်လျှင် ကျန်းချန်သည် တရုန်းရုန်း ဖြစ်နေသော လူစုလူဝေးကြီးကို တွေ့လိုက်ရ၏။
ကျန်းချန်က လူအုပ်ထဲသို့ တိုးဝင်၍ အကဲခတ်လိုက်ရာ အဘယ်ကြောင့် ဤနေရာတွင် လူစုလူဝေးဖြစ်နေသည်ကို အဆုံးသတ်တွင် သိလိုက်ရသည်။
အကြောင်းရင်းမှာ အဖြူရောင်ဝတ်စုံနှင့် ထူးခြားစွာ လှပနေသော မိန်းကလေး တစ်ယောက်သည် ဝင်ပေါက် တံခါးဘေးရှိ ကျောက်ခြင်္သေ့ရုပ်တုပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသောကြောင့် ဖြစ်သည်။
သူမက ဤလောက၌ လုံးဝ မသက်ဆိုင်သည့် မိုးပေါ်က ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
"ဒင်.. သင်က ထိုက်ယင် အထူးခန္ဓာကိုယ်ကို တွေ့ရှိခဲ့ပြီး အဆ၁၀၀ နားလည်မှုကို ရရှိပါတယ်"
"ဒင်.. သင်က ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံး ဖော်စပ်နည်းကို အောင်မြင်စွာ နားလည်သွားပါပြီ"
ကျန်းချန်က ကျောက်ခြင်္သေ့ရုပ်တုကြီးပေါ်မှ ပြစ်မျိုးမှဲ့မထင် အလှဘုရင်မလေးကို ငေးကြည့်နေစဥ်မှာပင် စနစ်ထံမှ အသံနှစ်သံက စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းပင် ရွှယ်ယန်ဆေးလုံး ဖော်စပ်ပုံ နှင့် သက်ရောက်မှုများက ပေါ်ထွက်လာခဲ့သည်။
"ကြည့်ရတာ ဒီရွှယ်ယန်ဆေးလုံးက ထိုက်ယင် အထူးခန္ဓာကိုယ် အတွက် အဖြေတစ်ခု ဖြစ်ပုံပဲ"
ကျန်းချန် အံ့သြသွားခဲ့သည်။
အဆတစ်ရာ ကျင့်ကြံခြင်း စနစ်တွင် ထိုကဲ့သို့ လုပ်ဆောင်ချက်မျိုး ရှိမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဒါက ငါတို့လင်ယွင်ကျောင်းတော်က နံပါတ်တစ် အလှဘုရင်မလေး မဟုတ်လား"
"လင်ယွင်စာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့ ပါရမီရှင် မုန့်ချင်းရွှယ်က ဒီမှာဘာလုပ်နေတာလဲ"
"ဘယ်သူသိနိုင်မှာလဲ ဒါပေမယ့် မုန့်ချင်းရွှယ် ဒီမှာ ရပ်နေတာ အတော်ကြာပြီ.. အခြေအနေကို အကဲခတ်ရသလောက်တော့ တစ်စုံတစ်ယောက်ကို စောင့်နေသလိုပဲ"
"ပါရမီရှင် မုန့်ချင်းရွှယ်ကို ဘယ်လိုလူကများ စောင့်ဆိုင်းစေခဲ့တာလဲ"
ကျန်းချန်က ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို နားထောင်ရင်း မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
[ထိုက်ယင် အထူးခန္ဓာကိုယ် ရှိတဲ့ အမျိုးသမီးက လင်ယွင်ကျောင်းတော်ရဲ့ ပါရမီရှင် မုန့်ချင်းရွှယ်များလား]
အခန်း(၃၂) ပြီး၏