အခန်း (၃၃)
Vol. 3 Ch. 33
ကျန်းချန်က မုန့်ချင်းရွှယ်ကို ကြည့်လိုက်ရာ မုန့်ချင်းရွှယ်၏ စူးရဲသော အကြည့်သည် ကျန်းချန်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သူမက ချက်ချင်းပင် ကျောက်ခြင်္သေ့ရုပ်တုပေါ်မှ ပျံသန်းလာပြီး ကျန်းချန်၏ရှေ့တွင် ဆင်းသက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ အေးစက်သော လေသံသည် လူတိုင်း၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
"နင်က ငါတို့ မုန့်သုန်ရှင်းကို နာကျင်အောင်လုပ်တဲ့ ကျန်းချန် မဟုတ်လား"
မုန့်ချင်းရွှယ်၏ စကားကိုကြားလျှင် အနီးပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းပင် ရုပ်ရုပ်သဲသဲ ဖြစ်သွားသည်။
"မုန့်ချင်းရွှယ် စောင့်နေတာက ကျန်းချန်လား"
"မုန့်ချင်းရွှယ်နဲ့ မုန့်သုန်ရှင်းက မောင်နှမပဲ.. သူတို့က ဆက်ဆံရေးကောင်းတွေ ရှိတယ်လို့ ငါကြားတယ်.. ဒီကောင်က မုန့်သုန်ရှင်းကို မနက်က ရိုက်နှက်လိုက်တယ်.. ဒါကြောင့် မုန့်ချင်းရွှယ် သူ့ဆီရောက်လာတာ အံ့သြစရာတော့ မရှိပါဘူး"
"ဟားဟား.. မုန့်ချင်းရွှယ်က လင်ယွင်စာရင်းမှာ ဒုတိယချိတ်တဲ့ ပါရမီရှင်ပဲ.. ဒီကောင်တော့ သေပြီ"
တခဏအတွင်းမှာပင် အားလုံး၏ အကြည့်သည် ကျန်းချန်ဆီသို့ ရောက်ရှိသွားကြသည်။
အချို့က တိုက်ပွဲအတွက် ရင်ခုန်နေကြပြီး တချို့က ကျန်းချန်ကို သနားနေကြသည်။
ကျန်းချန်က မုန့်ချင်းရွှယ်၏ စကားကို ချက်ချင်း ပြန်မဖြေဘဲ မုန့်ချင်းရွှယ်ကို လေးနက်သောအမူအရာဖြင့် ကြည့်နေပြီးမှ ပြောလိုက်သည်။
"မိန်းမလှလေး.. မင်းက နေမကောင်းဘူး.. ကုသဖို့လိုအပ်တယ်"
"ဒီကောင် ဘာလဲဟ"
ကျန်းချန်၏ စကားကိုကြားလျှင် စောင့်ကြည့်နေကြသည့် ကျောင်းသားများအားလုံးသည် အံသြသွားကြသည်။
ကျန်းချန်က မုန့်ချင်းရွှယ်ကို ရင်ဆိုင်ရစဥ် ပထမဆုံးပြောခဲ့သည့် စကားမှာ "နေမကောင်းဘူး" ဟူသည့်စကား ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။
"အယ် လခွမ်း.. ဒီကောင် ဘာတွေ လျောက်ပြောနေတာလဲ.. ဒါက ပြဿနာကို ဖိတ်ခေါ်တာပဲ.. ဟုတ်တယ်မလား"
"နင် နောက်တစ်ကြိမ် ထပ်ပြောရဲလား"
မုန့်ချင်းရွှယ်၏ မျက်နှာက အေးစက်စက် ဖြစ်နေခဲ့သည်။
သူမ၏ လှပသော မျက်လုံးများက အေးစက်သော လူသတ်ငွေ့များကို ဖော်ထုတ်နေ၍ ပတ်ဝန်းကျင်လေထုပင် ချက်ချင်း အေးစက်သွားပုံရ၏။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် မုန့်ချင်းရွှယ် ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
"မုန့်မိန်းကလေး.. မင်းက ဇူလိုင်လရဲ့ ပထမဆုံးနေ့မှာ မွေးရမယ်.. မင်းက မွေးနေ့ရောက်ရင် မေ့မြောသွားလေ့ရှိတယ်.. ငါပြောတယ် မှန်တယ်မလား"
ကျန်းချန်က မုန့်ချင်းရွှယ်သာ ကြားနိုင်သော အသံဖြင့် ခပ်တိုးတိုးလေး ပြောလိုက်သည်။
ကျန်းချန်၏ စကားလုံးများသည် သူမ၏ လှပသော မျက်နှာလေးကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။
အစောပိုင်းက ကျန်းချန်ကို တိုက်ခိုက်ရန်ပြင်ထားသော သူမ၏ လက်ဖဝါးသည်ပင် တောင့်တင်းလာသလို ခံစားလိုက်ရသည်။
"နင်ဘယ်လိုသိတာလဲ"
မုန့်ချင်းရွှယ်က ကျန်းချန်ကို သူမ၏ လှပသော မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်နေခဲ့သည်။
လင်ယွင်ကျောင်းတော်တွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ အကြောင်း သိထားသူ သုံးဦးထက်မပိုပေ။
[ဒီကောင် ဘယ်လိုသိတာလဲ]
"မင်းထင်ထားတာထက် ငါပိုသိတယ်"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
"မင်း အသက် ဆယ့်ခြောက်နှစ် ရောက်ကတည်းက လစဉ်လတိုင်း ပထမနေ့မှာ မေ့မြောသွားတတ်တယ် ဆိုတာ ငါသိတယ်"
"အကြောင်းပြချက်ကို သိလား"
အဆုံးသတ်တွင် မုန့်ချင်းရွှယ်၏ လှပသောမျက်နှာပေါ်၌ ထိတ်လန့်သော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
"သိပ်သိတာပေါ့"
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူက မုန့်ချင်းရွှယ် ကြားလောက်ရုံ အသံဖြင့် ပြောလိုက်သည်။
"အကြောင်းရင်းကိုပြောရရင် မင်းက ထိုက်ယင်အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ပဲ.. ဒါက ကောင်းကင်ကတောင် မနာလိုဖြစ်ရတဲ့ အထူးခန္ဓာကိုယ်ပဲ"
"ယေဘုယျအားဖြင့် ထိုက်ယန် အထူးခန္ဓာကိုယ် ပိုင်ရှင်တွေက အသက်၁၇ နှစ်လောက်ဆို အသက်မရှင်ကြတော့ဘူး"
"ကုန်ကုန်ပြောရရင် မင်းရဲ့၁၇ နှစ်ပြည့်မွေးနေ့ ရောက်လို့ မင်းသတိလစ်ပြီးရင် ဘယ်တော့မှ နိုးထနိုင်တော့မှာ မဟုတ်ဘူး"
ဤအခိုက်အတန့်တွင် မုန့်ချင်းရွှယ်သည် အလွန် အံ့သြ ထိတ်လန့်သွားခဲ့သည်။
စင်စစ် သူမသည် မဟာရှားနိုင်ငံတော်၏ အကြီးမြတ်ဆုံး အဂ္ဂိရတ်သခင်ဖြစ်သည့် ယန်ချင်းရွှယ်နှင့် နီးစပ်စေရန်အတွက် လင်ယွင်ကျောင်းတော်သို့ ဝင်ရောက်လာခြင်း ဖြစ်၏။
တစ်ခါက သူမသည် ယန်ချင်းရွှယ်ကို သူမ၏ အထူးခန္ဓာကိုယ် ပြဿနာနှင့် ပတ်သက်၍ မေးမြန်းခဲ့ဖူးသည်။
ဆိုရလျှင် သူ့ရှေ့မှ ကောင်လေး၏ စကားသည် ယန်ချင်းရွှယ်၏ ထင်မြင်ချက်နှင့် ထပ်တူကျလုနီးပါးပင်။
ထိုလူငယ်သည် ထိုအထူးခန္ဓာကိုယ်ကို ထိုက်ယင်အထူးခန္ဓာကိုယ်ဟု ခေါ်ကြောင်း သူမအား ထပ်မံအသေးစိတ် ပြောပြခဲ့သည်။
"ထိုက်ယင်အထူးခန္ဓာကိုယ် ပြဿနာကို ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံးကပဲ ဖြေရှင်းနိုင်တယ်.. ခက်တာက ရွှယ်ယန်ဆေးလုံးဖော်စပ်နည်းက ပျောက်ကွယ်သွားခဲ့တာကြာပြီ.. ငါကလွဲပြီး ဒီကမ္ဘာမှာ ဖော်စပ်နိုင်မဲ့သူမရှိမှာ ငါစိုးရိမ်မိတယ်"
မုန့်ချင်းရွှယ် တုန်လှုပ်ခြောက်ခြားမှုကနေ မသက်သာသေးခင် ကျန်းချန်က ထပ်ပြောလိုက်သည်။
"နင်ငါ့ဆီက ဘာတောင်းဆိုချင်လဲ"
မုန့်ချင်းရွှယ်က တည်ငြိမ်စွာ မေးလိုက်သည်။
ကျန်းချန်က မုန့်ချင်းရွှယ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"ငါ့မှာ အိမ်ဖော်တစ်ယောက်မှ မရှိသေးဘူး.. အိမ်ဖော်လုပ်ဖို့ မင်းသဘောတူရင် မင်းအသက်ကို ငါကယ်ပေးမယ်"
အခန်း(၃၃) ပြီး၏