← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

"ဒီအခြေနေက အလုပ်မဖြစ်ဘူး.. တခြားတစ်ခုသာ တောင်းဆိုပါ"

မုန့်ချင်းရွှယ်၏ လှပသောမျက်လုံးများတွင် ဒေါသရိပ်များ တစ်ခဏ ဖြတ်သန်းသွားသည်။

မဟာရှားနိုင်ငံတော် တစ်ခုလုံးကို ကြည့်မည် ဆိုလျှင်ပင် သူမ၏ရှေ့တွင် ဤကဲ့သို့ပြောရန် အရည်အချင်း ပြည့်မီသည့်သူ တစ်ယောက်မှ မရှိမည်ကို သူမ စိုးရိမ်မိသည်။

စင်စစ် သူမ ရှေ့မှ ကောင်လေးသည် အပြင်စည်းနန်းတော်မှ ကျောင်းသားလေးသာ ဖြစ်၏။

ထိုသို့သောလူက အတင့်ရဲစွာဖြင့် သူမကို အိမ်ဖော်လုပ်ရန် တောင်းဆိုခြင်းသည် တကယ်ကို ဟာသတစ်ခုပင်။

"သဘောတူမတူက မင်းအပေါ်မှာပဲ မူတည်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

"နေပါဦး"

မုန့်ချင်းရွှယ်က ကျန်းချန်ကို လှမ်းဆွဲလိုက်သည်။

သို့သော်လည်း ကျန်းချန်က ဝိညာဥ်အလင်း ခြေလှမ်းကို ချက်ချင်းဆိုသလို အသုံးပြုကာ မုန့်ချင်းရွှယ် နှင့် ခပ်လှမ်းလှမ်းသို့ အမြန် ရွှေ့လျားလိုက်၏။

"နက်နဲမှုအဆင့် ကိုယ်ခံပညာ"

ဤမြင်ကွင်းသည် မုန့်ချင်းရွှယ်ကို ​ရုတ်တရက် အံ့အားသင့်စေခဲ့၏။

"လင်ယွင်စာရင်းရဲ့ ပါရမီရှင်တစ်ယောက်လို့ မပြောရဘူး.. တကယ် အမြင်စူးရှတာပဲ"

ကျန်းချန်က မုန့်ချင်းရွှယ်ကို ချီးကျူးလိုက်၏။

ထို့နောက်တွင် သူ၏ လေသံက လေထဲတွင် ပီသစွာ ထွက်ပေါ်လာခဲ့သည်။

"မုန့်ချင်းရွှယ်.. ငါအခွင့်အရေးပေးနေတုန်း အတွေးမမှားနဲ့.. ငါ့မှာ လက်တိုလက်တောင်းခိုင်းဖို့ အိမ်ဖော်မရှိသေးဘူး.. မင်းသဘောတူရင် လိုက်လာခဲ့"

"နောက်မှနောင်တမရနဲ့.. ငါ့နောက်ကို လိုက်ရင် မင်းဘဝတစ်လျှောက်မှာ အဆုံးမဲ့အကျိုးရှိစေရမယ်လို့ ငါအာမခံတယ်"

"တစ်နေ့ကျရင် ငါ့ရဲ့ အိမ်ဖော်ဖြစ်ရတာ ကံကောင်းတယ်လို့ မင်း ခံစားရလိမ့်မယ်"

"ဟ.. ဒီကောင် ဘာတွေလျောက်ပြောနေတာလဲ"

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှာရှိသည့် ကျောင်းသားများသည် မရယ်ဘဲ မနေနိုင်တော့ပေ။

"ဒီကောင်က မုန့်ချင်းရွှယ်ကို သူ့အတွက် အိမ်ဖော်အဖြစ်အလိုရှိနေတယ်.. ဒါက ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ"

"ဟားဟား.. အရမ်းရယ်ရတယ်.. ဒီကောင်က မုန့်သုန်ရှင်းကို အနိုင်ယူပြီး နံပါတ်တစ် ရွှေအဆင့်ကျောင်းသား ဖြစ်လာတာနဲ့ပဲ လင်ယွင်စာရင်းရဲ့ ဒုတိယနေရာမှာရှိတဲ့ မုန့်ချင်းရွှယ်ကို သူ့ရဲ့ အိမ်ဖော်လုပ်ခိုင်းနေတယ်.. တကယ့်ကောင်ပဲ"

ကျောင်းသားအားလုံးက ကျန်းချန်ကို မုန့်ချင်းရွှယ် ပြင်းပြင်းထန်ထန် ရိုက်နှက်မည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် မုန့်ချင်းရွှယ်ကမူ ကျန်းချန်ကို ရိုက်နှက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူမက ကျန်းချန်ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် မည်သူမှ ထင်မှတ်မထားသည့် စကားကို ပြောလိုက်သည်။

"ကောင်းပြီ ငါသဘောတူတယ်.. နင်ပြောတဲ့အတိုင်း ငါ့ကို လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

သူမ၏ စကားလုံးများသည် ကွင်းပြင်ရှိလူတိုင်းကို ပွဲဆူစေခဲ့သည်။

"မုန့်ချင်းရွှယ်က တကယ်ပဲ သဘောတူလိုက်တယ်ဟ"

ဤအခိုက်အတန့်တွင် အခြေအနေကို စောင့်ကြည့်နေသော ကျောင်းသားများအားလုံးသည် အံ့သြတုန်လှုပ်သွားကြသည်။

လင်ယွင်ကျောင်းတော်၏ ထိပ်တန်း အလှဘုရင်မ နှင့် လင်ယွင်စာရင်း၏ ဒုတိယနေရာတွင် ရှိသည့် ပါရမီရှင်သည် အပြင်စည်းနန်းတော်မှ ကျောင်းသားတစ်ဦး၏ အိမ်ဖော်အဖြစ် အမှန်တကယ် သဘောတူခဲ့သည် မဟုတ်ပါလား။

ထိုအခိုက်တွင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ငါ့နောက်ကို လိုက်ခဲ့ရင် ထိုက်ယန်အထူးခန္ဓာကိုယ်ရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်ပြီး ကောင်းကင်ပေါ်ကို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်လိမ့်မယ်လို့ ငါအာမခံတယ်"

မုန့်ချင်းရွှယ်က ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ဆီသို့ လျှောက်လာခဲ့ကာ ကျန်းချန်၏ အနောက်တွင် အိမ်ဖော်တစ်ယောက်လို ငြိမ်သက်စွာ ရပ်နေလိုက်သည်။

သူမသည် လွန်ခဲ့သော သုံးလက ၁၆နှစ် ပြည့်ခဲ့ပြီ ဖြစ်၍ အသက်၁၇ နှစ်ပြည့်ရန် ကိုးလသာ ကျန်ရှိတော့သည်။

ထိုက်ယင်အထူးခန္ဓာကိုယ် ပြဿနာကို မဖြေရှင်းနိုင်လျှင် ကိုးလကြာပြီးနောက်တွင် သူမသည် နိုးလာလာတော့မည် မဟုတ်ပေ။

ကျန်းချန်သာ သူမ၏ ထိုက်ယင်အထူးခန္ဓာကိုယ် ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်လျှင် ကျန်းချန်သည် အမှန်တကယ် အရည်အချင်းရှိသော ပါရမီရှင်တစ်ဦးဟု ဆိုရပေမည်။

ထိုကဲ့သို့ ပါရမီရှင်၏ နောက်လိုက်ဖြစ်ရခြင်းသည် ရှက်စရာမဟုတ်ပေ။

ယခုဘဝတွင် မုန့်ချင်းရွှယ်သည် လုပ်စရာကိစ္စ အများအပြား ကျန်ရှိနေသေး၏။

ဤသည်က အလောင်းအစား ဖြစ်နေလျှင်ပင် သူမ၏ တစ်ဘဝလုံး လွတ်လပ်ရန်အတွက် လောင်းကြေးထပ်ရန် သူမ ဆန္ဒရှိသည်။

မုန့်ချင်းရွှယ်၏ အပြုအမူများသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။

ကျန်းချန်က မုန့်ချင်းရွှယ်ကို အိမ်ဖော်အဖြစ် စည်းရုံးရန် မည်သည့်အရာကို လုပ်ခဲ့ပါသနည်း။

အပြင်စည်း ကျောင်းသားတစ်ဦးသည် လင်ယွင်စာရင်းမှ ပါရမီရှင်ကို အိမ်ဖော်အဖြစ် လက်ခံခဲ့သည်။

ယင်းကဲ့သို့ ဘယ်သူမှမရှိဖူးသလို နောက်လည်း ရှိလာမည် မဟုတ်ပေ။

ထို့ကြောင့် ဤကောင်လေးသည် လင်ယွင်ကျောင်းတော်၏ သမိုင်းတွင် အစွမ်းအထက်ဆုံး ရွှေအဆင့်ကျောင်းသားဟုသာ ဆိုနိုင်တော့သည်။

အခန်း(၃၄) ပြီး၏

All Chapters