အခန်း (၃၅)
Vol. 3 Ch. 35
ကျန်းချန်၏ အနောက်ကနေ မုန့်ချင်းရွှယ်က ရိုကျိုးသော အမူအရာဖြင့် လင်ယွင်ကျောင်းတော်သို့ လိုက်ဝင်သွားသည်ကို မြင်လိုက်ရလျှင် ဘေးပတ်ပတ်လည်မှ မရေမတွက်နိုင်သော ကြည့်ရှုသူများ၏ မျက်လုံးများသည် အုံမှိုင်းနေခဲ့သည်။
သူတို့က တုန်လှုပ်ချောက်ခြားမှုမှ ပြန်လည်ကောင်းမွန်ရန် အချိန်အတော်လေး ယူခဲ့ရ၏။
မုန့်ချင်းရွှယ်သည် အလှတရားနှင့် အရည်အချင်းများ ပေါင်းစပ်ထားသည့် ပြိုင်ဘက်ကင်း အမျိုးသမီးတစ်ဦးဖြစ်သည်။
လင်ယွင်ကျောင်းတော်တွင် မုန့်ချင်းရွှယ်၏ အချစ်ကို လိုချင်သူ လူရာကျော်မက ထောင်ကျော်ပင် ရှိသည်။
၎င်းတို့အနက် လင်ယွင်စာရင်းတွင် လူသိများသော ပါရမီရှင်များစွာပင် ပါဝင်၏။
သို့သော် မုန့်ချင်းရွှယ်သည် ရေခဲနတ်ဘုရားမ ကဲ့သို့ လူတိုင်းကို အေးစက်စက်သာ ဆက်ဆံခဲ့သည်။
ယခုတော့ ဤရေခဲနတ်ဘုရားမလေးသည် အပြင်စည်းကျောင်းသား၏ အိမ်ဖော်အဖြစ် လုပ်ကိုင်ရန် ဆန္ဒရှိနေခဲ့၏။
ဤအခိုက်အတန့်တွင် လင်ယွင်ကျောင်းတော်မှ မရေမတွက်နိုင်သော ကျောင်းသားများသည် ကျန်းချန်ကို လေးစားသွားခဲ့ကြသည်။
ထိုလူငယ်သည် လင်ယွင်ကျောင်းတော်သို့ ရောက်ရှိလာသော ပထမနေ့မှာပင် ကျောင်းတော်၏ ပါရမီရှင် လင်းယွီ၏ညီ ဖြစ်သူ လင်းယန်ကို အနိုင်ယူခဲ့သည်။
နောက်တစ်နေ့တွင်မူ သူ့ကို တိုက်ရိုက်စိန်ခေါ်ခဲ့သည့် အပြင်စည်း နန်းတော်၏ နံပါတ်တစ် ရွှေအဆင့်ကျောင်းသား မုန့်သုန်ရှင်းကို လက်သီးဖြင့် ဆုံးမလိုက်သည်။
ယခုတစ်ကြိမ်တွင်လည်း မုန့်ချင်းရွှယ်သည် သူမ၏ မောင်နှမ ဖြစ်သည့် မုန့်သုန်ရှင်း အတွက် ဒေါသဖြေဖျောက်ရန် ကျန်းချန်ဆီ ရန်ရှာဖို့ လာခဲ့သော်လည်း ကျန်းချန်က စကားအနည်းငယ်ဖြင့်ပင် အိမ်ဖော်အဖြစ် စည်းရုံးသိမ်းသွင်းခဲ့သည်။
ဤလင်ယွင်ကျောင်းတော်တွင် ထိုကဲ့သို့ မြင်ကွင်းမျိုး သူတို့တစ်ခါမှ မမြင်ဖူးပေ။
သို့သော် ကျန်းချန်သည် ပထမဆုံးတွေ့ဆုံချိန်မှာပင် အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်ခဲ့သည်။
ကျန်းချန်က မုန့်ချင်းရွှယ်ကို အိမ်ဖော်အဖြစ် လက်ခံလိုက်သောအခါတွင် လင်ယွင်ကျောင်းတော်ကြီး တစ်ခုလုံးသည် အံ့သြ ထိတ်လန့်သွားခဲ့၏။
ကျန်းချန်က မုန့်ချင်းရွှယ်ကို ရွှေအဆင့် ကျောင်းသားများနေရာရှိ သူနေထိုင်ရာ ခြံဝင်း ၆၈သို့ ခေါ်လာခဲ့သည်။
"ခြံကို သန့်ရှင်းရေးလုပ်ပြီး မင်းနေဖို့ အခန်းကို ရွေးချယ်လိုက်ပါ"
ကျန်းချန်က ခြံဝင်းထဲကို ရောက်သည်နှင့် မုန့်ချင်းရွှယ်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ရွှယ်ယန် ဆေးလုံးကို ဘယ်အချိန်မှ သန့်စင်ပေးမှာလဲ"
"ရွှယ်ယန် ဆေးလုံးကို သန့်စင်ဖို့က မခက်ပါဘူး.. ခက်တာက ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင် ပစ္စည်းတွေပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဒီဆေးကို သန့်စင်ဖို့ ဆဌမအဆင့် မီးအထူးပြု သားရဲသွေး လိုအပ်တယ်.. မင်းငါ့ကို ထုတ်ပေးနိုင်မလား"
ဆဌမအဆင့် မီးအထူးပြု သားရဲ..
ဤသားရဲသည် နတ်ပင်လယ် အဆင့်ရှိ ကျင့်ကြံသူများ နှင့် ယှဉ်နိုင်သော အစွမ်းထက် တည်ရှိမှုတစ်ခု ဖြစ်သည်။
မဟာရှား နိုင်ငံတော်တွင် နတ်ပင်လယ်အဆင့် ကျင့်ကြံသူ မပြောနှင့်၊ သိုင်းသခင်အဆင့် ကျင့်ကြံသူပင် မရှိသည်မှာ နှစ်ရာချီ ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် ဆဌမအဆင့် မီးအထူးပြု သားရဲသွေးကို ရရှိရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
"ငါ့မှာ ဆဌမအဆင့် မီးအထူးပြု သားရဲရဲ့ သွေးမရှိဘူး"
ထိုအခိုက်တွင် မုန့်ချင်းရွှယ်၏ လှပသော မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပလာခဲ့သည်။
"ဒါပေမယ့် ဒီလင်ယွင်ကျောင်းတော်ရဲ့ လူတစ်ယောက်ကတော့ ဆဌမအဆင့် မီးအထူးပြု သားရဲသွေးကို ထုတ်ပေးနိုင်တယ် ဆိုတာ ငါသိတယ်"
"ဟုတ်လား.. အဲဒီလူကဘယ်သူလဲ"
ကျန်းချန်က တအံတသြ မေးလိုက်သည်။
"သူက ဆဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ပဲ"
"ငါသိသလောက် ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ဆဌမအဆင့် မီးလျှံဖီးနစ်ကို ဝိုင်းဝန်းသတ်ဖြတ်ဖို့ အတွက် မဟာရှားနိုင်ငံတော်ရဲ့ စွမ်းအားကြီးမားတဲ့ လူတချို့က ဆရာယန်ကို ဖိတ်ခေါ်ခဲ့ကြတယ်.. ဒါကြောင့်ဆရာယန်ဆီမှာ နင်လိုချင်တဲ့ သားရဲသွေး ရှိနိုင်တယ်"
"ဆဌမအဆင့် မီးလျှံဖီးနစ်လား.. သူ့ရဲ့သွေးက ရွှယ်ယန် ဆေးလုံးကို သန့်စင်ဖို့ အကောင်းဆုံး ပစ္စည်းတစ်ခုပဲ"
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဒါဆိုရင် မနက်ဖြန် ယန်ချင်းရွှယ်ဆီ သွားတွေ့ကြတာပေါ့"
သူတို့က တစ်ညလုံး စကားမပြောဖြစ်ကြပေ။
နောက်တစ်နေ့မနက်တွင် မနက်စာစားပြီးနောက် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ချင်းရွှယ်ခန်းမသို့ ခေါ်သွားခဲ့သည်။
ချင်းရွှယ်ခန်းမသည် လင်ယွင်ကျောင်းတော်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိသည်။
ထိုနေရာတွင် ဆဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ် နေထိုင်၏။
ယန်ချင်းရွှယ်က လင်ယွင်ကျောင်းတော်၏ အကြီးအကဲ ဖြစ်သော်လည်း ကျောင်းတော်၏ကိစ္စများကို ဝင်စွက်ဖက်လေ့ မရှိဘဲ အချိန်အများစုကို အဂ္ဂိရတ်ပညာ လေ့လာရင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။
သာမန်အခြေအနေအရ ယန်ချင်းရွှယ်ကို အနှောင့်အယှက် ဖြစ်မည်စိုး၍ ချင်းရွှယ်ခန်းမ နားသို့ မည်သူမျှ မလာဝံ့ကြပေ။
ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ ချင်းရွှယ်ခန်းမသည် လင်ယွင်ကျောင်းတော်၏ တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့သည်။
ကျန်းချန်တို့ နှစ်ယောက် ချင်းရွှယ်ခန်းမသို့ ရောက်သောအခါတွင် အလွန်တရာ တိတ်ဆိတ်နေခဲ့ပြီး ဝင်းတံခါးတွင်လည်း အစောင့်တစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် ကျန်းချန်က မုန့်ချင်းရွှယ်ကို ချင်းရွှယ်ခန်းမ၏ ဝင်းတံခါးသို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။
"မင်းက ဘယ်သူလဲ.. ဒီနေရာက မင်းလာနိုင်တဲ့ နေရာမဟုတ်ဘူး.. ဒီကနေ မြန်မြန် ထွက်သွားစမ်း"
ကျန်းချန်တို့ နှစ်ယောက် ဝင်းတံခါးဆီသို့ လျှောက်လာချိန်တွင် အေးစက်စက် အော်သံတစ်သံသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
အခန်း(၃၅) ပြီး၏