← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

"ဆရာကြီးယန်.. ကျနော် ဆရာကြီးယန်ကို ရှာဖို့ ဒီတစ်ခေါက် ချင်းရွှယ်ခန်းမကို လာခဲ့တာက ဆရာကြီး ဆီက လိုချင်တာတစ်ခု ရှိလို့ပဲ"

ကျန်းချန်က ယန်ချင်းရွှယ်၏ အံ့သြထိတ်လန့်နေမှုကို လျစ်လျူရှုပြီး သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ရှင်းပြခဲ့သည်။

"ဘာဆရာကြီးယန်လဲ.. ငါက ပိုအသက်ကြီးတော့ မင်းငါ့ကို အစ်ကိုကြီးယန်လို့ ခေါ်နိုင်တယ်"

ယန်ချင်းရွှယ်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ညီလေးကျန်း.. မင်းဘာလိုအပ်လဲ ဆိုတာသာ ငါ့ကို ပြောလိုက်ပါ"

သူ့ရှေ့မှ လူငယ်လေးသည် နှစ်တစ်သောင်းတွင် တစ်ယောက် တွေ့ရခဲသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ယန်ချင်းရွှယ်၏ နှလုံးသားထဲတွင် ကျန်းချန်ကို သူ့ကိုယ်သူနှင့် တန်းတူ သို့မဟုတ် ပိုမြင့်မားသော နေရာတွင် နေရာပေးထားပြီ ဖြစ်၏။

ဆဌမအဆင့်ကို ဖြတ်ကျော်ပြီး သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်မလား ဆိုသည့် သူ၏ ခံစားချက်သည် ယခုအခါတွင် ဤလူငယ်လေးကြောင့် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

"ဒါဆိုလဲ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးယန်"

ကျန်းချန်က ပြုံးကာ ပြောလိုက်သည်။

"အကိုကြီးယန်က ဆဌမအဆင့် မီးလျှံဖီးနစ်ကို တိုက်ခိုက်ရာမှာ ကူညီခဲ့ဖူးတယ်လို့ ကြားတယ်.. ကျနော် လိုချင်တာက အဲဒီသားရဲရဲ့ သွေးပဲ"

"ညီလေးကျန်းက မီးလျှံဖီးနစ်ရဲ့ သွေးနဲ့ ဘာလုပ်မလို့လဲ"

ယန်ချင်းရွှယ်က ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်ကာ ပြန်မေးလိုက်သည်။

ဆဌမအဆင့် မီးလျှံဖီးနစ်၏ အဆီအနှစ်နှင့် သွေးသည် ပဉ္စမအဆင့် နှင့် ထိုအထက်မှ ဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်း ဖြစ်၏။

[ဒီကောင်လေးက ပဥ္စမအဆင့် ဆေးလုံးကိုတောင် သန့်စင်နိုင်နေပြီလား]

"အစ်ကိုကြီးယန်.. ကျနော့် အိမ်ဖော်ဆီမှာ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပြဿနာတစ်ချို့ရှိနေတယ်.. ဒါကြောင့် ဆေးသန့်စင်ဖို့အတွက် ဆဌမအဆင့် မီးလျှံဖီးနစ်ရဲ့ သွေးကို လိုအပ်တာပဲ"

ကျန်းချန်က သူ့နံဘေးတွင် ရှိနေသည့် မုန့်ချင်းရွှယ်ကို လက်ညိုးထိုးပြကာ ပြုံးပြလိုက်သည်။

[ဘာလဲဟ.. ဒီကောင်လေးက မုန့်ချင်းရွှယ်ကို သူ့အိမ်ဖော်လို့ ပြောနေတာလား]

ယန်ချင်းရွှယ် နှင့် စုလင်းရှန်းသည် ကျန်းချန်၏ စကားကြောင့် တုန်လှုပ်သွားပြန်သည်။

သူတို့က မုန့်ချင်းရွှယ်ကို ကြည့်ပြီး ဘာပြောရမှန်းပင် မသိတော့ပေ။

စင်စစ် မုန့်ချင်းရွှယ်၏ ဝိသေသလက္ခဏာနှင့် ပတ်သက်၍ ယန်ချင်းရွှယ်နှင့် စုလင်းရှန်း တို့သည် ကောင်းစွာ သိရှိထားကြသည်။

ကျန်းချန်က မုန့်ချင်းရွှယ် ကဲ့သို့ ပြိုင်ဘက်ကင်း မာနခဲ မိန်းကလေးကိုပင် လိုလိုလားလား သူ့အိမ်ဖော် ဖြစ်လာစေနိုင်ခဲ့ရာ တကယ်ကို သာမန်အမြင်ဖြင့် ဖော်ပြ၍ မရနိုင်သည် မွန်းစတား ဖြစ်မှန်း သူတို့ သဘောပေါက်လိုက်၏။

"ညီနောင်ကျန်းချန်.. မိန်းကလေး ချင်းရွှယ်ရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မင်းရှင်းပြတာကို နားထောင်ပါရစေ"

ယန်ချင်းရွှယ်က အံ့အားသင့်ရာမှ ပြန်ကောင်းလာပြီးနောက် မကြာခင်မှာပင် သူ့ကို ထိတ်လန့်စေမည့် နောက်ထပ် မေးခွန်းတစ်ခုကို ထုတ်လိုက်သည်။

စင်စစ် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ် ပြဿနာသည် သူ့လို ဆဌမအဆင့် အဂ္ဂိရတ်သခင်ကိုပင် ကူကယ်ရာမဲ့ ဖြစ်စေခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။

"သူမက ထိုက်ယင် အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်.. ဒီခန္ဓာကိုယ်က အသက်၁၇နှစ် ပြည့်တာနဲ့ သေစေနိုင်တဲ့ ခန္ဓာကိုယ်တစ်ခုပဲ.. ဒီပြဿနာကို ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံးကပဲ ဖြေရှင်းပေးနိုင်တယ်.. ရွှယ်ယန်ဆေးလုံးကို သန့်စင်ဖို့အတွက်က ဆဌမအဆင့် မီးအထူးပြု သားရဲရဲ့ သွေး လိုအပ်တယ်"

ထိုက်ယင်အထူးခန္ဓာကိုယ်၊ ဒဏ္ဍာရီလာ ရွှယ်ယန်ဆေးလုံး..

ယန်ချင်းရွှယ် မချိပြုံး ပြုံးလိုက်သည်။

သူက ဗဟုသုတ ကြွယ်ဝသည်ဟု သူ့ကိုယ်သူ ထင်ခဲ့သော်လည်း ထိုအရာနှစ်ခုကို ကြားပင်မကြားဖူးပေ။

ဆဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်အနေဖြင့် ယန်ချင်းရွှယ်သည် ဤကဲ့သို့ စိတ်လှုပ်ရှားမျိုး မခံစားရသည်မှာ မည်မျှကြာနေပြီမှန်းပင် မသိတော့ချေ။

သူ့ရှေ့မှ လူငယ်လေးသည် ပြန်လည်မွေးဖွားလာသည့် ရှေးခေတ်က အဂ္ဂိရတ်ပညာရှင်ဟုပင် သံသယဖြစ်လာသည်အထိပင်။

အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ ဤလူငယ်လေး၏ အောင်မြင်မှုသည် အကန့်အသတ်မဲ့ ဖြစ်နေမည်မှာ သေချာသည်။

ယန်ချင်းရွှယ် နှင့် နှစ်နာရီနီးပါး အဂ္ဂိရတ်ပညာရပ် အကြောင်း ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် ယန်ချင်းရွှယ် ပေးလိုက်သော ဆဌမအဆင့် မီးလျှံဖီးနစ်၏ သွေးကို ယူဆောင်ကာ မုန့်ချင်းရွှယ်နှင့်အတူ ချင်းရွှယ်ခန်းမကနေ ပြန်လာခဲ့သည်။

သူ့အိမ်သို့ပြန်ရောက်လျှင် ကျန်းချန်သည် ခြံတံခါးဝတွင် စောင့်နေသည့် ထန်ရှန့်ကို တွေ့လိုက်ရ၏။

"ညီနောင်ကျန်းချန်.. နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့"

ကျန်းချန်ကို မြင်သည်နှင့် ထန်ရှန့်က ကျန်းချန်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွားခဲ့သည်။

"ဘာပြဿနာရှိလို့လဲ"

ကျန်းချန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"ပေတန်းခန်းမမှာများ မတော်တဆမှု တစ်ခုခု ဖြစ်လို့လား"

"ဒီမနက်ကပဲ ကျန်းခိုင်လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက်က မင်းကို ရှာဖို့ ပေတန်းခန်းမဆီ လာခဲ့တယ်.. သူငါတို့ဆီ ရောက်လာတော့ ဒဏ်ရာအပြင်းအထန် ရနေခဲ့တယ်"

ထန်ရှန့်က လေးနက်စွာ ပြောလိုက်သည်။

"ငါမှန်းတာမမှားရင် မင်းရဲ့ ကျန်းမိသားစုမှာ တစ်ခုခု ဖြစ်နေပုံပဲ"

"ဦးလေး ကျန်းခိုင်ရဲ့ အခြေအနေဘယ်လိုလဲ"

ကျန်းချန်၏ မျက်နှာသည် ရုတ်တရက် ကြည့်ရဆိုးလာခဲ့သည်။

အခန်း(၃၉) ပြီး၏

All Chapters