အခန်း (၄၃)
Vol. 3 Ch. 43
ဤအခိုက်အတန့်တွင် ရင်ပြင်မှာရှိနေသည့် ဧည့်သည်အများစုသည် ကျန်းချန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြသည်။
သူတို့သည် ဤကမ္ဘာတွင် မောက်မာသည့်သူများကို မတွေ့ဖူးသည်တော့ မဟုတ်ပေ။
သို့သော် ကျန်းချန်လိုမျိုး အလွန်မာန်တက်နေသည့် အမှိုက်ကောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ရွှန်းဝူ တိုက်ကြီးတွင် အင်အားကြီးသူကိုသာ လေးစားကြပြီး အင်အားနည်းသူများသည် မည်သည့် အခွင့်အရေးမှ မရှိပေ။
ဤကလေးက စန်းရှန်မြို့၏ အင်အားအကြီးဆုံးလူ ဖြစ်ခဲ့သည့် ကျန်းဝူရ၏ သားဖြစ်နေပါစေ၊ ထိုအချက်ကို ပြောင်းလဲ၍မရချေ။
ယခုလို ကျန်းဝူရက ကျန်းအိမ်တွင် မရှိသည့်အချိန် မပြောနှင့်၊ ကျန်းဝူရ ကိုယ်တိုင် ရှိနေလျှင်ပင် ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် နေရာကို ကျန်းချန်လို အမှိုက်ကောင်ဆီ ဘယ်တော့မှ ပေးအပ်မည် မဟုတ်ပေ။
"ဒီကလေးက ဘယ်ကနေ သတ္တိတွေ ရလာလဲ မသိဘူး.. မိသားစုခေါင်းဆောင် နေရာအတွက် ကျန်းချမ်ဟဲနဲ့ ယှဥ်ပြိုင်ဖို့ ဒီနေရာထိ ရောက်လာရဲတယ်"
"ကျန်းချန်.. မင်းက ကျန်းမိသားစု ခေါင်းဆောင် ရာထူးကို အမှန်တကယ် ဆက်ခံချင်တာလား"
ကျန်းချမ်ဟဲက ကျန်းချန်ကို မျက်လုံးချင်းဆိုင်၍ ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။
ကျန်းချန်က ထိုအကြည့်များကို ရှောင်ဖယ်မသွားဘဲ ပြန်ဖြေလိုက်သည်။
"သိပ်သေချာတာပေါ့"
"ကောင်းပြီလေ.. မင်းက မိသားစုခေါင်းဆောင် ရာထူးကို ဆက်ခံချင်တယ် ဆိုမှတော့ မင်းမှာ ကျန်းမိသားစုရဲ့ ခေါင်းဆောင် နေရာကို ဆက်ခံဖို့ အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့"
စကားဆုံးသည်နှင့် ကျန်းချမ်ဟဲ၏ မျက်လုံးများသည် စင်အောက်မှာ ရှိသည့် ကျန်းမိသားစု၏ တပည့်တစ်ယောက်ဆီသို့ တိုက်ရိုက် ရောက်ရှိသွား၏။
"ကျန်းရှင်း.. တက်လာခဲ့စမ်း"
ကျန်းချမ်ဟဲ၏ စကားသံအဆုံးတွင် အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ် အရွယ်သာ ရှိသေးသည့် အေးစက်စက်မျက်နှာထားနှင့် ကောင်လေးတစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ကျန်းချမ်ဟဲ၏ ဘေးတွင် ပေါ်လာသည်။
"ကျန်းချန်.. ကျန်းမိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်ရင် စကားကိုပဲ အားကိုးလို့မရဘူး.. အရာအားလုံးက မင်းရဲ့ ခွန်အားပေါ်မှာပဲ မူတည်တယ်"
"မင်း ငါ့ဘေးမှာရှိတဲ့လူကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်.. သူက ကျန်းမိသားစုရဲ့ မျိုးဆက်သစ်တွေထဲက ပါရမီရှင် ကျန်းရှင်းပဲ"
"မင်းက ကျန်းရှင်းကို အနိုင်ယူပြီး ကျန်းမိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ ပထမ ဖြစ်လာနိုင်တဲ့ ခွန်အားရှိရင် မင်းမှာ ကျန်းမိသားစု ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်းရှိတယ်ဆိုတာ ငါဝန်ခံမယ်"
ကျန်းချမ်ဟဲက ထိုစကားကို ပြောလိုက်သော်လည်း မျက်လုံးတွင် လှောင်ရိပ်သန်းသော အမူအရာတစ်ခု ရှိနေသည်။
သူက စင်အောက်မှာရှိသည့် ကျန်းချန်ကို ကြည့်ကာ မေးလိုက်၏။
"ကျန်းချန်.. မင်း စင်ပေါ်တက်လာပြီး ကျန်းရှင်းနဲ့ တိုက်ခိုက်ဖို့ သတ္တိရှိလား"
ကျန်းရှင်းသည် ကျန်းမိသားစု၏ မျိုးဆက်သစ်များ ထဲတွင် ပထမ ဖြစ်ပြီး လွန်ခဲ့သည့် ခြောက်လကပင် လင်ယွင်ကျောင်းတော်ထဲ၏ အတွင်းစည်း နန်းတော် ကျောင်းသား ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီကာကွယ်ရေးအဆင့်၃သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကျန်းချန်သာ တကယ်ပဲ စင်ပေါ် တက်လာရဲလျှင် ကျန်းချမ်ဟဲသည် ကျန်းရှင်းကို ကျန်းချန်အား အပြီးအပိုင် ဖျက်ဆီးခိုင်းမည် ဖြစ်ပြီး ကျန်းချန်ကို ပြန်လည် နိုးထလာဖို့ အခွင့်အရေးပင် ဘယ်တော့မှ ပေးမည် မဟုတ်ပေ။
"လခွမ်း.. ကျန်းချမ်ဟဲက ဓားဌားပြီးလူသတ်တဲ့ ဗျူဟာကို အသုံးချနေတာပဲ.. အတော်လေး ရက်စက်တယ်ဟ"
"ဟုတ်ပါ့.. ကျန်းမိသားစုရဲ့ အမှိုက်ကောင်က ကျန်းမိသားစုရဲ့ အညံ့ဆုံးတပည့်ကိုတောင် အနိုင်မယူနိုင်ဘူးလို့ ခန့်မှန်းရတယ်.. သူ့လို အမှိုက်ကောင်ကို ကျန်းရှင်းနဲ့ တိုက်ခိုက်ခိုင်းတာက အနိုင်ကျင့်တာပဲ မဟုတ်လား"
ကျန်းချမ်ဟဲ၏ စကားကြောင့် ရင်ပြင်မှာရှိသည့် လူအားလုံးသည် ခေါင်းခါယမ်းလိုက်ပြီး ကျန်းချန်ကို သနားကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ထိုလုပ်ရပ်က ကျန်းမိသားစု၏ အမှိုက်ကောင်ကို သေတွင်းထဲ တွန်းပို့လိုက်သည်နှင့် အတူတူပင်။
"ဒီခွေးအိုကြီးက ကျန်းရှင်းကိုတောင် ပြန်ခေါ်ထားတာပဲ"
ကျန်းချမ်ဟဲက ကျန်းရှင်းကို စင်မြင့်ပေါ်သို့ ခေါ်လိုက်သည်ကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။
"ကျန်းချန်.. ကျန်းမိသားစုရဲ့ ခေါင်းဆောင်နေရာက ကျန်းမိသားစုရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စပဲ.. မင်းက ကျန်းမိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်ရင် စင်ပေါ်တက်ပြီး ငါနဲ့ လာတိုက်ခိုက်ပါ"
ထိုအချိန်တွင် ကျန်းရှင်း၏ အေးစက်စက်အသံသည် စင်မြင့်ပေါ်ကနေ ထွက်ပေါ်လာခဲ့သည်။
"ကျန်းရှင်း.. မင်းက ခွေးအိုကြီး ကျန်းချမ်ဟဲ မွေးမြူထားတဲ့ ခွေးပေါက်လေး တစ်ကောင်ထက် ဘာမှမပိုဘူး.. ဒီသခင်လေး ရှေ့မှာ လာဟောင်ရဲတယ်လား"
"မင်းက ငါ့ကို တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မီဘူး.. မင်း ငါနဲ့ တိုက်ခိုက်ချင်ရင် ငါ့ရဲ့အိမ်ဖော်ကို အရင်အနိုင်ယူနိုင်မှ ရမယ်"
ကျန်းချန်က မထီမဲ့မြင် အပြုံးဖြင့် ပြောပြီးနောက် မုန့်ချင်းရွှယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"စင်ပေါ်တက်ပြီး ခွေးပေါက်လေးကို ငါ့အတွက် ဖယ်ရှားပေးပါ"
အခန်း(၄၃) ပြီး၏