အခန်း (၄၄)
Vol. 3 Ch. 44
ထိုစကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် တစ်ခဏအတွင်း စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။
သူမက တစ်ဖက်မှာရှိသည့် ကျန်းရှင်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
"ငါက သူ့ကိုယ်စား နင်နဲ့တိုက်မယ်.. စလိုက်ရအောင်"
"မုန့်.. မုန့်ချင်းရွှယ်"
ကျန်းရှင်းက စင်မြင့်ပေါ်တွင် ပေါ်လာသည့် မုန့်ချင်းရွှယ်ကို ကြည့်ပြီး အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူက မုန့်ချင်းရွှယ်ကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်ကာ အံ့အားသင့်သော လေသံဖြင့် မေးလိုက်၏။
"မင်း.. မင်းက တကယ်ပဲ ကျန်းချန်ရဲ့ အစေခံ ဖြစ်သွားတာလား"
လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျန်းချန်က လင်ယွင်ကျောင်းတော်၏ ပါရမီရှင်မိန်းမလှလေး မုန့်ချင်းရွှယ်ကို အစေခံအဖြစ် ခေါ်ယူခဲ့သောသတင်းသည် လင်ယွင်ကျောင်းတွင် ပျံ့နှံ့ခဲ့သည်။
အတွင်းနန်းတော်မှာရှိသည့် ကျန်းရှင်းပင် ထိုသတင်းကို ကြားမိခဲ့၏။
သို့သော် ကျန်းရှန်းသည် ထိုသတင်းကို နောက်ပြောင်သည်ဟုသာ ထင်ပြီး အလေးအနက် မထားခဲ့ပေ။
မုန့်ချင်းရွှယ်က မည်သူနည်း။
သူမက လင်ယွင်စာရင်းတွင် ဒုတိယချိတ်သည့် ပါရမီရှင်ဖြစ်သည့်အပြင် ကျောင်းသားများ၏ စိတ်ကူးအိပ်မက်ထဲမှ ရေခဲ နတ်ဘုရားမလေး ဖြစ်သည်။
လင်ယွင် စာရင်းမှာ ပါဝင်သည့် ပါရမီရှင်များပင် မည်သူမှ သူမကို မလေးမစား မပြုမူရဲကြပေ။
ထို့ကြောင့် ကျန်းမိသားစု၏ အမှိုက်ကောင်က မုန့်ချင်းရွှယ်ကို အစေခံအဖြစ် ခန့်အပ်ရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သို့သော် သူ့ရှေ့မှ မြင်ကွင်းအရ မုန့်ချင်းရွှယ်သည် အမှန်တကယ်ပင် ကျန်းချန်၏ အစေခံ ဖြစ်သွားသည်ကို ယုံကြည်ရပေတော့မည်။
သို့မဟုတ်လျှင် မုန့်ချင်းရွှယ်သည် စန်းရှန်မြို့ရှိ ကျန်းမိသားစုသို့ မည်သို့ လာနိုင်ပါမည်နည်း။
ကျန်းချန်၏ ညွှန်ကြားချက်ကို မည်သို့ နာခံနိုင်ပါမည်နည်း။
"ဒါက ငါ့ကိစ္စပါ.. နင်နဲ့ မဆိုင်ဘူး"
မုန့်ချင်းရွှယ်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"စတိုက်တော့.. နင်မတိုက်ဘူးဆိုရင် နောက်ထပ် အခွင့်အရေး ရမှာမဟုတ်ဘူးလို့ ငါအာမခံတယ်"
"အထူအပါးနားမလည်တဲ့ မိန်းကလေးပဲ.. ငါတို့ ကျန်းမိသားစုရဲ့ ကိစ္စကို ဝင်ရှုပ်ရဲတယ်.. ဒီကနေ ထွက်သွားစမ်း"
မိန်းကလေး တစ်ယောက်က သူ၏ အစီအစဥ်ကို ဖျက်ဆီးရန် ရုတ်တရက် ပေါ်လာသည်ကိုမြင်လျှင် ကျန်းချမ်ဟဲက ရုတ်တရက် အော်ငေါက်လိုက်၏။
သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အင်အားကြီးမားသည့် စွမ်းအားတစ်ခုသည် မုန့်ချင်းရွှယ် ဆီသို့ ဦးတည်လာခဲ့သည်။
မုန့်ချင်းရွှယ်၏ မျက်နှာအမူအရာက ပြောင်းလဲမသွားခဲ့ပေ။
သူမက သူမ၏ နူးညံ့သော လက်ဝါးကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ ကျန်းချမ်ဟဲ၏ စွမ်းအားနှင့် ထိပ်တိုက် ဆုံမိသွားခဲ့သည်။
"ဝုန်း"
ရုတ်တရက် လေထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။
ကျန်းချမ်ဟဲသည် ချက်ချင်းပင် ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားခဲ့သည်။
သူ၏ တစ်ဖက်မှာရှိသည့် မုန့်ချင်းရွှယ်ကမူ နေရာမှာပင် မလှုပ်မယှက် ရပ်နေဆဲပင်။
"မင်း.. မင်း ဘယ်သူလဲ"
ကျန်းချမ်ဟဲက အထိတ်တလန့် ရေရွတ်လိုက်သည်။
သူ၏မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားခဲ့၏။
ဤမိန်းကလေးက အသက်၁၆နှစ် ၁၇နှစ်လောက်သာ ရှိသေးပုံရသော်လည်း ခွန်အားက ချီကာကွယ်ရေး အဆင့်၇ တွင်ရှိနေပြီး သူ့ထက် မနိမ့်ကျပေ။
မုန့်ချင်းရွှယ်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ငါက ကျန်းချန်ရဲ့ အစေခံပါ.. ပြဿနာရှိလို့လား"
သူ့ရှေ့မှ ချီကာကွယ်ရေး အဆင့်၇ ပါရမီရှင် မိန်းကလေးသည် အမှန်တကယ်ပင် ကျန်းချန်၏ အစေခံ ဖြစ်နေပါသလော။
ဤအချိန်တွင် ကျန်းချမ်ဟဲ တစ်ယောက်တည်း မှင်တက်သွားခြင်း မဟုတ်ပေ။
ကြည့်ရှုသူ ဧည့်ပရိသတ်များပင် သူတို့၏ မေးရိုးများ အောက်သို့ ပြုတ်ကျလုနီးပါးထိ အံ့အားသင့်သွားကြ၏။
ခန္ဓာကိုယ်ကို ပြုပြင်ခြင်းအဆင့်၂မှ အမှိုက်ကောင်က ကျန်းချမ်ဟဲထက် အနည်းငယ် ပိုသန်မာသည့် ပါရမီရှင် အလှဘုရင်မလေးကို အစေခံအဖြစ် ခေါ်ယူခဲ့သည်။
အဆိုးဆုံးအချက်မှာ ထိုပါရမီရှင် အလှဘုရင်မလေးသည် သူမက ကျန်းချန်၏ အိမ်ဖော်ဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ခြင်းပင်။
[ဒါ.. ဒါက လုံးဝ မယုံနိုင်စရာပဲ]
"ကျန်းချန်.. ကျန်းမိသားစု ခေါင်းဆောင် ရာထူးအတွက် တိုက်ပွဲက မိသားစုရဲ့ အတွင်းရေးကိစ္စပဲ"
"မင်းက ကျန်းမိသားစုရဲ့ ခေါင်းဆောင် တကယ် ဖြစ်ချင်ရင် မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းကိုပဲ သုံးရမယ်"
"အပြင်လူတစ်ယောက်က မင်းကို ကူညီပေးနေရင် မင်းကကျန်းမိသားစုကို ဘယ်လို ယုံကြည်အောင် လုပ်နိုင်မှာလဲ"
ကျန်းချမ်ဟဲက မျက်နှာထား တင်းမာစွာဖြင့် ကျန်းချန်ကို အော်ဟစ်လိုက်သည်။
"ဟားဟား.. ကျန်းချမ်ဟဲ.. မင်းလူက ငါ့ရဲ့အစေခံကိုတောင် မနိုင်ဘူး.. ဘာလို့ အသံကောင်းလာဟစ်နေတာလဲ"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
ထို့နောက် သူ၏ တိုးညင်းသောလေသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ရောက်ရှိသွား၏။
"ဒါပေမယ့် မင်းစကားက အမှန်တရား နည်းနည်းတော့ ပါတယ်.. ငါက ကျန်းမိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်မှတော့ လူတိုင်း ယုံကြည်အောင် လုပ်ရတော့မှာပေါ့"
"ကဲ ငါကိုယ်တိုင် တိုက်ခိုက်မှာကို ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့ ငါ သူ့ကို ရိုက်တော့မယ်"
အခန်း(၄၄) ပြီး၏