အခန်း (၄၅)
Vol. 3 Ch. 45
ကျန်းချန်က စကားဆုံးသည်နှင့် အလင်းပုံရိပ်အဖြစ် ပြောင်းလဲသွားပြီး စင်မြင့်ပေါ်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
သူက ကျန်းချမ်ဟဲနဲ့ ကျန်းရှင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ငါ့ရဲ့စွမ်းရည်ကို မြင်ချင်နေကြတာ မဟုတ်လား.. အတူတူ တက်လာခဲ့ကြစမ်း"
"ကျန်းချန်.. မောက်မာမနေနဲ့.. မင်းကိုကိုင်တွယ်ဖို့ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ကျန်းရှင်းသည် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
လင်ယွင်စာရင်း၏ ဒုတိယမြောက်ပါရမီရှင် မုန့်ချင်းရွှယ်နှင့် ရင်ဆိုင်ရလျှင် သူ အမှန်တကယ် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော် ကျန်းချန်လို အမှိုက်ကောင်ကိုမူ ကျန်းရှင်းက ဂရုမစိုက်ခဲ့ပေ။
ကျန်းချန်က အမှိုက်ကောင် ဘွဲ့ကို ဖယ်ရှားနိုင်ခဲ့လျှင်ပင် ဘာများ ဖြစ်လာနိုင်ပါမည်နည်း။
ကျန်းချန်က သူ့လို ကျန်းမိသားစု၏ ပါရမီရှင်ကို ဤမျှ တိုတောင်းသည့် အချိန်အတွင်း လိုက်မီနိုင်လိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ချေ။
"မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ ကျန်းရှင်း"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"တကယ်တော့ မင်းလို ကျန်းမိသားစုရဲ့ ပါရမီရှင်လို့ ခေါ်တဲ့လူက ငါ့မျက်လုံးထဲမှာတော့ အမှိုက်ပဲ"
စကားအဆုံးတွင် ကျန်းချန်၏ ပုံရိပ်သည် ကျန်းရှင်းရှေ့မှာပင် တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
သူ့ရှေ့မှ ထူးဆန်းသည့် မြင်ကွင်းကြောင့် ကျန်းရှင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။
သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပဲ သူ့မျက်လုံးရှေ့၌ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ကျန်းရှင်းက ချက်ချင်းဆိုသလို ဝမ်းဗိုက်တွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြီးမားသည့် အင်အားတစ်ခုကြောင့် ဗြောင်းဆန်သွားခဲ့၏။
ခဏအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရသည်။
ယင်းမှာ ကျန်းရှင်း၏ ခန္ဓာကိုယ်က စင်မြင့်၏ အစွန်းကနေ တိုက်ရိုက် ပြုတ်ကျသွားခြင်းကြောင့်ပင်။
နောက်ထပ် တစ်ခဏတွင် ကျန်းရှင်းသည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။
"မင်း.. မင်း"
ကျန်းရှင်းက မျက်နှာဖြူဖျော့စွာဖြင့် ကျန်းချန်ကို ကြည့်ကာ ရေရွတ်လိုက်၏။
သူ၏အမူအရာက ကျန်းချန်ကို အလွန်အမင်း ကြောက်လန့်နေသလိုပင်။
"တစ်ကွက်ထဲ.. တကယ်ကြီး တစ်ကွက်ထဲနဲ့ ကျန်းမိသားစုရဲ့ ပါရမီရှင်က ကျန်းချန်ကို ရှုံးနိမ့်သွားတာလား"
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချမ်ဟဲက တုန်လှုပ်သွားသည်။
ပရိသတ်အားလုံးလည်း အံ့အားသင့်သွားကြ၏။
ဤအချိန်တွင် လူတိုင်းသည် ကျန်းချန်ကို အံ့အားသင့်စွာဖြင့် မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
"ဒါ.. ဒါ တကယ်ပဲ ကျန်းမိသားစုရဲ့ နာမည်ကျော် အမှိုက်ကောင်မှ ဟုတ်ရဲ့လား"
ကျန်းရှင်းကို လက်သီးတစ်ချက်ထဲဖြင့် စင်ပေါ်မှ ရှင်းထုတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် ကျန်းချမ်ဟဲကို တိုက်ရိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ခွေးအိုကြီး.. ဒီတစ်ခေါက် မင်းအလှည့်ပဲ"
"ကျန်းချန်.. ကျန်းရှင်းကို အနိုင်ယူနိုင်တာနဲ့ပဲ ဘယ်သူမှ မင်းကို မဆုံးမနိုင်ဘူးလို့ မထင်နဲ့"
ကျန်းချမ်ဟဲက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်း ငါ့ကို ကျန်းရှင်းလိုပဲ ကိုင်တွယ်ရ လွယ်မယ်လို့ တကယ်ထင်နေတာလား"
"ဟုတ်တယ်.. ငါ့မျက်လုံးထဲမှာ မင်းက သူ့ထက် ဘာမှပိုပြီး ထူးခြားမနေဘူး.. မင်းလည်း တစ်ကွက်ထဲပဲ"
ကျန်းချန်က မထီမဲ့မြင် အပြုံးဖြင့် ပြုံးလိုက်ပြီး သူ၏ လက်သီးကို ဆုပ်လိုက်ရာ နှစ်ပေသုံးပေခန့် ရှည်လျားသော အပြာရောင် နဂါးပုံရိပ်သည် ရုတ်တရက် သူ့ရှေ့တွင် တိုက်ရိုက် စုဝေးလာခဲ့သည်။
"ကောင်းကင်ဖျက်ဆီးလက်သီး"
ကျန်းချန်က ကြုံးဝါးလိုက်သည်နှင့် အပြာရောင် နဂါးက ကောင်းကင်သို့ တက်သွားပြီး နဂါးအော်သံကို ထုတ်ဖော်လိုက်ကာ ကျန်းချမ်ဟဲဆီ ဦးတည် ပျံသန်းသွားခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချမ်ဟဲ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။
သူက တစ်ကိုယ်လုံးရှိ အင်အားကို အလျင်အမြန် စုစည်းလိုက်ပြီး ကျန်းမိသားစု၏ တစ်ခုတည်းသော နက်နဲမှုအဆင့် ကိုယ်ခံပညာဖြစ်သည့် ကောင်းကင်တုန်ဟီး လက်ဝါးကို အသုံးပြုလိုက်သည်။
သို့သော် ကျန်းချမ်ဟဲ၏ ကောင်းကင်တုန်ဟီး လက်ဝါးသည် ကျန်းချန်၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
ကောင်းကင်ဖျက်ဆီးလက်သီးက ကျန်းချမ်ဟဲ၏ လက်ဝါးကို တိုက်ရိုက် ချိုးဖျက်သွားပြီး ကျန်းချမ်ဟဲ၏ ခန္ဓာကိုယ်ကိုပင် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
ကျန်းချမ်ဟဲက စင်ပေါ်ကနေ ပြောင်းပြန်လန်ကျကာ အဆုံးသတ်တွင် လူးလိမ့်နေသော ဖရဲသီးကဲ့သို့ပင် မြေပြင်ပေါ်၌ ဆယ်ကြိမ်ထက် မနည်း လူးလှိမ့်သွားပြီးမှသာ ရပ်တန့်သွားခဲ့၏။
သို့သော် ကျန်းချမ်ဟဲ မြေပြင်ကနေ မထသေးခင်မှာပင် ကျန်းချန်သည် တခဏအတွင်း ကျန်းချန်ဟဲ ဘေးတွင် ပေါ်လာခဲ့ပြီး သူ၏လက်ဝါးဖြင့် ကျန်းချမ်ဟဲကို ထပ်မံ ရိုက်ချလိုက်သည်။
အခန်း(၄၅) ပြီး၏