အိမ်စာ ကော်ပီကူးခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စတစ်ခု - ၁
Vol. 69 Ch. 1021
နွေရာသီအားလပ်ရက် တရားဝင် မစတင်မီတွင် အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်သည် အားလပ်ရက်အကြို ဆရာများ အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
အစည်းအဝေးပွဲအတွင်း သူ၏မျက်နှာအမူအရာသည် အလွန်တရာ လေးနက်နေ၏။
"အမှတ် ၆၀ အထက်တန်းကျောင်းက ဆရာဆရာမတွေကို သတင်းဆိုးတစ်ခု ပြောကြားချင်ပါတယ်"
သူ၏စကားကြောင့် ကျောင်းရှိ ဆရာဆရာမများ အားလုံး၏ နှလုံးသားများသည် တုန်လှုပ်သွားကြသည်။
ကျောင်းအုပ်ကြီးချန်း ဤမျှ လေးလေးနက်နက် ပြောဆိုနေသည်ကို ယခင်က တစ်ခါမျှ မကြားခဲ့ဖူး၍ စင်မြင့်အောက်တွင် အချင်းချင်း တီးတိုးစကားသံများဖြင့် ခဏမျှ ဆူညံသွားခဲ့သည်။
ပုံမှန်အားဖြင့် တည်ငြိမ်သော ကျောင်းအုပ်ကြီးချန်း၏ မျက်နှာတွင် စိတ်ပျက်အားငယ်သော အမူအရာမျိုး ဖြစ်နေသည်မှာ အဘယ်ကြောင့်နည်း။
"အနှစ်ခြောက်ဆယ်ကြာ အလုပ်ကြိုးစားပြီးနောက်မှာ ဒီနေ့မှာတော့ ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းက အဓိကမြို့ပြ အထက်တန်းကျောင်း အဖြစ်ကို တိုးမြှင့် သတ်မှတ်ခံရဖို့ အကောင်းဆုံး မျှော်လင့်ချက် ရှိနေတာ အားလုံးလည်း သိထားမယ်ထင်ပါတယ်"
ကျောင်းအုပ်ကြီးချန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"နွေရာသီအားလပ်ရက် စတင်ပြီး ငါတို့ရဲ့ အဆောက်အဦးတွေ အဆင့်မြှင့်တင်ပြုပြင်မှုကို တဖြည်းဖြည်း ပြီးမြောက်စေမှာဖြစ်သလို ငါတို့ရဲ့ သင်ကြားရေးအဖွဲ့ကိုလည်း ရာထူးတိုးပေးမှာဖြစ်တယ်"
"ငါတို့ကျောင်းက အဓိကမြို့ပြ အထက်တန်းကျောင်း ဖြစ်လာပြီးတဲ့အခါ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ ဆရာမတွေက ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးရုံးက တိုက်ရိုက် ပေးအပ်တဲ့ အဓိကမြို့ပြ အထက်တန်းကျောင်းဆရာတွေရဲ့ ထောက်ပံ့ကြေးကို လက်ခံရရှိမှာဖြစ်တယ်.
"အဓိကမြို့ပြ အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ပြီးတဲ့နောက်မှာ နှစ်ငါးဆယ်ပြည့်အောင် ဆက်လက် သင်ကြားပေးမယ်ဆိုရင် စုန့်ဟိုင်မြို့မှာ အိမ်တစ်လုံး ရရှိမှာဖြစ်တယ်.. ဆရာတွေမှာ ကလေးတွေရှိရင် လူတွေ့စစ်ဆေးစရာ မလိုဘဲ ကျောင်းဝင်ကြေးလည်း လုံးဝအခမဲ့ပဲ.. နောက်တစ်ချက်ကတော့ ဆရာတွေက အလုပ်သွားဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေမှာ ဓားပျံတွေကို စီးနင်းခွင့်ရမှာ ဖြစ်တယ်"
"ဒါ့အပြင် ဆရာဆရာမအားလုံးအတွက် ပြည်တွင်းသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားမှုတွေကို နှစ်စဉ်ပြုလုပ်သွားမှာ ဖြစ်တယ်.. ဒါက ကျွန်တော်တို့ရဲ့ သင်ကြားရေး အဖွဲ့အစည်းကို စည်းလုံးညီညွတ်စွာနဲ့ တိုးတက်စေမှာဖြစ်တယ်.. တစ်ချိန်တည်းမှာပဲ အလုပ်များနေစဉ်မှာ စိတ်ဖိစီးမှုကို သက်သာစေပြီး အသိပညာကို နည်းအမျိုးမျိုးနဲ့ ချဲ့ထွင်နိုင်မှာဖြစ်တယ်"
စင်မြင့်အောက်ရှိ ဒါရိုက်တာရှီးက ကျောင်းအုပ်ကြီးချန်း၏ စကားကိုကြားလျှင် အနည်းငယ် အံ့ဩသွားသည်။
"ဒါက သတင်းကောင်းမဟုတ်ဘူးလား"
ကျောင်းအုပ်ကြီးချန်းက ခေါင်းညိမ့်လိုက်သည်။
"ဟုတ်တယ်.. ဒါက သတင်းကောင်းပဲ.. သတင်းဆိုးက အခုမှလာမှာ"
..........
"အဓိကမြို့ပြအထက်တန်းကျောင်းကို အဆင့်မြှင့်တင်ဖို့အတွက် အလွန်အရေးကြီးတဲ့ အပိုင်းကတော့ ကျောင်းရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းစာလိပ်ကို လွှဲပြောင်းဖို့ပဲ ဖြစ်တယ်.. ဒီစာလိပ်က အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ စတင်တည်ထောင်ခြင်းမှတ်တမ်း ဖြစ်ပြီး ကျောင်းရဲ့ အရေးကြီးတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်တယ်.. ဒီစာလိပ်မှာ ယခင်ကျောင်းအုပ်ကြီးတွေရဲ့ စကားလုံးတွေကို မှော်စည်းတံဆိပ် ခတ်ထားတယ်"
"အရင်တုန်းကတော့ ကျောက်စိမ်းစာလိပ်ကို ရုံးခန်းရဲ့ စားပွဲပေါ်မှာ တင်ထားခဲ့တယ်.. အဆုံးသတ်မှာတော့ အထက်ဌာနကို မလွှဲပြောင်းခင် စကားလုံးမဲ့ မှော်တံဆိပ်နဲ့ စည်းတံဆိပ်ခတ်ဖို့ အကြံရခဲ့တယ်.. အဲဒီအချိန်မှာပဲ ကျောက်စိမ်းစာလိပ်က ပျောက်နေတယ် ဆိုတာ သိလိုက်ရတယ်"
"ဘယ်လိုပျောက်သွားတာလဲ"
စင်မြင့်အောက်ရှိ ဆရာဆရာမများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
လက်တွေ့ကျကျ ပြောရလျှင် ကျောင်း၏ ကျောက်စိမ်းစာလိပ်သည် အမှန်တကယ် တန်ဖိုးရှိသောအရာလည်းမဟုတ်ပေ။
သူခိုးပင်လျှင် စိတ်ဝင်စားမည့်အရာ မဟုတ်ချေ။
အရေးအကြီးဆုံးအချက်မှာ ဆရာတော်တော်များများ သိထားကြသည့်အတိုင်း စာလိပ်တွင် မည်သည့် စကားလုံးမှ မရှိခြင်းဖြစ်၏။
စာလိပ်ပေါ်တွင် စကားလုံးများ ပေါ်ထွက်လာစေရန်အတွက် မှန်ကန်သော စကားဝှက်ကို လိုအပ်၏။
"ကျောင်းအုပ်ကြီး.. စာလိပ်က ခိုးခံလိုက်ရတာလား"
ဆရာများက မနေနိုင်တော့ဘဲ မေးလိုက်ကြသည်။
ယခုအခါတွင် သူတို့သည် အဓိကမြို့ပြ အထက်တန်းကျောင်း၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
အကယ်၍ သူတို့သာ စာလိပ်ကို ရှာမတွေ့နိုင်ခဲ့လျှင် အဓိကမြို့ပြ အထက်တန်းကျောင်း ဖြစ်နိုင်မည့် အခွင့်အရေးသည် အမှတ် ၅၉ အထက်တန်းကျောင်း၏ လက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်၏။
ဤသည်က အမှတ် ၆၀ အထက်တန်းကျောင်း၏ ရာစုနှစ် တစ်ခုအတွင်း အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးရနိုင်သည့် အဖြစ်အပျက် တစ်ခု ဆိုလည်း မမှားပေ။
မကြာသေးမီနှစ်များအတွင်း ကျောင်းရှိ ဆရာအများအပြားသည် နှုတ်ထွက်ရန် စီစဉ်ခဲ့ကြသည်။
သို့သော်လည်း အမှတ် ၆၀ အထက်တန်းကျောင်းက အဓိကမြို့ပြအထက်တန်းကျောင်း အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခံရမည်ဖြစ်၍ ဆက်လက်သင်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ဤအကျပ်အတည်း ဖြစ်ပေါ်လာချိန်တွင် ဆရာများ၏ နှလုံးသားများသည် အေးစက်သွားကြသည်။
"မင်းတို့အားလုံး တိတ်တိတ်နေကြစမ်း"
ကျောင်းအုပ်ကြီးချန်းက အခြေအနေကို ထိန်းကျောင်းလိုက်သည်။
သူ၏အသံက ကျယ်လောင်သည်ဟု မယူဆနိုင်သော်လည်း ကျောင်းအုပ်တစ်ဦး၏ ဂုဏ်သိက္ခာကြောင့် အခြေအနေက တည်ငြိမ်သွားခဲ့သည်။
"မင်းတို့တွေအားလုံး စိုးရိမ်နေကြတာကို ငါနားလည်တယ်.. ဒါပေမဲ့ အခုချိန်က စိုးရိမ်နေရမယ့်အချိန် မဟုတ်ဘူး.. အခုချိန်က ငါတို့အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ ဆရာတွေအားလုံး စည်းလုံးမှုကို ပြသရမယ့်အချိန် ဖြစ်တယ်.. အကျပ်အတည်းက ပိုကြီးလေ ပိုပြီးတည်ငြိမ်စွာ ရှိနေရလေပဲ"
ကျောင်းအုပ်ကြီးချန်းက စင်မြင့်အောက်ရှိ ဆရာများကို ဝေ့ကြည့်လိုက်သည်။
"ကံကောင်းတာက ကျောက်စိမ်းစာလိပ်ကို ရှာဖို့အတွက် အချိန်အနည်းငယ် ကျန်ရှိနေသေးတာပဲ.. ငါတို့ကျောင်း အနေနဲ့ အခြေအနေတွေကို အလှည့်အပြောင်းလုပ်ဖို့ ရက် ၆၀ အချိန် ရှိသေးတယ်.. ကနဦးအနေနဲ့ စာလိပ်ခိုးယူခံရနိုင်ချေကို ငါရှင်းပြမယ်.. ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးရုံးက ကျောက်စိမ်းစာရွက် ပြန်လည်အသုံးပြုခြင်း လုပ်ငန်းစဉ်ကို ပြုလုပ်ထားတဲ့အတွက် ဒါရိုက်တာရှီးနဲ့ ငါက လေ့ကျင့်ခန်းစာအုပ်တွေနဲ့ ကျောက်စိမ်းစက္ကူဟောင်းတွေကို စုဆောင်းပြီး ရုံးမှာ ထားရှိခဲ့တယ်.. CCTV အရတော့ ကျောက်စိမ်းစာလိပ်ကို ကျောင်းသားတစ်ဦးဦးက ပစ္စည်းတွေရွှေ့ဖို့လာရင်း ရောပြီး ပါသွားပုံပဲ.. ဒါက ရုတ်တရက်ကြည့်လိုက်ရင် စာရွက် အလွတ်တစ်ခုလိုပဲလေ.. ဘာစာမှ ရေးမထားတဲ့အတွက် အမှိုက်တစ်ခုလို သဘောထားလိုက်ရင်တောင် အံ့ဩစရာမဟုတ်ဘူး
"ဒါဆို ဒီကျောက်စိမ်းစာလိပ်ကို ဘယ်လိုရှာကြမလဲ"
ဆရာတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။
ဤမေးခွန်းအတွက် ကျောင်းအုပ်ကြီးချန်းတွင် အဖြေရှိပြီးသား ဖြစ်၏။
ယင်းက ယနေ့ သူကျင်းပနေသည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်လည်း ဖြစ်သည်။
"ဒီနှစ် နွေရာသီကျောင်းပိတ်ရက် အိမ်စာမှာ အသုံးပြုမယ့်စက္ကူအတွက် ကျောက်စိမ်းစက္ကူကို မှော်ပညာနဲ့ သန့်စင်ပြီး ပြန်လည်အသုံးပြုဖို့ ကျောင်းပေါင်းတစ်ရာ အထွေထွေ အုပ်ချုပ်ရေးရုံးက ပြုလုပ်လိုက်ပြီ"
ဆရာဆရာမများအားလုံး ".........."
"ဒါကြောင့် သတင်းကောင်းအနေနဲ့ ငါတို့ရဲ့သမိုင်းဝင်ကျောက်စိမ်းစာလိပ်က စုန့်ဟိုင်မြို့မှာ ရှိနေဆဲပဲ.. ဒါပေမဲ့ အပိုင်းအစပေါင်း များစွာ ကွဲသွားပြီ ဖြစ်တဲ့အတွက် အိမ်စာစက္ကူတွေက ပျံ့နှံ့နေမှာသေချာတယ်.. စာလိပ်ရဲ့အစိတ်အပိုင်း အားလုံးကို ရှာဖွေနိုင်ရင် မှော်ပညာနဲ့ ပြန်လည် ဖော်ထုတ်လို့ရတယ်"
ကျောင်းအုပ်ကြီးချန်းက ထိုစကားကိုပြောရင်း ပတ်ဝန်းကျင်ရှိဆရာများကို ဝေ့ကြည့်လိုက်သည်။
"အစည်းအဝေးပွဲကို တက်ရောက်လာတဲ့ ဆရာတွေက ငါတို့အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ အရေးပါတဲ့ဆရာတွေပဲ.. ဒီနှစ်က ငါတို့ကျောင်းရဲ့ ရာစုနှစ်တစ်ခု အတွင်းမှာ အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ်ကို တိုးမြှင့်သတ်မှတ်ခံရဖို့အတွက် အခွင့်အရေးလည်းဖြစ်တယ်.. နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောက်စိမ်းစာလိပ်ရဲ့ အစိတ်အပိုင်းအားလုံးကို ဝိုင်းဝန်းရှာဖွေပေးဖို့ ဒီနေရာမှာရှိတဲ့လူတိုင်းကို နှိမ့်ချစွာတောင်းဆိုပါတယ်.. ကျေးဇူးပြုပြီး ကူညီပေးကြပါ"
ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးချန်းက စင်မြင့်ထက်ကနေ ဆရာများ အားလုံးကို ဦးညွှတ်လိုက်သည်။
ထို့ကြောင့် နွေရာသီအားလပ်ရက် အတွင်း အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောက်စိမ်းစာရွက်ကို ဗဟိုပြု၍ ရှာဖွေသော လုပ်ငန်းစဉ်သည် ဖြစ်ပေါ်လာခဲ့သည်။
နွေရာသီရောက်ပြီဆိုသည်နှင့် ကျောင်းသားအတော်များများသည် ခရီးများထွက်ရန် စီစဉ်လေ့ရှိကြသည်။
ရှာဖွေရမည့် ဧရိယာကျဉ်းမြောင်းစေရန်အတွက် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများသည် စုန့်ဟိုင်မြို့ရှိ ကော်ဖီဆိုင်များနှင့် (fast food) ဆိုင်များကဲ့သို့ နေရာများကို အဓိကထားရှာဖွေရန် သတ်မှတ်ခဲ့ကြသည်။
ကျောက်စိမ်းစာလိပ်၏ ပယောဂကြောင့် အိမ်စာကူးချနေသည့် ကျောင်းသားများကို တွေ့ရှိသည်နှင့် ဆရာများသည် ဖမ်းဆီးရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
အပိုင်း(၁၀၂၁) ပြီး၏