← Chapters

အိမ်စာ ကော်ပီကူးခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စတစ်ခု - ၂

Vol. 69 Ch. 1022

အိမ်စာ ကော်ပီကူးခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စတစ်ခု - ၂

Vol. 69 Ch. 1022

ကျောင်းသမိုင်း၏ အရေးအကြီးဆုံးသော ကျောက်စိမ်းစာလိပ်က ယခုလို အရေးကြီးသောအချိန်တွင်‌ နွေရာသီအားလပ်ရက်၏ အိမ်စာစက္ကူ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

ယခုဆိုလျှင် စုန့်ဟိုင်မြို့ရှိ အထက်တန်းကျောင်းသားကျောင်းသူတိုင်းကို အိမ်စာစက္ကူများ ပေးထားပြီးပြီ ဖြစ်၍ ကျောက်စိမ်းစာလိပ် ရှာပုံတော်သည် ပင်လယ်ထဲမှ အပ်တစ်စင်း ရှာဖွေနေသလို ဖြစ်နေပေသည်။

ဤပြဿနာကြောင့် ကျောင်းအုပ်ကြီးချန်းသည် စာလိပ်နှင့်အနီးစပ်ဆုံး နေရာကို သိရှိနိုင်မည့် ရေဒါ အက်ပ်ပလီကေးရှင်းတစ်ခုကို ဆရာများ ချက်ဂရုတွင် ပေးပို့ခဲ့သည်။

စာလိပ်က မီတာငါးဆယ် အကွာအဝေးအတွင်း၌ ရှိနေသရွေ့ အက်ပ်ပလီကေးရှင်းက တုံ့ပြန်လိမ့်မည် ဖြစ်၏။

ကျောက်စိမ်းစာလိပ် ရှာပုံတော်အတွက် ဆရာများကို ညွှန်ကြားရန် တာဝန်ခံဆရာမှာ ရှေးဟောင်းစာအုပ်ကြီး ဖြစ်၏။

ဆရာဝမ်သည် ကလေးများနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိပြီး အတန်းထဲတွင် နောက်ဆုံးပေါ် ဟာသများကို ပြောပြလေ့ရှိသူ ဖြစ်သည်။

ဆရာဝမ်က ကလေးများနှင့် အနီးစပ်ဆုံးဆရာဟုပင် ဆိုနိုင်သည်။

ဆရာဝမ်သာလျှင် ဤအရေးကြီးသော တာဝန်ကို ထမ်းဆောင်နိုင်မည်ဟု ကျောင်းအုပ်ကြီးချန်းနှင့် ဒါရိုက်တာရှီးတို့က ခံစားမိခဲ့ကြသည်။

ကျောင်းအုပ်ကြီးချန်းတို့ မျှော်မှန်းထားသည့် အတိုင်းပင် ဆရာဝမ်သည် ထိုညမှာပင် ရှာဖွေရေး အစီအစဉ်ကို ချမှတ်ခဲ့သည်။

“ဆရာတွေကို အုပ်စုတွေ အများကြီးခွဲထားတယ်.. အဲဒီစာရင်းကို ချက်ဂရုထဲမှာ ပေးပို့လိုက်ပြီ.. ဆရာတွေအားလုံး မှတ်ထားကြပါ.. ဒီကိစ္စက ငါတို့ရဲ့ အနာဂတ် အကျိုးစီးပွားတွေနဲ့ သက်ဆိုင်နေတယ်.. ဒါကြောင့် အားလုံးပဲ အစွမ်းကုန်ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်”

ဆရာများက အခြေခံအားဖြင့် လူနှစ်ဦးစီ ပါဝင်သော အဖွဲ့စာရင်းကို ကြည့်ရှုခဲ့ကြသည်။

အဖွဲ့များကို သက်ဆိုင်ရာ ထောက်လှမ်းမှုများအလိုက် အမည်ပေးထားသည်။

(Fast food)စားသောက်ဆိုင် ထောက်လှမ်းရေးအဖွဲ့၊ ကော်ဖီဆိုင် ထောက်လှမ်းရေးအဖွဲ့၊ စာကြည့်တိုက် ထောက်လှမ်းရေးအဖွဲ့၊ မှော်ရတနာဆိုင် ထောက်လှမ်းရေးအဖွဲ့၊ အီလက်ထရောနစ်ဆိုင် ထောက်လှမ်းရေးအဖွဲ့၊ ရထား ထောက်လှမ်းရေးအဖွဲ့များ ဖြစ်ကြသည်။

မယုံနိုင်စရာ အကောင်းဆုံးမှာ လေဆိပ်ထောက်လှမ်းရေးအဖွဲ့ပင် ရှိနေခြင်း ဖြစ်၏။

ထို့ကြောင့် နိုင်ငံရပ်ခြားကိုသွားပြီး အိမ်စာကူးကြမည့် ကျောင်းသားများ ရှိလျှင်ပင် ဆရာများက သူတို့ကို တားဆီး၍ ရမည် ဖြစ်၏။

“ငါတို့မှာ လူအင်အားမလုံလောက်ဘူး ထင်တယ်”

ဆရာဆရာမအချို့က စာရင်းကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများအားလုံးကို စေလွှတ်လျှင်ပင် အများဆုံး ခရိုင်တစ်ခုသာ ရှာဖွေနိုင်မည်ဖြစ်သည်။

စုန့်ဟိုင်မြို့တွင် ခရိုင် ၂၂ ခုရှိပြီး(fast food)စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များ ကဲ့သို့ ဆိုင်ပေါင်းထောင်ဂဏန်းခန့် ရှိသည်။

ထို့ပြင် ရေဒါ အက်ပ်ပလီကေးရှင်း၏ တုံ့ပြန်မှု အကွာအဝေးသည် မီတာငါးဆယ်အကွာသာ ဖြစ်၏။

ခရိုင်တစ်ခုပြီးမှ တစ်ခု ရှာဖွေမည်ဆိုလျှင် သူတို့၏ ရှာဖွေမှုသည် မည်မျှကြာမြင့်မည်မှန်း မပြောနိုင်ပေ။

“စိတ်မပူပါနဲ့ ဆရာတို့.. ကျေးဇူးပြုပြီး ငါ့ရဲ့ လမ်းညွှန်မှုတွေကို ယုံကြည်ပေးပါ.. ဆရာတို့ကို ပေးထားတဲ့ တာဝန်တွေကိုပဲ အစွမ်းကုန် လုပ်ပေးပါ”

ရှေးဟောင်းစာအုပ်ကြီးက စိတ်ချစွာပြုံး၍ ပြောလိုက်သည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် ပြင်ပအကူအညီ ယူရမည်ကို သူကောင်းစွာသိသည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများအနေဖြင့် ဤတာဝန်ကို ပြီးမြောက်ရန်မှာ အလွန်ခက်ခဲမည် မဟုတ်ပါလား။

ဤကိစ္စနှင့်ပတ်သတ်၍ ကျိုးရီကို အကူအညီတောင်းရန်လည်း မသင့်တော်ပေ။

ကျောင်းအုပ်ကြီးချန်းက ဤအချက်ကို ရှင်းလင်းစွာ မှာကြားထားခဲ့သည်။

ကျိုးရီက အမှတ် ၆၀ အထက်တန်း ကျောင်းသားဟောင်း ဖြစ်သောကြောင့် အထက်တန်းကျောင်းများကို အဆင့်သတ်မှတ်ရာတွင် ဘက်လိုက်မှု ဖြစ်နိုင်၍ အမှတ် ၆၀ အထက်တန်းကျောင်းသည် လှုပ်ရှားမှု မှန်သမျှကို ကျိုးရီနှင့် ကင်းကင်းရှင်းရှင်း ရှိရမည် ဖြစ်သည်။

တစ်ခုတည်းသောအချက်မှာ ဤကိစ္စနှင့် ပတ်သတ်၍ ကျောင်းအုပ်ကြီးချန်းသည် ကျိုးရီကို စိတ်မပူစေချင်ခဲ့ပေ။

နောက်တစ်ချက်မှာ သူတို့၏ ပျောက်ဆုံးနေသော ကျောက်စိမ်းစာလိပ်ကို ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က ရှာဖွေပေးနိုင်ခဲ့လျှင် သူတို့အနေဖြင့် အဓိကမြို့ပြအထက်တန်းကျောင်း အဖြစ် တိုးမြှင့်သတ်မှတ်ခံရရန် အရည်အချင်း ပြည့်မှီတော့မည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့် သူတို့အနေဖြင့် ကျောက်စိမ်းစာလိပ်ကို ကျိုးရီ၏ အကူအညီမယူဘဲ ရှာဖွေရန်သာ ရှိတော့သည်။

“ငါ့ရဲ့အရည်အချင်းကို ပြသဖို့အချိန်တန်ပြီ”

အမှတ် ၆၀ အထက်တန်းကျောင်း၏ ခေါင်မိုးပေါ်ကနေ နေဝင်ချိန်ကို ငေးကြည့်ရင်း ဆရာဝမ်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။

မိနစ်အနည်းငယ် အကြာတွင် အသွင်အပြင်နှစ်ခုက သူရှေ့တွင်ပေါ်လာသည်။

ထိုနှစ်ယောက်က သူ၏ဂုဏ်ယူရသော တပည့်နှစ်ယောက် ဖြစ်သည့် လူသတ်ဆရာနှင့် ဓားပြမိစ္ဆာမှလွဲ၍ အခြားသူများမဟုတ်ပေ။

“ဆရာ”

ထိုနှစ်ယောက်က ရှေးဟောင်းစာအုပ်ကြီးကို ဒူးတစ်ဖက်ထောက်၍ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

“ဒီတစ်ခေါက်ကိစ္စအတွက် လူဘယ်နှစ်ယောက်စုနိုင်လဲ”

“အရိပ်အဖွဲ့အစည်းကို ဖြုတ်ချပြီး သူတို့ရဲ့ ခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီးတဲ့နောက်မှာ အရိပ်အဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်သူ အများအပြားက ထွက်ပြေးခဲ့ကြတယ်.. ကျွန်တော်နဲ့ ဂျူနီယာညီလေးတို့က သူတို့ကို ဖမ်းဆီးပြီးတော့ ထိန်းသိမ်းထားခဲ့တယ်.. အခုအချိန်က သူတို့ကို စမ်းသပ်ဖို့ အချိန်ကောင်းပဲ.. စုဆောင်းထားတာကတော့ လူနှစ်ထောင်ကျော်လောက် ရှိနေပြီ ဆရာ”

လူသတ်ဆရာက ပြန်ဖြေလိုက်သည်။

“အင်း ကောင်းတယ်.. ဒီလောက်ဆို လုံလောက်ပါပြီ”

ရှေးဟောင်းစာအုပ်ကြီးက ခေါင်းညိမ့်လိုက်သည်။

“ဒီတစ်ခေါက်စစ်ဆင်ရေးရဲ့ အဓိကအချက်က လျှို့ဝှက်စွာလှုပ်ရှားဖို့ပဲ.. အိမ်စာ စာရွက်တွေကို တွေ့တာနဲ့ခိုးယူဖို့ပဲ လိုအပ်တယ်.. ကလေးတွေ မသိရင် အကောင်းဆုံးပဲ.. သယ်ရခက်လွန်းတဲ့ အခြေအနေတွေ ရှိလာရင် ငါ့ကို အသိပေးလိုက်.. အနီးနားက ဆရာတွေကို ချက်ချင်း အကြောင်းကြားလိုက်မယ်”

“နားလည်ပါပြီ”

နှစ်ယောက်သားက ခေါင်းညိမ့်ပြလိုက်ပြီးနောက်တွင် အရိပ်များပမာ လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။

ဤသည်က ရာစုနှစ်တစ်ခုအတွင်း အဓိကမြို့ပြအထက်တန်းကျောင်းသို့ အဆင့်တက်နိုင်ရန် အတွက် အမှတ် ၆၀ အထက်တန်းကျောင်း၏ အကြီးမားဆုံးအခွင့်အရေးဖြစ်၍ မည်သည့် အမှားအယွင်းမှ ဖြစ်ပွားခွင့်ပြုမည် မဟုတ်ပေ။

စင်စစ် အမှတ် ၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြအထက်တန်းကျောင်းအဖြစ် သတ်မှတ်ခံရလျှင် ဆရာဝမ် အတွက်လည်း အကျိုးရှိလာနိုင်ပေသည်။

ဥပမာအားဖြင့် ကျောင်းအတွင်း၌ တရားဝင် သရေစာကောင်တာကို ထူထောင်နိုင်မည် ဖြစ်၏။

ထိုအခါ သူ၏သရေစာများကို ပေါ်ပေါ်တင်တင် ရောင်းချနိုင်မည်ဖြစ်ပြီး ယခင်ကလို အံဆွဲထဲကနေ ကလေးများကို ခိုးကြောင်ခိုးဝှက် ရောင်းနေရန် လိုအပ်တော့မည် မဟုတ်ပေ။

ကျောင်းအုပ်ကြီးချန်းသည် နွေရာသီအားလပ်ရက် အတွင်း ကျောက်စိမ်းစာလိပ် အပိုင်းအစအားလုံးကို စုဆောင်းနိုင်သ၍ သရေစာကောင်တာကို ဖွင့်ခွင့်ပေးမည်ဟု ကတိပေးထားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်ကျလျှင် သူက အစပ်ချောင်း အမြောက်အများကို ယူဆောင်ကာ ကျောင်းသားများအား ရောင်းချမည် ဖြစ်၏။

---------------------

အခြားတစ်ဖက်တွင်လည်း ကြေးမုံနန်းတော် ဖျက်ဆီးခံရပြီးနောက်တွင် အနက်ရောင်အရိပ် စစ်တပ်၏ ကြံစည်မှုက မအောင်မြင်ဟု ထင်ရသော်လည်း ဝမ်လင်း ပြောခဲ့သည့်အတိုင်းပင် ဤသည်မှာ အစသာ ဖြစ်သည်။

အင်မော်တယ်ရှဲဖီသည် ဤအဖြစ်အပျက် တစ်ခုလုံး၏ သော့ချက်ဖြစ်သည့် အရိပ်၏ လျှို့ဝှက်ချက်အကြောင်းကို နောက်ဆုံးတွင် ပြောကြားခဲ့သည်။

ဟွာရှို့နိုင်ငံ၏ မြောက်ပိုင်း ဆင်ခြေဖုံးအရပ်တွင် လျှိုဝှက်ဆန်းကြယ်သော မြေအောက် အဆောက်အအုံ တစ်ခု ရှိ၏။

ဤနေရာက လူသူ အရောက်အပေါက် နည်းသော သင်္ချိုင်းကုန်းတစ်ခု ဖြစ်သည်။

သင်္ချိုင်းကို အလွန်နက်နဲစွာ ဖုံးကွယ်ထားပြီး ကန့်သတ်အစီအရင် အမျိုးမျိုးဖြင့် ဖုံးလွှမ်းထားသည်။

ဤမြေအောက်သင်္ချိုင်းဟောင်းသည် ဥက္ကဌပိုင်နှင့် အခြားသူများ အသက် ပြန်လည် ရှင်သန်လာပြီးနောက်တွင် ၎င်းတို့လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့် အခြေခံအဆောက်အအုံ ဖြစ်လာသည်။

ယခုအခါတွင် ဥက္ကဌပိုင်၏ မျက်လုံးများသည် မှန်အတွင်းမှအနက်ရောင်အရိပ် တစ်ခုအား စိုက်ကြည့်နေခဲ့သည်။

မှန်အတွင်းမှ အနက်ရောင်အရိပ်သည် သူနှင့် မိစ္ဆာအူမှိုတက်သခင်ကို ရှင်ပြန်ထမြောက်စေခဲ့သည့် အသက်သခင်ကျေးဇူးရှင် ဖြစ်ပြီး သူတို့၏ ဘော့စ်လည်း ဖြစ်၏။

“မင်းဘာလိုချင်လို့လဲ”

မှန်ထဲကလူက စကားပြောလိုက်သည်။

သူ့အသံက ချာတိတ်လေး တစ်ယောက်၏ အသံနှင့် ဆင်တူနေ၏။

“အရှင်.. အဆက်မပြတ် စောင့်ကြည့်ပြီးတဲ့နောက်မှာ ကျွန်တော့ရဲ့သားက အရိပ်အတက်အကျကို တွေ့ရှိခဲ့တယ်.. အတော်လေး အားနည်းနေပေမဲ့လည်း အဲဒီအရာက အရှင် ရှာဖွေနေတဲ့ အရိပ်အတက်အကျ ဖြစ်တာကို ကျွန်တော်တို့အတူ အတည်ပြုနိုင်ပါတယ်”

“လောလောဆယ်တော့ ဆက်လက်စောင့်ကြည့်ပါ.. အရိပ်အတက်အကျ အထွတ်အထိပ် ရောက်တဲ့အထိ ငါ့ကိုရှာဖို့ မလိုဘူး.. ဒါ့အပြင် ဒီကာလအတွင်း ဒီအိမ်ကြီးက မိသားစုကို အနှောင့်အယှက် မပေးကြနဲ့.. အချိန်မတိုင်ခင်ထိ သူတို့အသက်ရှင်နေဖို့ လိုအပ်တယ်”

“အမိန့်အတိုင်းပါ”

ဥက္ကဌပိုင်က ခေါင်းညိမ့်လိုက်သည်။

“ဒါ့အပြင် ကျွန်တော့မှာ သတင်းပေးစရာတစ်ခု ရှိသေးတယ် အရှင်”

“ပြောပါ”

“အခြေအနေသစ်တစ်ခု ပေါ်ပေါက်လာပြီ အရှင်.. အစောပိုင်းကပဲ နိုင်ငံတကာအဆင့် လူသတ်စာရင်းမှာ ပါဝင်တဲ့ လူသတ်သမားအားလုံးက အမြင့်ဆုံး လူသတ်အမိန့်ကို အတူတကွ ရရှိခဲ့ကြပြီး စုစည်းခဲ့ကြတယ်.. ဒီကိစ္စက အရိပ်အဖွဲ့နဲ့ သက်ဆိုင်နေမယ်လို့ ကျွန်တော် သံသယရှိတယ်.. ဖြစ်နိုင်တာက သူတို့လည်း အရိပ် အတက်အကျရဲ့ အရင်းအမြစ်ကို ရှာဖွေနေကြတဲ့ပုံပဲ”

“ဒီလို ကိစ္စအသေးအဖွဲဆိုရင် မင်းကိုယ်တိုင် ကိုင်တွယ်နိုင်တယ်.. ငါပြောတဲ့အတိုင်း လိုက်နာဖို့တော့ မမေ့နဲ့”

“အမိန့်အတိုင်းပါအရှင်”

အပိုင်း(၁၀၂၂) ပြီး၏

All Chapters