စွန်းရုံ၏ တည်ရှိမှု
Vol. 69 Ch. 1025
သင်၏ အချစ်ဆုံးသူငယ်ချင်းနှင့် အချိန်ဖြုန်းဖို့ အကောင်းဆုံးနည်းလမ်းမှာ အဘယ်အရာနည်း။
ယင်းမှာ လင်းရှောင်ယုနှင့် စွန်းရုံတို့ကဲ့သို့ ဈေးဝယ်ထွက်ခြင်းဖြစ်နိုင်၏။
သူငယ်ချင်းနှစ်ယောက်က လက်ချင်းတွဲ၍ ကုန်တိုက်တွင် ကျော့ကျော့မော့မော့ လျှောက်လည်နေကြသည်။
ဤသည်မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်၏ ဂရုစိုက်မှုစံနမူနာပင်။
အထူးသဖြင့် အားလပ်ရက်များတွင် အချစ်ဆုံးသူငယ်ချင်းဖြင့် အတူဈေးဝယ်ထွက်သည်ထက် ပိုကောင်းသောအရာ ရှိနိုင်ပါသလော။
ယနေ့ ရှော့ပင်း ထွက်ရသည့် ခရီးစဉ်သည် လင်းရှောင်ယုအတွက် အတော်လေး အကျိုးရှိခဲ့သည်။
ဤကုန်တိုက်သည် ဟွာကောရေတံခွန်လုပ်ငန်းစု လက်အောက်ရှိ ဈေးဝယ်စင်တာတစ်ခု ဖြစ်သည်။
ထို့ကြောင့် လင်းရှောင်ယုအနေဖြင့် စွန်းရုံ လိုက်ပါလာရုံဖြင့် လျှော့ဈေးရနိုင်မည် ဖြစ်၏။
ကုန်တိုက်ရှိ ဝန်ထမ်းအတော်များများက စွန်းရုံ၏ ဝိသေသလက္ခဏာကို မသိကြသော်လည်း စွန်းရုံက သိုလှောင်အိတ်ထဲကနေ ဒိုင်းမွန်းကတ်ကို ထုတ်ယူလိုက်သည်ကို မြင်လျှင် အံ့ဩသွားကြသည်။
ဟွာကောရေတံခွန် လုပ်ငန်းစုသည် နိုင်ငံတဝှမ်းလုံးတွင် အဆိုပါဒိုင်းမွန်းကတ်အား ကတ်တစ်ရာအောက်သာ ထုတ်လုပ်ခဲ့သည်။
ဤကတ်ကို ကိုင်ဆောင်ထားသူသည် ပရီမီယံဝန်ဆောင်မှုကို ခံစားနိုင်မည် ဖြစ်၏။
ဆိုလိုသည်မှာ သင့်အနေဖြင့် ပစ္စည်းကို ချက်ချင်းယူဆောင်နိုင်ပြီး နောက်ပိုင်းမှ ငွေပေးချေနိုင်သည့်အပြင် ၅၀% အထိ လျှော့ဈေးကို ရရှိနိုင်သော ခံစားခွင့် ဖြစ်သည်။
ထို့အပြင် ပစ္စည်းတန်ဖိုးအတွက် နည်းလမ်းမျိုးစုံဖြင့် ငွေပေးချေနိုင်သည့် အပြင် အနှစ်၂၀ ထိ အရစ်ကျပေးချေနိုင်၏။
ဆိုရလျှင် ဒိုင်းမွန်းကတ် လက်ဝယ်ရှိနေလျှင် အိမ်က အမေသည် သင့်အား အွန်လိုင်း စျေးဝယ် စပယ်ရှယ်လစ် တစ်ယောက် ဖြစ်လာမည်ကို စိတ်ပူစရာ မလိုအပ်တော့ပေ။
“ဒီတစ်ခေါက် ရှော့ပင်းထွက်တာ ရုံရုံကို ကျေးဇူးအရမ်းတင်ပါတယ်”
“ဒါက ဘာမှ အပန်းမကြီးပါဘူး.. ဒိုင်းမွန်းကတ်နဲ့ ဖြစ်တဲ့အတွက် အေးအေးဆေးဆေးမှ ပြန်ဆပ်လည်း ရပါတယ်”
“ပိုက်ဆံအတွက်က ပြဿနာမရှိပါဘူး.. နောက်လမှာ နောက်ထပ် စုံတွဲနှစ်တွဲ အဆင်ပြေသွားတာနဲ့ ကော်မရှင် ထပ်ရဦးမှာပဲလေ”
လင်းရှောင်ယုက ပျော်ရွှင်သောအမူအရာဖြင့် ပြောလိုက်သည်။
“...........”
တကယ်တမ်းတွင် စွန်းရုံသည် လင်းရှောင်ယု လုပ်ကိုင်နေသည့် လုပ်ငန်းအကြောင်းကို ကြားဖူးသည်။
ရှင်းလင်းစွာပြောရလျှင် သူမ လုပ်ကိုင်နေသော အလုပ်သည် အောင်သွယ်တော်အလုပ် ဖြစ်သည်။
ထို့ပြင် လင်းရှောင်ယု၏ လုပ်ငန်းသည် ယခုအခါတွင် ဖေးယန်ခရိုင်ရှိ အထက်တန်းကျောင်း အားလုံးကို လွှမ်းခြုံထားခဲ့ပြီ ဖြစ်သည်။
မိမိလိုချင်သောစတိုင်.အမျိုးအစား၊ ကျား၊ မ အစရှိသော အလိုရှိသည့် အရာကို လင်းရှောင်ယုအား ပြောပြရန်သာ လိုအပ်ပြီး သူမက သင့်တော်သော ဖူးစာဖက်ကို ရှာဖွေပေးလိမ့်မည် ဖြစ်သည်။
လင်းရှောင်ယု၏ လုပ်ငန်းသည် အလွန်ပင် ရည်ရွယ်ချက်ကောင်းမွန်သည်ဟု စွန်းရုံ အမြဲခံစားခဲ့ဖူးသည်။
ဆိုရလျှင် သူမသည် သာမန်ဖူဂျိုရှီတစ်ဦး မဟုတ်ဘဲ နည်းပညာရှင် ဖူဂျိုရှီတစ်ဦး ဖြစ်သည်။
လင်းရှောင်ယုသည် ချိန်းတွေ့သည့် အက်ပ်ပလီကေးရှင်း တစ်ခုကို တည်ထောင်ထားခဲ့သည်။
အခြေခံတည်ထောင်ခြင်းအဆင့်သာ ရှိသည့် သာမန်ကျောင်းသူတစ်ဦးက ချိန်းတွေ့သည့် အက်ပ်ပလီကေးရှင်းကို ဖန်တီးခဲ့သည်ဟု မည်သူမှ ထင်မှတ်မည် မဟုတ်ပေ။
ဤအက်ပ်ပလီကေးရှင်းမှရရှိသော လင်းရှောင်ယု၏ လစဉ်ဝင်ငွေသည် သူမ၏ ကျူရှင်လခနှင့် နေထိုင်စရိတ်များကိုသာမက မိသားစုကိုပါ ထောက်ပံ့နိုင်ခဲ့သည်။
လင်းရှောင်ယုသည် အထက်တန်းကျောင်းသူ တစ်ဦး ဖြစ်သော်လည်း ကိုယ့်အားကိုယ်ကိုးနေရသည့် ကရုဏာသက်ဖွယ် မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမ ငယ်စဉ်ကပင် မိဘများက ကွာရှင်းပြတ်ဆဲသွားခဲ့ပြီး သူမ အမေနှင့် အစ်ကိုကြီးကို ပြုစုစောင့်ရှောက်ခဲ့ရသည်။
သူမအမေက လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပင်ပန်းမှုဒဏ်ဖြင့် အိပ်ရာပေါ် လဲသွားခဲ့သည်။
လင်းရှောင်ယု၏ အစ်ကိုကမူ ငယ်စဉ်ကတည်းက လမ်းပေါ်မှ အရာတစ်ခု ကျောရိုးကို ထိမှန်၍ မသန်မစွမ်း ဖြစ်ခဲ့ရပြီး ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး၏ ခံစားမှုကို ဆုံးရှုံးခဲ့ရသည်။
ထိုအချိန်က ပြန်လည်ထူထောင်ရေး ခွဲစိတ်မှုကို ခံယူရာတွင် အလွန် ငယ်ရွယ်လွန်းခဲ့၍ ကုသမှုအတွက် အကောင်းဆုံးအချိန်ကို ကျော်လွန်သွားခဲ့၏။
ယင်းနောက်ပိုင်းတွင် သူ၏ဒဏ်ရာသည် ပြန်လည်ကောင်းမွန်လာမည့် အခွင့်အလမ်း မရှိတော့ပေ။
လင်းရှောင်ယု၏ အိမ်အခြေအနေ အကြောင်းကို ကြားသိသူတိုင်းသည် သူမကို သနားကြလိမ့်မည် ဖြစ်သည်။
သို့သော် လင်းရှောင်ယုသည် ထိုအခက်အခဲများကို ဂရုစိုက်နေမည်မဟုတ်ပေ။
သူမသည် ယောက်ျားများပင် ယှဉ်နိုင်မည် မဟုတ်သော စိတ်နှလုံးသား ခိုင်မာသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။
သူမက အိမ်သန့်ရှင်းရေးလုပ်ရန်ပင် အဒေါ်ကြီး တစ်ယောက်ကို ငှားရမ်းခဲ့၏။
“ငါ့အစ်ကိုလည်း ဘယ်တော့မှ စွံမလဲမသိဘူး”
လင်းရှောင်ယုက ဈေးဝယ်ထွက်နေရင်း ပြောလိုက်သည်။
မသန်မစွမ်း တစ်ဦး အတွက် ပါတနာတစ်ဦးရှာရန်မှာ မလွယ်ကူပေ။
သို့သော် စွန်းရုံ သိသလောက်ဆိုလျှင် လင်းရှောင်ယု၏ အစ်ကိုသည် ထူးချွန်သူတစ်ယောက် ဖြစ်သည်။
သူက မသန်စွမ်းသော ခန္ဓာကိုယ်အောက်ပိုင်းကြောင့် ကျင့်ကြံခြင်းကောလိပ်ကို မတက်နိုင်သော်လည်း သာမန်ကျောင်းတွင်မူ အဆင့်အကောင်းဆုံး ဖြစ်၏။
“ရှောင်ယု.. ငါတို့မိသားစုရဲ့ ဆေးတွေကို စမ်းသုံးကြည့်ပါလား.. ဘယ်သူပြောနိုင်မှာလဲ.. နင့်အစ်ကို ကောင်းလာရင်လည်း ကောင်းလာမှာပေါ့”
“အရင်က အစ်ကို့ကို ဆရာဝန်နဲ့ ထပ်ပြချင်လားလို့ မေးဖူးတယ်.. အစ်ကိုက ငြင်းခဲ့ပြီး ဘီးတပ်ကုလားထိုင်နဲ့ ထိုင်တာ အကျင့်ဖြစ်နေပြီလို့ ပြောခဲ့တယ်.. ဒါပေမဲ့ အရေးမကြီးပါဘူး.. ငါလက်မလျှော့သရွေ့ ငါ့အစ်ကိုကို ကောင်လေး ရှာပေးနိုင်မယ်လို့ ငါယုံကြည်တယ်”
စွန်းရုံ “ကောင်လေး ဟုတ်လား”
လင်းရှောင်ယု “ဟုတ်တယ်လေ.. သူက ခန္ဓာကိုယ်အောက်ပိုင်းမှ ခံစားချက်မရှိတာ.. ကောင်မလေး ရှာနိုင်မယ်လို့ နင်ထင်လို့လား”
“..........”
မိန်းကလေးနှစ်ဦးက စကားတပြောပြောဖြင့် ဟွာကောရေတံခွန်လုပ်ငန်းစု၏ ကားရပ်နားရာ နေရာသို့ လျှောက်လာကြသည်။
ယနေ့ ဈေးဝယ်ထွက်ပြီးနောက်တွင် အိမ်စာအတူတူလုပ်ရန် မိန်းကလေးနှစ်ဦးက ဆွေးနွေးခဲ့ကြ၏။
သူမတို့က ကော်ဟောက်တို့လို အိမ်စာကူးချလို၍ မဟုတ်ပေ။
နွေရာသီအားလပ်ရက်အိမ်စာ အတွက် စာစီစာကုံးကို မည်ကဲ့သို့ ရေးရမည်အား ဆွေးနွေးလိုခြင်းဖြစ်၏။
အမှောင်ထဲတွင်ပုန်းအောင်းနေသော ရှေးဟောင်းစာအုပ်ကြီး စေလွှတ်လိုက်သည့် လူသတ်သမားများသည် စွန်းရုံတို့ နှစ်ယောက်ကို အကဲခတ်နေကြသည်။
“ဒီကောင်မလေးတွေက အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသူလေးတွေ ဖြစ်ပုံရတယ်.. သူတို့ဆီမှာ စာလိပ်အပိုင်းအစ ရှိနေတယ်”
“စီနီယာလေလွင့်ကိုလူချောက အိမ်စာတွေကို ယူလာမှ လူသတ်နည်းစနစ်ကို လက်ဆင့်ကမ်းပေးမယ်လို့ ပြောခဲ့တယ်.. ငါတို့အနေနဲ့ အိမ်စာကိုပဲ အရယူရမယ်.. လူကိုတော့ မတော်တဆ မထိလိုက်စေနဲ့”
ဤသို့ဖြင့် စွန်းရုံတို့ နှစ်ဦး ကားနားသို့ ရောက်ခါနီးတွင် လူသတ်သမားများသည် အရှိန်အဟုန်ဖြင့် သူမတို့ နှစ်ဦးထံ ပျံသန်းလာခဲ့သည်။
“မမလေးကို ကာကွယ်ကြ”
ယာဉ်မောင်းက ချက်ချင်းပင် အော်ဟစ်လိုက်ရာ အနက်ရောင်ကား၏ နောက်ဖုံးက ပွင့်သွားခဲ့သည်။
ထိုနေရာကို ကျင့်ကြံခြင်းကမ္ဘာတွင် အသုံးများသည့် နေရာလွတ်ချဲ့ထွင်ခြင်း မှော်စွမ်းရည်ဖြင့် ချဲ့ထွင်ထားခြင်းဖြစ်ပြီး စွန်းရုံနှင့်အတူ လိုက်ပါလာသော ကိုယ်ရံတော်အားလုံးကို ထိုထဲတွင် ထည့်ထားခဲ့သည်။
ကားသမား၏အမိန့်ကို ကြားသည်နှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူထွားကြီး ဆယ်ယောက်ကျော်သည် နောက်ဖုံးထဲမှ ထွက်ပေါ်လာပြီး စွန်းရုံနှင့် လင်းရှောင်ယုတို့ကို ကာကွယ်ထားလိုက်သည်။
အခြားတစ်ဖက်တွင်လည်း သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသောလူငယ်များသည် ဤရှုပ်ထွေးသောမြင်ကွင်းကို အာရုံစူးစိုက်ထားကြသည်။
“ငါတို့ဘယ်လိုလုပ်ကြမလဲ.. လူသတ်သမားတွေက လှုပ်ရှားနေပြီ”
“ဘယ်လိုအခြေအနေ ဖြစ်ဖြစ် သူတို့ကို တားဆီးရမယ်လို့ ခေါင်းဆောင်ပိုင်က ငါတို့ကို မှာထားတယ်”
လူသတ်သမားများ၏ လှုပ်ရှားမှုမှန်သမျှကို ထိန်းချုပ်ရန်အတွက် အမိန့်ရရှိထားသော အနက်ရောင်အရိပ် စစ်သည်များသည် အနက်ရောင်အရိပ် ဝတ်စုံများကို ဖော်ထုတ်ရန်အတွက် သူတို့ဝတ်စားထားသည့် သာမန်ဝတ်စုံများကို ချွတ်လိုက်ကြသည်။
“သွားကြစို့”
ထို့နောက်တွင် သူတို့အားလုံးသည်လည်း စွန်းရုံရှိရာဆီသို့ ပြေးသွားခဲ့ကြသည်။
ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ရှုပ်ထွေးသွားခဲ့သည်။
“ဒါကဘာလဲဟ”
စွန်းရုံက သူမ ရှေ့ရှိမြင်ကွင်းကြောင့် သူမ၏ ပါးစပ်လေးကို လက်ဖြင့် ဖုံးကာ အံ့အားသင့်နေခဲ့သည်။
လူရိပ်များက ဘက်ပေါင်းစုံကနေ သူမတို့ဆီသို့ ပျံသန်းလာသည်ကို လင်းရှောင်ယု တွေ့လိုက်ရသည်။
“..........”
စွန်းရုံ၏တည်ရှိမှုက လူသတ်သမားများကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်လောက်သည်ဟု လင်းရှောင်ယုသဘောပေါက်ခဲ့သည်။
အပိုင်း(၁၀၂၅) ပြီး၏