ငါတို့ ဆရာမဖန်
Vol. 69 Ch. 1026
အရိပ်အဖွဲ့နှင့် ပြဿနာဖြစ်ပွားသည့် အချိန်မှစ၍ စွန်းရုံ၏ လုံခြုံရေးကို ဟွာကောရေတံခွန် လုပ်ငန်းစုက အထူးဂရုစိုက်ခဲ့သည်။
လူသတ်သမားများအတွက် ကျောက်စိမ်းစာလိပ်ကို ပြန်လည်ရယူခြင်းသည် အမှန်တကယ် အရေးကြီးသော်လည်း လက်ရှိတွင်မူ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
အကြောင်းရင်းမှာ ဆရာမဖန်က စွန်းရုံနှင့် လင်းရှောင်ယုတို့ကြားကို ပျံသန်း ရောက်ရှိလာသောကြောင့်ပင်။
ဆရာမဖန်အတွက် ကျောင်းသားများ၏ လုံခြုံရေးသည် အမြဲတမ်းဦးစားပေး ဖြစ်၏။
ယခုတစ်ကြိမ်တွင် လူသတ်သမားများသည် လုပ်ကြံသတ်ဖြတ်ရန်အတွက် သေချာပြင်ဆင်လာခဲ့ကြောင်း ဆရာမဖန် သိသည်။
ဆရာမဖန် အတွက်မူ သူမ၏ အသက်မဲ့ခန္ဓာကိုယ်ကို ဖြတ်လျှောက်နိုင်မှသာ သူမ၏ ကျောင်းသားများကို နာကျင်ခွင့်ပြုမည် ဖြစ်၏။
ထိုသို့မဟုတ်လျှင် သူမ ကျောင်းသားများ၏ အင်္ကျီစကိုပင် ထိခွင့်ပေးမည် မဟုတ်ပေ။
"ကျေးဇူးပြုပြီး ငါ့ရဲ့ကျောင်းသားနှစ်ယောက်ကို ဘေးကင်းအောင်ကာကွယ်ပေးထားပါ"
ဆရာမဖန်က သူမ၏ စိတ်ဝိညာဉ်ဓားကို ကိုင်မြှောက်ရင်း စွန်းရုံ၏ သက်တော်စောင့်အဖွဲ့ကို ညွှန်ကြားလိုက်သည်။
ဤကိုယ်ရံတော်များသည် လုံခြုံရေးကော်မတီကနေ ဟွာကောရေတံခွန် လုပ်ငန်းစု ငှားရမ်းထားသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
၎င်းတို့က ကျင့်ကြံခြင်းအဆင့် မဆိုးလှသော်လည်း တိုက်ပွဲအတွေ့အကြုံ နည်းပါးလှ၏။
သက်တော်စောင့်များက ကြိုတင်လေ့ကျင့်ထားသည့် အတိုင်း ဘက်စ်ကားများဖြင့် ပိတ်ထားသကဲ့သို့ အလုပ်ရှင်ကို ဝိုင်းရံ ကာကွယ်ပေးထားသည်။
မည်သို့ပင်ဆိုစေကာမူ စွန်းရုံကို သတ်ဖြတ်ရန် စေလွှတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူများသည် အရေအတွက်အားဖြင့် အသာစီးရနေ၏။
တစ်ဦးချင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် ဆရာမဖန်သည် အနိုင်ရရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည်ဟု ခံစားမိသော်လည်း အရေအတွက် အလွန်များနေသဖြင့် သူမ၏ နည်းဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
"ဆရာမဖန်"
မိန်းကလေးနှစ်ဦးက ဆရာမဖန်၏ လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြသည်။
သူမတို့က သက်တော်စောင့် အမြောက်အမြား၏ အကာအကွယ်ကိုယူ၍ တစ်လှမ်းချင်းစီ နောက်သို့ ဆုတ်သွားကြသည်။
သူမ ရှေ့မှလူသတ်သမား ရာချီကိုကြည့်ရင်း စိတ်ဝိညာဉ်ဓားကို ဆုပ်ကိုင်ထားသည့် ဆရာမဖန်၏ ပါးပြင်ပေါ်သို့ ချွေးသီးချွေးပေါက်များ စီးကျလာသည်။
ဥပဒေအရ လမ်းများပေါ်တွင် ရန်ဖြစ်ခြင်းကို တားမြစ်ထားသည်။
သို့သော် ချွင်းချက်တစ်ခုရှိ၏၊
ယင်းမှာ ကျိုးကြောင်းဆီလျော်သော ခုခံကာကွယ်ခြင်း အခြေအနေတွင် ဖြစ်၏။
"မင်းတို့အားလုံးနားထောင်.. ငါဒီမှာရှိနေသရွေ့ ငါ့တပည့်တွေကို အနိုင်ကျင့်လို့ရမယ် မထင်နဲ့"
ထိုစကားကို ပြောပြီးနောက်တွင် ဆရာမဖန်သည် စိတ်ဝိညာဉ်ဓားကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။
သူမက သူမ၏ ကျောင်းသားများရှေ့တွင် တိုက်ပွဲဝင်စွမ်းရည်ကို တစ်ခါမှ မထုတ်ဖော်ဖူးခဲ့ပေ။
သူမတွင် အလွန်သန့်စင်သော မြေကြီးဝိညာဉ်အရင်းအမြစ် ရှိသည်။
မြေကြီးဝိညာဉ်အရင်းအမြစ် ကျင့်ကြံသူများသည် သဘာဝ၏ စွမ်းအားကို အသုံးပြုလေ့ရှိသည်။
နည်းစနစ်တကျ ကျင့်ကြံထားသော မြေကြီးဝိညာဉ်အရင်းအမြစ်သည် ခုခံကာကွယ်ရာတွင် ပြည့်စုံကောင်းမွန်သော စွမ်းရည်ရှိ၏။
ထို့ပြင် မြေကြီးဝိညာဉ် အရင်းအမြစ်၏ အကြီးမားဆုံး အားသာချက်မှာ မြေမျက်နှာသွင်ပြင်ကို လျစ်လျူရှုနိုင်ခြင်းပင်။
"ငါတို့ဘာဆက်လုပ်ကြမလဲ"
လူသတ်သမားများနှင့် အနက်ရောင်အရိပ် စစ်သည်များက မည်သူ့ကိုမှ သတ်ရန် မကြံစည်ထားကြပေ။
လူသတ်သမားများ၏ တာဝန်မှာစာလိပ်အပိုင်းအစ စုဆောင်းရန်သာ ဖြစ်ပြီး အနက်ရောင်အရိပ် စစ်သည်များ၏ တာဝန်ကမူ လူသတ်သမားများ၏ လှုပ်ရှားမှုများကို တားဆီးရန်သာ ဖြစ်သည်။
ဆိုရလျှင် ၎င်းတို့သည် မတူညီသော အင်အားစုနှစ်ရပ် ဖြစ်၏။
သို့သော် ဆရာမဖန်၏ လုပ်ရပ်သည် အခြေအနေကို ကမောက်ကမ ဖြစ်စေခဲ့ပြီး ဤအဖွဲ့ နှစ်ဖွဲ့လုံးကို လုပ်ကြံသူများ အဖြစ် သတ်မှတ်ခဲ့သည်။
"ဓားတံတိုင်း"
ဆရာမဖန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက်မြေပြင်တွင် ထိုးစိုက်ထားသည့် စိတ်ဝိညာဉ်ဓားက စတင်တုန်ခါလာပြီး မီတာဆယ်နှင့်ချီ မြင့်မားသော မြေကြီးတံတိုင်းတစ်ခုသည် ဆရာမဖန်၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ထိုမြေကြီးတံတိုင်းသည် အဖိုးတန်ဓားတစ်ချောင်းနှင့် ဆင်တူပြီး မျှစ်ကဲ့သို့ပင် မြေပြင်မှ ပေါ်ထွက်လာသည်။
မြေကြီးတံတိုင်း၏ နောက်ကွယ်တွင် ဆရာမဖန်က သတိကြီးစွာဖြင့် ရှိနေခဲ့သည်။
ဤတံတိုင်းက တိုက်ခိုက်မှုကို မည်မျှကြာအောင် တားဆီးပေးနိုင်မလဲ သူမ သေချာ မသိပေ။
သို့သော်လည်း အနည်းဆုံးတော့ အချိန်အနည်းငယ် ဆွဲနိုင်မည် ဖြစ်၏။
ပတ်ဝန်းကျင်မှ လူများ၏ တိုင်တန်းမှုကြောင့် ကျင့်ကြံခြင်းရဲများသည် မကြာခင် ရောက်လာတော့မည် မဟုတ်ပါလော။
လူသတ်သမား အဖွဲ့ခေါင်းဆောင်က ဆရာမဖန် အချိန်ဆွဲနေမှန်း ကောင်းစွာသိ၏။
"ဒီလိုအခြေအနေမှာ ရွေးချယ်စရာမရှိတော့ဘူး.. ငါတို့နောက်ဆုတ်မှဖြစ်မယ်"
ထို့နောက်တွင် လူသတ်သမားအုပ်စုသည် အုပ်စုနှစ်စုခွဲ၍ ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ လူစုခွဲလိုက်ကြသည်။
"ညီနောင်.. ငါတို့ရော နောက်ဆုတ်ရမှာလား.
အနက်ရောင်အရိပ်စစ်သည်များသည် အချင်းချင်း ဆွေးနွေးလိုက်ကြသည်။
"အင်း.. ငါတို့အလုပ်က လူသတ်သမားတွေရဲ့ လှုပ်ရှားမှုကို တားဆီးဖို့ပဲလေ.. ဒါက အဓိကပဲ ဆိုတာ အားလုံး နားလည်မယ်လို့ထင်တယ်"
ထိုအချိန်မှာပင် အဝေးမှ ဥဩဆွဲသံများ ထွက်ပေါ်လာသည်။
ကျင့်ကြံခြင်းရဲများသည် ၎င်းတို့နှင့် မနီးမဝေးတွင် ရောက်ရှိနေပြီ ဖြစ်သည်။
"ညီနောင်တို့ ပြန်ဆုတ်ကြစို့.. ရဲတွေရောက်လာပြီ"
"အနက်ရောင်အရိပ် စစ်တပ်အနေနဲ့ ဒီလို နောက်ဆုတ်ရတာ နည်းနည်းတော့ ရှက်စရာကောင်းသလိုပဲ"
ဟုတ်တယ်.. ရှက်စရာတော့ ကောင်းတယ်
ထို့နောက်တွင် အနက်ရောင်အရိပ် စစ်သည်များသည် အခြေအနေမည်မျှ ဆိုးရွားသည်ကို နားလည်သဘောပေါက်သောကြောင့် လူစုခွဲရန် ဆုံးဖြတ်လိုက်တော့သည်။
"ကောင်းပြီလေ.. အရင်ဆုံးပြန်ဆုတ်ကြတာပေါ့"
ထို့နောက်တွင် အနက်ရောင်အရိပ် စစ်သည်များသည် အမှောင်ရိပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရန်သူများသည် သံလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့၏။
"သူတို့တွေက ပရော်ဖက်ရှင်နယ် လူသတ်သမားတွေပဲ"
ဆရာမဖန်က သူမ၏မှော်စွမ်းအားကို ပြန်လည်ရုပ်သိမ်းပြီးနောက် ရေရွတ်လိုက်သည်။
နေရောင်က တဖန် တောက်ပလာပြီးနောက်တွင် သူမ၏ ရုပ်သွင်သည် မြေပြင်ပေါ်၌ ထင်ရှားသော အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဝမ်လင်းနှင့် မြေပဲလေးတို့သည် ထိုမြင်ကွင်းကို အဝေးကနေ ကြည့်နေကြသည်။
ထိုအချိန်တွင် ချန်းချောင်နှင့် ကော်ဟောက်တို့ကလည်း ကော်ဖီဆိုင်မှ ထွက်လာကြ၏။
သူတို့က ဤတိုက်ပွဲတွင် ဆရာမဖန်ကို အထင်ကြီးသွားကြပြီး အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
"ဆရာမဖန်"
စွန်းရုံနှင့် လင်းရှောင်ယုတို့က လူသတ်သမား တစ်ရာကျော်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဆရာမဖန်က သူမတို့အပေါ်တွင် အမျိုးသမီးသူရဲကောင်း တစ်ဦး ကဲ့သို့ မားမားမတ်မတ် ကာကွယ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ဆရာမဖန်၏ အသွင်အပြင်သည် ယနေ့တွင် ဤမျှအရပ်ရှည်လာမည်ဟု မထင်ခဲ့ချေ။
"ဘာမှအပန်းမကြီးပါဘူး.. ငါလုပ်စရာရှိတာကိုပဲ ငါလုပ်ခဲ့တာပါ"
ဆရာမဖန်က မျက်မှန်ကို အပေါ်သို့ ပင့်တင်၍ ပြောလိုက်သည်။
"ဒါမှ ငါတို့ဆရာမဖန်ကွ"
ချန်းချောင်က ကော်ဖီဆိုင်အဝကနေ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဒီနေ့ ဆရာမဖန်ရဲ့အရပ်က ၂.၈မီတာလောက် ရှည်သွားတဲ့ပုံပဲ"
ထိုခဏတွင် ဆရာမဖန်၏အပြုံးက ပျောက်ကွယ်သွားသည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင်ဆရာမ တစ်ဦးအနေဖြင့် ချီးမွမ်းခံရသည့်တိုင် ဆရာမဖန်၏ အမူအရာသည် အေးတိအေးစက် ဖြစ်နေသည်။
သူမက ကော်ဖီဆိုင် ဝင်ပေါက်ရှိ ချန်းချောင်နှင့် ကော်ဟောက် တို့ကိုကြည့်ကာ ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်းတို့တွေ ထွက်လာပြီပေါ့"
ချန်းချောင်နှင့်ကော်ဟောက် "???"
ဆရာမဖန် "ကော်ဖီဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ မင်းတို့နှစ်ယောက် ပွဲခံနေတာကို အပြင်ကနေတောင် ကြားနေရတယ်"
ချန်းချောင်နှင့်ကော်ဟောက် ".........."
ဆရာမဖန် "မင်းတို့နှစ်ယောက် ငါ့ကို အိမ်စာတွေ အခုချက်ချင်း ပေးကြစမ်း.. ငါအခုပဲ ရှင်းပစ်လိုက်တော့မယ်"
ထိုစကားကိုကြားလျှင် ချန်းချောင်နှင့် ကော်ဟောက်တို့သည် ငိုချင်စိတ်ပေါက်သွားသော်လည်း မျက်ရည်မကျခဲ့ပေ။
ယနေ့တွင် သူတို့သည် ဝမ်လင်းနှင့် မြေပဲလေးထံမှ အိမ်စာများ မကူးယူခဲ့ရသည့်အပြင် သူတို့ ကိုယ်တိုင်အားထုတ်၍ လုပ်ထားသည့် စာအပိုင်းများကိုပင် ရှင်းထုတ်ခံရလိမ့်မည်ဟုမထင်ထားခဲ့ချေ။
ဤအရာသည် အလွန် ဝမ်းနည်းဖွယ်ကောင်း၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၊မြေပဲလေး၊ စွန်းရုံနှင့် လင်းရှောင်ယု တို့သည် ချန်းချောင်နှင့် ကော်ဟောက်တို့ တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
အပိုင်း(၁၀၂၆) ပြီး၏။