← Chapters

ထောက်လှမ်းရေးခေါင်းဆောင် ငွေရောင်လေး

Vol. 69 Ch. 1027

ထောက်လှမ်းရေးခေါင်းဆောင် ငွေရောင်လေး

Vol. 69 Ch. 1027

ချန်းချောင်နှင့် ကော်ဟောက်တို့၏ အစီအစဉ်သည် ဤတစ်ကြိမ်တွင် ဖော်ထုတ်ခံခဲ့ရ၏။

၎င်းတို့သည် လာမည့်ရက်များတွင် ဆရာမဖန်၏ အဓိကစောင့်ကြည့်ရေးပစ်မှတ် ဖြစ်လာဖွယ်ရှိသည်။

အိမ်စာကူးချခြင်း၏ အဓိကပြဿနာမှာ အသိပညာကို စုပ်ယူရန် ပျက်ကွက်ခြင်းမဟုတ်ဘဲ ပျင်းရိခြင်းကို အလွယ်တကူပေါက်ဖွားစေခြင်း ဖြစ်၏။

သာမန်ပျင်းရိခြင်းကနေ ပျင်းရိခြင်းကင်ဆာ အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ့ပြိုင်နက် လုံးဝကုသ၍ရမည် မဟုတ်တော့ပေ။

အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းသားများသည် ဒုတိယနှစ်သို့ ရောက်သောအခါတွင် လေ့ကျင့်ခန်းများကို အပြန်ပြန်အလှန်လှန် စတင်ပြုလုပ်ရမည် ဖြစ်၏။

အခြားလူတစ်ဦး၏ အိမ်စာအား အချောင်ကူးချခြင်းသည် အမှန်တကယ် တိုးတက်မှု လုံးဝ ရှိနိုင်မည်မဟုတ်ပေ။

သင်ခန်းစာများကို နားလည်သဘောပေါက်ရန် အတွက် အဟောင်းများကိုလည်း ပြန်လည် သုံးသပ်နေရမည်ဖြစ်သည်။

ဆရာမဖန် ဤကဲ့သို့ အလွန် တင်းကျပ်နေရသည့် အကြောင်းအရင်းမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းသားများ ချောမွေ့စွာ ဖြေဆိုနိုင်စေရန် ဖြစ်သည်။

သူမ၏ ရည်ရွယ်ချက်ကို ကျောင်းသားများ နားမလည်သည့်အတွက် သူမ အပြစ်မတင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးသွားသည်နှင့်အမျှ ကျေးဇူးတရားနှင့် အမုန်းတရားများလည်း ပြီးဆုံးသွားမည် ဖြစ်၏။

ဝမ်လင်းကမူ ဆရာမဖန်၏ စိတ်ရင်းစေတနာကို အနည်းငယ် နားလည်ပေးနိုင်သူများ ထဲတွင် ပါဝင်သည်။

ဆရာမဖန်၏ ရှေ့ဆောင်ဆရာမ ဟူသော ဂုဏ်ရည်သည် ကျောင်းတွင်းကျောင်းပြင် ရေပန်းစားခဲ့သည်။

သူမက မြို့တော်၏ ရွှေအဆင့်ဆရာဘွဲ့ကိုပင် ချီးမြှင့်ခံခဲ့ရ၏။

ထိုဆုအတွက် သူမအား ရွေးချယ်ရာတွင် ဝေဖန်မှုနှင့် အငြင်းပွားမှုများ ရှိခဲ့ဖူးသည်။

အချို့ကမူ ဆရာမဖန်၏ အရည်အချင်းသည် ဤဘွဲ့နှင့်မထိုက်တန်ကြောင်း ယူဆကြသည်။

အဆုံးသတ်တွင် သူမသည် ထူးချွန်သော ဆရာတစ်ဦး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

လမ်းပေါ်တွင်ရှိနေသော အုပ်စုနှစ်စုတွင် တစ်စုသည် အိမ်စာများကို လုယူရန် ရောက်လာကြသော်လည်း ကျန်တစ်စုကမူ ၎င်းတို့၏လုပ်ရပ်ကို ဟန့်တားရန် ထွက်လာကြခြင်း ဖြစ်သည်။

တကယ်တမ်းတွင်မူ မတူကွဲပြားသည့် အင်အားစုနှစ်ခု ဖြစ်၏။

ကြေးမုံနန်းတော်ကိစ္စ အဖြစ်အပျက်အပြီးတွင် ပျောက်ကွယ်သွားသော အနက်ရောင်အရိပ် စစ်သည်များသည် ဤနေရာတွင် တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

လူသတ်သမားအုပ်စုတွင် ဒုတိယအင်အားစုသည် အနက်ရောင်အရိပ် စစ်သည်များ ဖြစ်နိုင်ကြောင်း အခြားလူများ အနေဖြင့် အတည်မပြုနိုင်သော်လည်း ဝမ်လင်း၏ မျက်လုံးများကမူ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

တစ်ဖက် အဖွဲ့အစည်းသည် ကြေးမုံနန်းတော်ကို တည်ဆောက်ရန်အတွက် အချိန်အတော်ကြာ ရင်းနှီးခဲ့ရသော်လည်း အကျပ်အတည်းအတွင်း ကျရောက်သောအခါတွင် ခုခံမှုလုံးဝမရှိဘဲ စစ်တပ်တစ်ခုလုံး ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ဤဖြစ်ရပ်၏နောက်ကွယ်မှ ရည်ရွယ်ချက်သည် အလွန်ပင် ရှင်းလင်း၏။

ကြေးမုံနန်းတော်ထက် ပို၍ကြီးကျယ်သော ဇာတ်ကွက်တစ်ခုကို ဖန်တီးချင်ပုံရ၏။

ထိုအဖွဲ့သည် ယခင်ကဝမ်လင်း ကြုံတွေ့ဖူးသော အဖွဲ့များထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသောအဖွဲ့ ဖြစ်၏။

အကယ်၍ ညဦးစီးမှူးအဖွဲ့ကို ဖြိုခွဲခြင်း၏ တာဝန်အခက်ခဲကို S အဆင့်အဖြစ် သတ်မှတ်ခဲ့လျှင် အနက်ရောင်အရိပ် စစ်တပ်ကို 3S အဆင့် သတ်မှတ်ခံရနိုင်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

“အဖွဲ့အစည်းက နှစ်ခုတောင်လား”

ထိုညတွင် ဝမ်လင်းသည် ဗုံးပစ်စီနီယာအင်မော်တယ်နှင့် စာသားမက်‌ဆေ့ချ်ဖြင့် စကားပြော ဖြစ်ခဲ့သည်။

အနက်ရောင်အရိပ် စစ်တပ် ပြန်လည် ပေါ်ထွက်လာခြင်းသည် အရေးကြီးသော သတင်းတစ်ပုဒ် ဖြစ်သည်။

အကြောင်းအရင်းမှာ သူတို့အနေဖြင့် ဤတပ်ဖွဲ့အကြောင်း ဘာမှမသိသေးသောကြောင့် ဖြစ်သည်။

ဤအဖွဲ့၏ ရည်ရွယ်ချက်ကို လောလောဆယ်တွင် မသိသေးသော်လည်း သူတို့တွင် ကောင်းမွန်သော ထောက်လှမ်းရေးအဖွဲ့အစည်း ရှိသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် အချက်အလက်များနှင့် ပတ်သတ်လျှင် ထောက်လှမ်းရေးအဖွဲ့မှ ကိုင်တွယ်ပြီး အဖွဲ့ခေါင်းဆောင်မှာ ငွေရောင်လေး ဖြစ်သည်။

သို့သော် တကယ်တမ်းတွင် ငွေရောင်လေးသည် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီ တို့ကိုသာ ကြီးကြပ်ခြင်း ဖြစ်၏။

မော့အင်မော်တယ်ရဲတိုက်သည် မဟာဗျူဟာ လှည့်ဖြားမှုအထွေထွေရုံး၏ သိမ်းပိုက်ခြင်းကို မခံရမီ ဟွာရှို့နိုင်ငံ၏ အကြီးအကျယ်ဆုံးသော ထောက်လှမ်းရေးအဖွဲ့ ဖြစ်ခဲ့ပြီး နိုင်ငံရပ်ခြားတွင်ပင် နာမည်ကောင်းများ ရရှိခဲ့သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ သိမ်းသွင်းခံရပြီးနောက်တွင်လည်း မော့အင်မော်တယ်ရဲတိုက်၏ ထောက်လှမ်းရေး ကွန်ရက်သည် အားမနည်းသွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရံပုံငွေများပင် တိုးမြှင့်လာခဲ့သည်။

သို့ရာတွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ဤထောက်လှမ်းရေးကွန်ရက်ကို သူတစ်ဦးတည်း မောင်ပိုင် မစည်းထားခဲ့ပေ။

လူသိရှင်ကြား မထုတ်ပြန်သည့် ပုဂ္ဂလိက ကော်မရှင်များအပြင် အများစုကို ဟွာရှို့မဟာမိတ် အဖွဲ့အစည်းနှင့် မျှဝေခဲ့သည်။

တစ်ဖက်အဖွဲ့အစည်းက စုန့်ဟိုင်မြို့တွင် ထုတ်ဖော်ပြသလာပြီဖြစ်၍ ယခုအခါတွင် အရေးကြီးဆုံး တာဝန်မှာ တစ်ဖက်အဖွဲ့အစည်း၏ အခြေစိုက်စခန်းများကို ခြေရာခံရန် ဖြစ်သည်။

“စိတ်မပူပါနဲ့ ညီနောင်လင်း.. ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ကတိပြုလိုက်သည်။

အနက်ရောင်အရိပ် စစ်တပ်သည် အနာဂတ်တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးအတွက် ပြဿနာ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် နားလည်ခဲ့သည်။

ထို့ကြောင့် စစ်မှန်သောစစ်ပွဲ မဖြစ်ပွားမီ ဤအဖွဲ့အစည်းနှင့်ပတ်သတ်၍ အရာအားလုံးကို လေ့လာရန်မှာ သူတို့အတွက် အလွန်ပင် အရေးကြီး၏။

ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဆွေးနွေးပြီးနောက်တွင် ဝမ်လင်းသည် ဒုတိယကိစ္စ တစ်ခုကို ဆောင်ရွက်ခဲ့သည်။

သို့သော် ထိုကိစ္စက လျှို့ဝှက်ကိစ္စတစ်ခု ဖြစ်သောကြောင့် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် မဆွေးနွေးဘဲ ငွေရောင်လေးနှင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ထိုကိစ္စမှာ အမှတ် ၆၀ အထက်တန်းကျောင်း၏ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားသည့် ပျောက်ဆုံးနေသော ကျောက်စိမ်းစာလိပ်နှင့် ပတ်သတ်နေသည်။

ဆရာမဖန်က အကြောင်းပြချက် တစ်ခုခုပြ၍ စွန်းရုံ၏ အိမ်စာများကို သူမနှင့်အတူ ပြန်ယူလာခဲ့သော်လည်း ထွင်ထျန်းဟာသည် ဗလာစာအုပ်ပေါ်မှ အနံ့တစ်ခုကို ရခဲ့သည်။

ကျောက်စိမ်းစာလိပ်မှ အပိုင်းအစများကို ရောစပ်ထားသောစက္ကူများသည် သာမန်စက္ကူများနှင့် သိသိသာသာ ကွဲပြားနေသည်။

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့သာ ပူးပေါင်းရှာဖွေမည်ဆိုပါက စာလိပ်၏ အပိုင်းအစအားလုံးကို အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်မည်ဟု ဝမ်လင်း တွေးမိခဲ့သည်။

ရှေးဟောင်းစာအုပ်ကြီး တီထွင်ထားသည့် ရေဒါ အက်ပ်ပလီကေးရှင်းသည် မီတာငါးဆယ် အကွာအဝေးအတွင်းသာ သက်ရောက်မှု ရှိ၏။

သို့သော် ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့ကမူ မတူပေ။

ထွင်ထျန်းဟာသည် သူတော်စင်သားရဲ တစ်ပိုင်းနီးပါး အဆင့်ရှိပြီး ငွေရောင်လေးကမူ သူတော်စင်သားရဲ တစ်ကောင်ဖြစ်၏။

၎င်းတို့၏ အော်ရာ အနံ့ခံနိုင်မှုအဆင့်သည် အလွန်စူးရှပြီး အချို့သော မှော်ကိရိယာများထက်ပင် ပိုမိုတိကျ၏။

ဝမ်လင်းက ပုံမှန်အားဖြင့် ကျောင်းနှင့် ပတ်သတ်သောကိစ္စများတွင် ပါဝင်ရန် အစီအစဉ်မရှိခဲ့ပေ။

သို့သော် ယခုကိစ္စတွင် ကူညီရန် ဆုံးဖြတ်လိုက်သည်။

ယင်းမှာ အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးချန်း အတွက် မဟုတ်ဘဲ ဆရာမဖန် အတွက်သာ ဖြစ်သည်။

သားရဲဘုရင်၏ အကြွင်းအကျန် ဖြစ်ရပ်ပြီးနောက်တွင် ငွေရောင်လေးသည် ဗုံးပစ်စီနီယာ၏ အိမ်တွင် အိမ်တွင်းအောင်းကာ နေခဲ့သည်။

ရံဖန်ရံခါတွင်မူ ဂိမ်းကို စမ်းသပ်ကစားရန် အတွက် ပိုင်ချောင်းရှိရာ အင်တာနက်ကဖေးသို့ သွားခဲ့၏။

(cultivation emulator)၏ အစမ်းဂိမ်းသည် အောင်မြင်ခဲ့ပြီး ဂိမ်းကစားသူများ ထံမှ ကောင်းမွန်သော သုံးသပ်ချက်များစွာကို ရရှိခဲ့သည်။

သို့ရာတွင် ပိုမိုကောင်းမွန်သော ဂိမ်းအတွေ့အကြုံ အတွက် လုပ်ဆောင်ချက်တချို့ကို ပိုမို တည်ငြိမ်အောင် ပြုလုပ်ရဦးမည် ဖြစ်သောကြောင့် စမ်းသပ်မှုကို ထပ်မံ ရွေ့ဆိုင်းလိုက်၏။

သူတော်စင်သားရဲဘုရင်က သူ၏အထီးကျန်မှုမှ ကယ်တင်ခံရပြီးနောက်တွင် ဂိမ်းကမ္ဘာရှိ အဆုံးမဲ့ဇာတ်ကွက်ထဲတွင် ပိတ်မိမနေတော့ပေ။

ထို့ပြင် ယခုအခါတွင် သူသည် တိုက်ရိုက် ထုတ်လွှင်မှုများကို စွဲလန်းလာပြီး ဖန်းကွမ်း၏ အမာခံပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဖန်းကွမ်း၏ အောင်မြင်မှုသည် ယခုအချိန်တွင် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ယုံကြည်သူအရေအတွက်သည် ကမ္ဘာတစ်ဝှမ်းတွင် ရှိနေပြီဖြစ်သည်။

သို့သော် ဖန်းကွမ်းသည် တိုက်ရိုက် ထုတ်လွှင့်သူဖြစ်ရခြင်းကို အလွန်ပျော်ရွှင်နေပုံရပြီး အဆင့်တက်ရန် ရည်ရွယ်ချက် ရှိပုံမရပေ။

ငွေရောင်လေးသည်လည်း သူ့ကိုယ်သူ အလုပ်များနေသည်။

သူက ဖေဖေဝမ်၏ ဝတ္တုများကို စွဲလမ်းလာပြီး သူ့ကိုယ်ပိုင်ဇာတ်လမ်းများကို စတင် ရေးသားခဲ့သည်။

တစ်ခါတစ်ရံတွင် သူ၏ဇာတ်လမ်းကို ဗုံးပစ်စီနီယာအင်မော်တယ်အား မျှဝေခဲ့သည်။

“ညီနောင်ဗုံးပစ်.. ညီနောင်ဗုံးပစ်.. ဒီမှာကြည့်စမ်း.. ငါရေးခဲ့တဲ့ဒီအပိုင်းက ဘယ်လိုနေလဲ.. ဆရာလေးလင်း သဘောကျလိမ့်မယ်လို့ထင်လား”

ဤသည်မှာ မကြာသေးမီကစပြီး ငွေရောင်လေးထံမှ ဗုံးပစ်စီနီယာ မကြာခဏ ကြားရသော စကား ဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်သည် သူတော်စင်သားရဲများ မွေးမြူခြင်းနှင့် ပတ်သတ်၍ မရင်းနှီးပေ။

သို့သော် သူ့အနေဖြင့် ငွေရောင်လေးကို မည်မျှပင် ကောင်းမွန်ပါစေ၊ အဆုံးသတ်တွင် ငွေရောင်လေး၏ စိတ်နှလုံးထဲတွင် ဆရာလေးလင်းကသာ နံပါတ်တစ် ဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။

ရိုးသားစွာဝန်ခံရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် တစ်ခါတစ်ရံတွင် မနာလိုစိတ် အနည်းငယ်ကို ခံစားခဲ့ရသည်။

မနက်ခင်းတစ်ခုတွင် ငွေရောင်လေးသည် ဆိုဖာပေါ်တွင် အနည်းငယ် ငိုက်လျက် ထိုင်နေခဲ့သည်။

သူက ဤရက်ပိုင်းတွင် အွန်လိုင်းမှ ပစ္စည်းများကို အပျင်းပြေမှာယူနေခဲ့သည်။

“ညီနောင်ငွေရောင်လေး.. မင်းအရှိန်လျှော့သင့်ပြီနော်”

“မတတ်နိုင်ဘူးလေ.. အွန်လိုင်းကနေ ပစ္စည်းတွေ မှာတာက ငါ့ရဲ့ဝါသနာပဲ.. ဒီအတွက်မင်း ငါ့ကို စိတ်ပူနေဖို့ မလိုပါဘူး”

ငွေရောင်လေးက သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

ထို့နောက် ဆိုဖာပေါ်မှ ဖြည်းညင်းစွာထကာ အပြင်ထွက်ရန်အတွက် အဝတ်အစားလဲရန် ပြင်လိုက်သည်။

“ညီနောင်ဗုံးပစ်.. ငါအပြင်ထွက်ဦးမယ်.. ငါညစာစားဖို့ ပြန်မလာတော့ဘူးနော်”

“ခုမှမနက် ၇ နာရီပဲရှိသေးတယ်.. မင်းက ဘယ်ကိုသွားမလို့လဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က တအံ့တဩ မေးလိုက်သည်။

“စောစောက ဆရာလေးလင်းရဲ့ မက်ဆေ့ချ်ကို မြင်လိုက်တယ်.. ဒါကြောင့် ခပ်မြန်မြန်သွားဖို့ လိုအပ်တယ်”

“မင်းကိုကြည့်ရတာ အားနည်းနေတဲ့ပုံပဲ.. မင်းအဆင်ပြေပါ့မလား”

“ဟန့်.. ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး.. ငါက မင်းနဲ့ မတူဘူးလေ”

ထိုသို့ပြောပြီးနောက်တွင် ငွေရောင်လေးက သူ့လက်ချောင်းကို ပါးစပ်ဖြင့် ကိုက်ကာ ထွက်ကျလာသော သူတော်စင်သာရဲသွေးကို ပါးစပ်ဖြင့် ပြန်လည် စုပ်ယူလိုက်သည်။

ထို့နောက်တွင် သူ၏အမူအရာသည် လုံးဝ ပြောင်းလဲသွားပြီး ပြန်လည် တက်ကြွလာခဲ့သည်။

ငွေရောင်လေးက တံခါးဆီသို့ ပြေးသွားခဲ့သည်။

“ငါသွားတော့မယ်.. ညီနောင်ဗုံးပစ်”

ဗုံးပစ်စီနီယာအင်မော်တယ် “..........”

အပိုင်း(၁၀၂၇) ပြီး၏

All Chapters