ရဲစခန်းသို့ ရောက်လာပြန်သော ငွေရောင်လေး
Vol. 69 Ch. 1028
အချိန်အတော်ကြာပြီးမှသာ ဆရာလေးလင်းထံမှ မက်ဆေ့ချ်ကို ရရှိခဲ့ခြင်း ဖြစ်သောကြောင့် ငွေရောင်လေးက အလွန် စိတ်လှုပ်ရှားနေခဲ့သည်။
ထုံးစံအတိုင်းပင် သူသည် ဆရာလေးလင်း ပေးသောတာဝန်ကို ထမ်းဆောင်ရန်အတွက် ၁၀၀% စိတ်အား ထက်သန်နေခဲ့၏။
ကျင့်ကြံသူ တစ်ယောက်သည် ၎င်းတို့၏ အသက်ရှူခြင်းကို ထိန်းညှိ၍ ကျင့်ကြံခြင်းမပြုခဲ့လျှင် အချိန်အတော်ကြာပါက မသက်မသာ ခံစားရမည်ဖြစ်သည်။
သို့သော် ငွေရောင်လေးတွင် သူတော်စင်သားရဲ၏ နှလုံးသားရှိသောကြောင့် ထိုသို့သော ပြဿနာမျိုးကို စိုးရိမ်နေရန်မလိုပေ။
နောက်ကျမှ အိပ်ရာဝင်ခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ မျက်လုံးအောက် တဝိုက်တွင် အမည်းရောင်အရစ်များ ပေါ်လာခြင်း၊ ဇီဝဖြစ်ပျက်မှုကျဆင်းခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ ဖြစ်သည်။
သို့သော် ထိုအရာများသည် ငွေရောင်လေးအတွက် ဘာမှအဓိပ္ပါယ်မရှိပေ။
သူက သူ၏သူတော်စင်သွေးကို ပြန်လည် သောက်သုံးနေသ၍ ခွန်အားများ ပြန်လည် ပြည့်ဖြိုးလာမည်သာဖြစ်၏။
အစောဆုံး စိတ်ဝိညာဉ်ဘက်စ်ကားကို စီးလျှင် မွန်းတည့်မတိုင်မီ ဆရာလေးလင်း အိမ်သို့ ရောက်မည် ဖြစ်သည်။
ယခင်က ငွေရောင်လေးသည် ဝမ်မိသားစုအိမ်လေးဆီသို့ သွားရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သော်လည်း စိတ်ဝိညာဉ်ဘက်စ်ကားသည် သာလျှင် အဆင်ပြေဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သူက ဓားပျံဖြင့်ပျံသန်းလျှင် လမ်းပေါ်တွင် ဖုန်းဖြင့် ဂိမ်းကစားနိုင်မည် မဟုတ်ပေ။
တက္ကစီစီးမည် ဆိုလျှင်လည်း ဈေးကြီးလွန်းလှ၏။
စိတ်ဝိညာဉ်ဘက်စ်ကားကမူ မတူပေ။
ဤကဲ့သို့ အစုလိုက်အပြုံလိုက် ပို့ဆောင်ဆက်သွယ်ရေးယာဉ်သည် ကုန်ကျစရိတ် ပိုသက်သာ၏။
ထို့ပြင် လမ်းခရီး၌ ဂိမ်းများလည်းဆော့၍ ရသည်။
တကယ်တမ်းတွင် မြေအောက်ရထား စီးရတာလည်း အဆင်ပြေ၏။
သို့သော် ဝမ်မိသားစုအိမ်ငယ်လေးသည် မြေအောက်ရထား မဖြတ်သန်းသည့် ဝေးလွန်းသည့်နေရာ ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ငွေရောင်လေးသည် ရဲစခန်းကို နောက်တစ်ကြိမ် ထပ်မရောက်ချင်တော့ပေ။
သူက အလွန်အရေးကြီးသော အချက်တစ်ချက်ကို နားလည်ခဲ့သည်။
ယင်းမှာ သူတစ်ယောက်တည်း အပြင်ထွက်လျှင် ကျင့်ကြံခြင်းရဲစခန်းသို့ ခေါ်ဆောင်သွားခံရနိုင်ချေ ရှိနေခြင်းပင်။
ငွေရောင်လေး အတွက်မူ ရဲစခန်း၏ နေ့လည်စာထမင်းဘူးများသည် အသစ်အဆန်း မဟုတ်တော့ပေ။
“ဒီနေ့ အွန်လိုင်းမတက်ဖြစ်ဘူးလား”
ဘက်စ်ကားပေါ် ရောက်၍ ဖုန်းဖွင့်လိုက်သည်နှင့် ပိုင်ချောင်းကသူ့ဆီ စာသားမက်ဆေ့ချ် ပို့ထားသည်ကို ငွေရောင်လေး တွေ့လိုက်ရသည်။
(Cultivation emulator)ဂိမ်း၏ စမ်းသပ်ဗားရှင်းသည် ဒုတိယအကျော့သို့ ရောက်လာခဲ့ပြီးဖြစ်၍ ပိုင်ချောင်းသည် ငွေရောင်လေးကို အင်တာနက်ကဖေးသို့ လာရောက်ကာ စမ်းသပ်ရာတွင် အကူအညီ ပေးစေလိုခဲ့သည်။
“မလာတော့ဘူး.. ဒီနေ့ ငါ့ကို ဆရာလေးလင်း ခေါ်ထားလို့ပါ”
“ကောင်းပြီလေ.. ဒါဆို ငါမင်းရဲ့ ဘော့စ်နဲ့ ဖန်းကွမ်းကိုပဲ ရှာလိုက်တော့မယ်”
ပိုင်ချောင်းက နားလည်စွာဖြင့် ပြောလိုက်သည်။
သူမ ညွှန်းဆိုသော ငွေရောင်လေး၏ဘော့စ်မှာ သူတော်စင် သားရဲဘုရင် ဖြစ်သည်။
ယင်းမှာ သားရဲဘုရင်က သူ၏ကိုယ်ပိုင် ဝိသေသလက္ခဏာကို ဖုံးကွယ်ရန် ဆွေးနွေးပြီးနောက်တွင် ပြောင်းလဲခဲ့သော ခေါင်းစဉ် ဖြစ်သည်။
သားရဲဘုရင် အသက်ရှင်နေသရွေ့ သူတော်စင်သားရဲ မျိုးနွယ် ပြန်လည် ပေါ်ပေါက်လာရန် အခွင့်အရေး ရှိနေပါသေး၏။
သူတို့အတွက် အခွင့်ရေးတစ်ခုသာ လိုသည်။
ယင်းမှာ ယခုထက်ပို၍ သားရဲဘုရင်ကို ဂိမ်းစွဲလမ်းခြင်းကနေ ဆွဲထုတ်ရန် ဖြစ်သည်။
သို့သော် သားရဲဘုရင်ကြီးသည် သူတော်စင်သားရဲ မျိုးနွယ် နှိပ်စက်ခံရပြီးချိန်မှစ၍ ဂိမ်းထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားသူ ဖြစ်သောကြောင့် ဂိမ်းစွဲလမ်းခြင်းမှ ဆယ်ယူရန်မှာ လွယ်ကူမည် မဟုတ်ပေ။
သူတော်စင်သာရဲမျိုးနွယ်၏ ဘော့စ်အနေဖြင့် သားရဲဘုရင်ကြီးသည် နန်းစွန့်ပြီး ငွေရောင်လေးကို သားရဲဘုရင်အသစ်အဖြစ် လွှဲပြောင်းပေးရန် စိတ်ကူးထားခဲ့သည်။
သို့သော်လည်း ငွေရောင်လေးသည် အသက်ရှစ်ထောင် အရွယ် ကလေးသာသာ အရွယ်မျှသာဖြစ်၍ ရှေ့တွင်လုပ်ဆောင်ရမည့်အရာ အများအပြား ရှိနေပါသေးသည်။
တစ်ချိန်ချိန်တွင် သူ၏ အမွေအနှစ်ကို ကျိန်းသေဆက်ခံခိုင်းမည် ဖြစ်၏။
သို့သော် ငွေရောင်လေးကမူ သားရဲဘုရင် ရာထူးကို စိတ်မဝင်စားပေ။
အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် သူ့ဘဝသည် အလွန်အဆင်ပြေနေသည် မဟုတ်ပါလော။
ဆရာလေးလင်းထံမှ သင်ယူခြင်း၊ ဗုံးပစ်စီနီယာအင်မော်တယ်၏ နေရာတွင် နေထိုင်ခွင့်ရခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ငွေကြေး ဘုံးပေါလအော ဖြုန်းခွင့်ရခြင်း၊ ဂိမ်းကစားခြင်း… သူ၏ ဘဝက မည်မျှပင် ပျော်ရွှင်ဖွယ် ကောင်းလိုက်ပါသနည်း။
ငွေရောင်လေးသည်(Arknight)ဂိမ်းကို စတင်ကစားခဲ့သည်။
ယနေ့သည်(bilibili)၏ ဆယ်နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်သောကြောင့်(Arknight) ဂိမ်းသည် သိမ်းသွင်းခြင်းပါမစ်၊ လူသစ်စုဆောင်းခြင်း တံဆိပ်ငါးခု နှင့် ကစားသမားတစ်ဦးစီကို အလယ်အလတ်တန်းစား အတွေ့အကြုံရမှတ် ကတ်နှစ်ဆယ်ကို ထုတ်ပေးခဲ့သည်။
ဤဂိမ်းက အလွန် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ငွေရောင်လေး ထင်ခဲ့သည်။
ထို့နောက် သူက အပိုဆုများကို စတင် စုဆောင်းကာ ကောင်းမွန်သော အန်နီမေးရှင်း ရုပ်ထွက်ကြောင့် ဇိမ်ကျကျ ဂိမ်းကစားနေခဲ့သည်။
သိပ်မကြာခင်မှာပင် သူသည် ဂိမ်းကစားရင်း အားမလိုအားမရ ဖြစ်ကာ ခြေထောက်ကို ဆောင့်ချလိုက်သည်။
“မေမေ.. ဒီကိုကိုက ဖိနပ်လည်း မစီးထားဘူးနော်”
သူ့နံဘေးရှိ ချစ်စရာ ကလေးလေးက ငွေရောင်လေး၏ ဖြူဖွေးနေသော ခြေဖဝါးကိုမြင်ကာ ပြောလိုက်သည်။
ကလေးအမေက သူ့ကလေး၏ လက်ကို ဖမ်းဆွဲလိုက်ပြီး ထိုကဲ့သို့ ညွှန်ပြခြင်းမပြုရန် ပြောလိုက်သည်။
ဖိနပ်မစီးခြင်းမှာ အကျင့်ကောင်းတစ်ခု မဟုတ်မှန်း ငွေရောင်လေး သိသော်လည်း သူတော်စင်သားရဲ တစ်ယောက် အနေဖြင့် သူသည် ဖိနပ်မစီးချင်ခဲ့ပေ။
အရေးအကြီးဆုံးအချက်မှာ သူ၏ ဖဝါးများက အလွန်မာကျောသောကြောင့် ဖြစ်၏။
ခြေဖဝါးဗလာဖြစ်နေလျှင်ပင် သူ၏ခြေဖဝါးများက အလွန်ထူသောကြောင့် လမ်းလျှောက်သည့် အခါတွင် နာကျင်မှုကို မခံစားရပေ။
အပြန်အလှန်အားဖြင့် ဖိနပ်ဝတ်ခြင်းသည် သူ့ကို ချုပ်နှောင်ထားသလို ခံစားရမှုများ ပေးစွမ်းနေ၏။
ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် အလွန်တရာ ပွင့်လင်းသောခေတ် ဖြစ်သည်။
ဖိနပ်စီးခြင်းမစီးခြင်းမှာ လူတစ်ဦး၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်၍ မည်သူမှ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။
ထို့အပြင် ငွေရောင်လေး၏ ခြေဖဝါးများသည် အနံ့အသက်တစ်စုံတစ်ရာ မထွက်သလို အခြားမည်သူကိုမှလည်း မထိခိုက်စေသောကြောင့် အဆင်ပြေသည်ဟု ငွေရောင်လေးထင်ခဲ့သည်။
ထိုအကြောင်းကို တွေးနေရင်း ရုတ်တရက် သူ့နောက်ကနေ အနံ့အသက် ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ထိုအနံ့အသက်မှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ဦးထံမှ ဖြစ်သည်။
ငွေရောင်လေးက မျက်လုံးထောင့်ကနေ ငဲ့ကြည့်လိုက်ရာ ထိုအနက်ရောင်ဝတ်စုံဝတ် ဝန်ထမ်းက သူ၏ဖိနပ်ကို မသိမသာချွတ်၍ လက်သည်းဖြင့် ခြေဖဝါးအား ကုတ်ခြစ်လိုက်သည်ကို တွေ့လိုက်ရသည်။
ထို့နောက်တွင်မူ အနံ့အသက်များ ထွက်လာခဲ့သည်။
နောက်ထပ်တစ်စက္ကန့်တွင် ဘက်စ်ကားပေါ်ရှိ လူတိုင်းသည် ဖိနပ်မစီးသော ငွေရောင်လေးအား လှည့်ကြည့်လိုက်ကြသည်။
စက္ကန့်များစွာကြာသည်အထိ တစ်ကားလုံး၏ မကျေမနပ်အကြည့်ကို ခံရပြီးနောက်တွင် စိတ်ဝိညာဉ်ဘက်စ်ကား မောင်းသူလည်း မနေနိုင်တော့ပေ။
သူက အပုပ်နံ့၏အရင်းအမြစ် ဖြစ်သည့် တရားခံကို လှည့်ကြည့်လိုက်ရာ ငွေရောင်လေးက သူ့မျက်လုံးကို ပထမဆုံး ဖမ်းစားသွားခဲ့သည်။
“ညီလေး.. မင်းဖိနပ်စီးလို့ မရဘူးလား.. မစီးရင်တော့ ဘက်စ်ကားပေါ်က ဆင်းလိုက်တော့”
ငွေရောင်လေးက မှားယွင်းစွပ်စွဲခံလိုက်ရသဖြင့် ကပျာကယာ ရှင်းပြလိုက်သည်။
“အဲဒါ ငါ့ကြောင့်မဟုတ်ဘူး”
“ဘာမင်းကြောင့် မဟုတ်ဘူးလဲ.. ကားတစ်စီးလုံးမှာ ဖိနပ်မပါတာ မင်းတစ်ယောက်ပဲ ရှိတယ်.. တခြား ဘယ်သူဖြစ်နိုင်မှာမို့လို့လဲ”
ထိုအခိုက်တွင်ငွေရောင်လေး၏ အနောက်တွင် ထိုင်နေသော အနက်ရောင်ဝတ်စုံဝတ် ဝန်ထမ်းသည် အရှက်မရှိစွာဖြင့် ဘက်စ်ကားမောင်းသူကို မီးလောင်ရာ လေပင့်လိုက်သည်။
တကယ်တမ်းတွင် ပြဿနာ၏တရားခံမှာ သူကိုယ်တိုင်သာဖြစ်၏။
ထိုလူ၏ မီးလောင်ရာလေပင့် စကားကြောင့် ဘက်စ်ကားတစ်ခုလုံးက ချက်ချင်းပင် ငွေရောင်လေးကို ပေါက်ကွဲသွားကြသည်။
“ဖိနပ်မစီးတဲ့ကောင် ဝေးဝေးသွားစမ်း”
“မြန်မြန်ဆင်း.. နံတယ်ကွ”
“တရားခံက ငါမဟုတ်ဘူး”
ငွေရောင်လေးက ဒေါသထွက်သွားသည်။
လမ်းခရီး တစ်ဝက်တစ်ပျက်ဖြင့် သူလုံးဝ ဘက်စ်ကားပေါ်မှ မဆင်းနိုင်ပေ။
ဤနေရာတွင် ဘက်စ်ကားမှတ်တိုင်လည်း မရှိချေ။
သူ ဤနေရာမှဆင်းခဲ့လျှင် မွန်းတည့်ချိန်မတိုင်ခင် ဝမ်မိသားစုအိမ်ငယ်လေး ဆီသို့ ရောက်နိုင်မည် မဟုတ်တော့ပေ။
ဝိညာဉ်ဘက်စ်ကားမောင်းသူသည် စိတ်ပျက်စွာဖြင့် ငွေရောင်လေးကို ကြည့်လိုက်သည်။
ဤကဲ့သို့ ဆင်ခြင်တုံတရားမဲ့သည့် ခရီးသည်များနှင့် ရင်ဆိုင်ရလျှင် သူ့ဘက်က ဒေါသတကြီး တုံ့ပြန်မည်တော့ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဘက်စ်ကားတွင် လိုက်ပါလာသည့် ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်မည် စိုးသောကြောင့်ပင်။
ငွေရောင်လေးက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို မြင်လျှင် ဝိညာဉ်ဘက်စ်ကား ယာဉ်မောင်းသည် ယာဉ်မောင်းထိုင်ခုံပေါ်ရှိ အချက်ပေးခလုတ်ကို တွန့်ဆုတ်မနေဘဲ နှိပ်ခဲ့သည်။
နှစ်မိနစ်ခန့်အကြာတွင် အနီးဆုံး ကျင့်ကြံခြင်းရဲစခန်းမှ ကင်းလှည့်နေသော အရာရှိတစ်ဦးသည် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် ရောက်ရှိလာ၏။
ဓားပျံတစ်စင်းကို စီးလာသော ကင်းလှည့်ရဲသည် ဖော်ရွေသောအပြုံးကို ဆင်မြန်းထားသည်။
“ဆရာ.. ကျေးဇူးပြုပြီး ရဲစခန်းကို ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ.. မင်းက ဇီဝလက်နက်ကို ကိုင်ဆောင်ထားတယ်လို့ ငါတို့သံသယရှိတယ်”
ငွေရောင်လေး “..........”
ဝမ်လင်းက ငွေရောင်လေး ကို ထွင်ထျန်းဟာနှင့် ပူးပေါင်းပြီး အနက်ရောင်အရိပ်စစ်တပ်၏ ဌာနချုပ်ကို ရှာဖွေဖို့အပြင် အမှတ် ၆၀ အထက်တန်းကျောင်း၏ ပြင်ပသို့ ရောက်နေသော ကျောက်စိမ်းစာလိပ် အပိုင်းအစများကို ရှာဖွေရန် တောင်းဆိုခဲ့သည်။
ထိုနေ့က စွန်းရုံတို့ကို နှောင့်ယှက်ခဲ့သော လုပ်ကြံသတ်ဖြတ်သူများသည် ကျင့်ကြံခြင်းရဲများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အခင်းဖြစ်ပြီးနောက်တွင် ဆရာမဖန်၊ စွန်းရုံ၊ လင်းရှောင်ယုတို့သုံးယောက်ကို ထွက်ဆိုချက်များ မှတ်တမ်းတင်ရန် အတွက် ကျင့်ကြံခြင်း ရဲစခန်းသို့ ခေါ်ဆောင်သွားသည်။
ရဲများက ၎င်းတို့ကို အသေးစိတ် မေးမြန်းပြီးနောက်တွင် သက်ဆိုင်ရာနေရာများသို့ ပြန်ပို့ပေးခဲ့ကြသည်။
ရဲစခန်းတွင် အရာရှိကောင်းထန်းသည် ၎င်းတို့၏ ထွက်ဆိုချက်များကို အသေးစိတ် လေ့လာနေခဲ့သည်။
ဤကိစ္စက အရေးကြီးသည်ဟု ခံစားမိလာ၍ သူ့အထက်လူကြီးကို သတင်းပို့ရန် ဆုံးဖြတ်ခဲ့၏။
အထက်လူကြီးကို ဖုန်းခေါ်ကာနီးတွင် ရင်းနှီးသည့်အသွင်အပြင်တစ်ခုသည် သူ့ရုံးခန်းကို ဖြတ်သွားခဲ့သည်။
“ညီလေး.. ခဏနေပါဦး”
ကောင်းထန်းက ရင်းနှီးသူတစ်ဦးကို မြင်လိုက်သည်ဟု ထင်၍ ဟန့်တားလိုက်သည်။
သူ၏စကားသံကိုကြားလျှင် ငွေရောင်လေးကို စောင့်ကြပ်နေသည့် တာဝန်ခံ ကင်းလှည့်အရာရှိက ရုံးခန်းထဲသို့ ဝင်လာ၍ ပြောလိုက်သည်။
“ဆရာ ဘာခိုင်းစရာရှိလို့လဲ”
“သူ့ကို ဘယ်ကနေ ခေါ်လာခဲ့တာလဲ”
“စောစောကပဲ တိုင်ကြားစာရောက်လို့ စိတ်ဝိညာဉ်ဘက်စ်ကားပေါ်ကနေ ခေါ်လာခဲ့တာပါ”
“ငါနားလည်ပြီ.. သူ့ကို မြန်မြန်လွှတ်လိုက်တော့”
ဤသည်မှာ ရဲအရာရှိ ကောင်းထန်း၏ ငွေရောင်လေးကို ရဲစခန်းတွင် နောက်ထပ်တွေ့ရှိခြင်း ဖြစ်၏။
ရဲစခန်းသို့ ရောက်ခဲ့သည့် အကြိမ်တိုင်းတွင် ရလဒ်များမှာ နားလည်မှုလွဲမှားခြင်းပင် ဖြစ်သည်။
“ဟုတ်ကဲ့ဆရာ”
ကောင်းထန်း၏ အမိန့်ပေးမှုကြောင့် ကင်းလှည့်အရာရှိက ငွေရောင်လေး၏ အနားကနေ ထွက်ခွာသွားခဲ့သည်။
သို့သော် သူ၏အထက်အရာရှိ လွှတ်ပေးလိုက်ရသည့် အကြောင်းအရင်းကို သဲသဲကွဲကွဲ မသိခဲ့ပေ။
ရုံးခန်းထဲတွင် အရာရှိကောင်းကို တွေ့လိုက်ရလျှင် ငွေရောင်လေးက အလွန်ပျော်ရွှင်သွားသည်။
“ဟားဟား.. အရာရှိကောင်း.. မင်းဘာလို့ ဒီဌာနကို ရောက်နေရတာလဲ.. မင်းက အန်းနင်းခရိုင်က ကျင့်ကြံခြင်းရဲစခန်းမှာ ရှိနေရမှာ မဟုတ်လား”
“ငါကရာထူးတိုးပြီး ဒီကို ရောက်လာတာပါ”
“မင်းအတွက် ဂုဏ်ယူပါတယ်.. မင်းရာထူးတိုးလာတယ်ဆိုတော့ ဒီရဲစခန်းမှာရှိတဲ့ ကန်တင်းက အရင်ရဲစခန်းထက် ပိုကြီးတယ်လို့ ဆိုလိုတာပေါ့”
“..........”
“နေ့လည်စာ ထမင်းဘူးအသင့်ရှိလား.. ကျေးဇူးပြုပြီး ငါ့ကိုဘူးနှစ်ဆယ်လောက် ပေးစမ်းပါ”
“မင်းဒါက ငါ့ကို တမင်ညစ်နေတာ မဟုတ်လား”
အရာရှိကောင်း၏ နှုတ်ခမ်းထောင့်က တလှုပ်လှုပ် ဖြစ်သွားခဲ့သည်။
“အဲလိုလည်း မဟုတ်ပါဘူး.. မင်းတို့ ရဲတွေက အဖြစ်မှန်တွေကို သေချာမစုံစမ်းဘဲ နားလည်မှုလွဲမှားပြီး ငါ့ကို အချိန်တိုင်း ရဲစခန်းကို ခေါ်လာခဲ့တယ်.. ဒါက ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်.. ဒီအတွက် ငါလျော်ကြေးမတောင်းပါဘူး.. မင်းတို့ ကန်တင်းက တစ်ခုခုကို စားချင်ရုံလေးပါပဲ.. ဒီလောက်လေး တောင်းဆိုတာက မင်းအတွက် အရမ်းကြီးခက်ခဲနေလို့လား”
အရာရှိကောင်း “..........”
အပိုင်း(၁၀၂၈) ပြီး၏