ခက်ခဲသောကိစ္စတစ်ခုကို ကူညီပေးသော ငွေရောင်လေး
Vol. 69 Ch. 1029
အမျိုးသားကျင့်ကြံရေးခေတ် ပေါ်ထွန်းလာပြီးချိန်မှစ၍ ကျင့်ကြံခြင်းလောကတွင် ဩဇာအာဏာသည် ခွန်အားအပေါ်တွင် လုံးလုံးလျားလျား မှီခိုအားထားခြင်း မရှိတော့ဘဲ ကျင့်ကြံသူများ၏ ကြည်ညိုလေးစားမှု အပေါ်တွင်သာ မူတည်တော့သည်။
ဤခေတ်တွင် ကျင့်ကြံခြင်းနယ်ပယ်အဆင့်သည့် ဘာမှအဓိပ္ပါယ်မရှိတော့ပေ။
အဆင့်မြင့်ကျင့်ကြံသူများပင်လျှင် အကျင့်ပျက်ချစားခြင်း သို့မဟုတ် ဥပဒေကို ဆန့်ကျင်သော လုပ်ရပ်များ ကျူးလွန်လျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည်သာ ဖြစ်၏။
ဤခေတ်တွင် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံးသည် ငြိမ်းချမ်းရေးကိုသာ ကြိုးပမ်းအားထုတ်ကြသည်။
သို့ရာတွင် မဆင်မခြင် ပြုမူသူများနှင့် ဥပဒေကို ချိုးဖောက်သူများလည်း ရှိနေပါသေး၏။
ထိုအတွက်ကြောင့် ကျင့်ကြံခြင်းရဲများသည် မရှိမဖြစ် လိုအပ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။
နိုင်ငံတိုင်းသည် ကျင့်ကြံခြင်းရဲများကို နယ်မြေအလိုက် အထူးတပ်ဖြန့်ထားကြလေ့ ရှိသည်။
ကျင့်ကြံခြင်းရဲများတွင် အထူးတလည် အားကိုးရသည့် ရွေ့လျားကင်းလှည့် အဖွဲ့ ရှိသည်။
ရွေ့လျားကင်းလှည့် အဖွဲ့ဝင်ရာထူးသည် ကျင့်ကြံခြင်းရဲများအတွင်း အခြေခံအကျဆုံး ရာထူးတစ်ခု ဖြစ်ပြီး ရဲအရာရှိအများအပြားသည် ထိုအဖွဲ့တွင် ပါဝင်ခဲ့ကြသည်။
၎င်းတို့က မြို့ကိုကာကွယ်ရန် အတွက် နေ့စဉ်နေ့တိုင်း ၎င်းတို့ကင်းကျသည့် နေရာများကို ဓားပျံများဖြင့် ကင်းလှည့်လေ့ရှိကြသည်။
တိုင်ကြားချက်ကို ရရှိသည်နှင့် ၎င်းတို့က အခြေအနေကိုစစ်ဆေးရန် ချက်ချင်း ရောက်ရှိလာမည် ဖြစ်၏။
တကယ်တမ်းတွင် ကျိုးရီသည်လည်း တစ်ချိန်က ကင်းလှည့်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။
ကျင့်ကြံသူများသည် အစိုးရဌာနသို့ ဝင်ရောက်လိုလျှင် ကင်းလှည့်အဖွဲ့ဝင်အဖြစ် စတင်ရမည် ဖြစ်၏။
ကျိုးရီက တက္ကသိုလ်မှဘွဲ့ရပြီးနောက်တွင် ကျင့်ကြံခြင်းရဲ ဝင်ခွင့်ကို အောင်မြင်ခဲ့ပြီး ကင်းလှည့်အဖွဲ့ဝင် အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
နောက်ပိုင်းတွင် နတ်ဆိုးများ ဝင်ရောက် ကျူးကျော်လာပြီးနောက် ကျိုးရီသည် ထိုခေတ်၏ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။
ရဲအရာရှိ ကောင်းထန်းကမူ ကျိုးရီလောက် ကံကောင်းခြင်း မရှိခဲ့ပေ။
သို့သော် သူ၏ကံကြမ္မာသည်လည်း ပြောင်းလဲသွားပုံရ၏။
မစ္စတာ ငွေရောင်လေးနှင့် တွေ့ဆုံရခြင်းသည် သူ့အတွက် ကံဆိုးခြင်းတစ်ခုဟု အမြဲလိုလို ခံစားခဲ့ရသည်။
သို့သော်လည်း တစ်နည်းအားဖြင့် ဤမစ္စတာ ငွေရောင်လေးနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် သူ၏ အသက်မွေးဝမ်းကျောင်းသည် ပိုမိုချောမွေ့လာပုံရသည်မှာ အမှန်တရားပင်။
သူက ကင်းလှည့်အဖွဲ့ဝင်အဖြစ်ကနေ ကျင့်ကြံခြင်းရဲဌာနတွင် ဒုတိယအဆင့် အရာရှိအဖြစ် ရာထူးတိုးရန် ငါးနှစ် ကြာမြင့်ခဲ့သည်။
ဒုတိယအဆင့် အရာရှိဖြစ်လာပြီးနောက် သူက နေ့တိုင်းအပြင်ထွက်ရန် မလိုအပ်တော့ပေ။
ထိုအစား အနီးနားရှိ နေထိုင်သူများထံမှ ဖုန်းခေါ်ဆို တိုင်ကြားမှုများကို ကိုင်တွယ်ရန်သာ တာဝန်ရှိတော့သည်။
သူက နောက်ထပ်ငါးနှစ်အကြာတွင် ရှေ့တန်းရဲအရာရှိ တစ်ဦးဖြစ်လာပြီး ရုံးချုပ်တွင် အွန်လိုင်း ပြည်သူလူထု၏ ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသူတစ်ဦး ဖြစ်လာခဲ့သည်။
အတိုချုပ်ပြောရလျှင် သူသည် ဒေသဆိုင်ရာရဲစခန်း၏ တရားဝင်မီဒီယာ အကောင့်များအားလုံးကို ကိုင်တွယ်ရပြီး မီဒီယာများ မျက်စိကျလောက်စရာ ဖြစ်သည့် ကောလာဟလများကို စစ်ဆေးရန် တာဝန်ယူထားရ၏။
ရံဖန်ရံခါတွင် ရဲဌာန၏ တရားဝင်အကောင့်ကို ကိုင်တွယ်သည့် သူက ကြမ်းတမ်းသော ယောက်ျားကြီးတစ်ဦး မဟုတ်ဘဲ ချစ်စဖွယ် ညီမလေးတစ်ဦးဖြစ်ကြောင်း သက်သေပြရန်အတွက် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကို ကွန်ပျူတာရှေ့တွင် ခေါက်ဆွဲပြုတ် ပန်းကန်လုံးကို ကိုင်၍ ဆယ်ဖီဆွဲပေးရန် တောင်းဆိုရ၏။
အခြားဌာနမှ သူ၏ လုပ်ဖော်ကိုင်ဖက်များ အလုပ်ရှုပ်နေသည့်အချိန်များတွင် ကောင်းထန်းသည် စစ်ဆေးမေးမြန်းခြင်းကဲ့သို့ အလုပ်များကို ကူညီပေးခဲ့ရသည်။
ဥပမာပြရလျှင် နောက်ဆုံးအကြိမ် အနည်းငယ်က ငွေရောင်လေးကို စစ်ဆေးမေးမြန်းခဲ့သည်မှာ လုပ်ဖော်ကိုင်ဖက်များ မအားလပ်သောကြောင့် ဖြစ်၏။
သူ၏အလုပ်များက ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော်လည်း ထူးချွန်သည့် ပထမအဆင့် ကျင့်ကြံခြင်း ရဲအရာရှိတစ်ဦးအနေဖြင့် ရဲအရာရှိကောင်းထန်းသည် အတော်လေး ကျေနပ်နေခဲ့သည်။
ပထမအဆင့် ရဲအရာရှိတစ်ဦးသည် ရဲမှူးအဖြစ် ရာထူးတိုးမြှင့်ခံရလျှင် ကိုယ်ပိုင်ရုံးဖြင့် အုပ်ချုပ်နိုင်မည် ဖြစ်၏။
ကောင်းထန်းက ထိုအဆင့်သို့ရောက်ရန် နောက်ထပ်ငါးနှစ်သို့မဟုတ် ဆယ်နှစ်ခန့် အချိန်ယူရဦးမည်ဟု အစောပိုင်းက တွက်ဆမိခဲ့သည်။
သို့သော် ငွေရောင်လေးကို နှစ်ကြိမ် ဖမ်းမိသည့် နောက်တွင် သူ၏ ခေါင်းဆောင်က သူ့ကို ရုတ်တရက် ဖုန်းဆက်ပြီး ရာထူးတိုးပေးလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။
ရာထူးတိုးဖုန်းကို လက်ခံရရှိလိုက်သည်နှင့် အရာရှိကောင်းထန်းက စိတ်လှုပ်ရှားသွားခဲ့သည်။
အခြားတစ်ဖက်မှ စီနီယာအရာရှိက "ဝန်ထမ်းအပြောင်းအလဲကြောင့် အခြားခရိုင်တွင် ရဲမှူးရာထူး လစ်လပ်သွားကြောင်း" သူ့ကို ပြောပြခဲ့၏။
၎င်းတို့က ကောင်းထန်းနှင့် ပတ်သတ်၍ ဂရုတစိုက် စစ်ဆေးပြီးနောက်တွင် အကောင်းဆုံး အရည်အချင်းများနှင့် အလုံးစုံစွမ်းဆောင်ရည် ရှိကြောင်း သုံးသပ်ခဲ့ကြပြီး ရာထူးတိုးပေးရန် ဆုံးဖြတ်ခဲ့ကြ၏။
ဤကိစ္စက ငွေရောင်လေးနှင့် ပတ်သတ်မှုရှိမရှိ ကောင်းထန်း မသိပေ။
စင်စစ် ငွေရောင်ဦးချိုရှိသော တိရိစ္ဆာန်များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများကို ကံကောင်းစေသည်ဟု ယုံကြည်ချက်များ ရှိခဲ့ကြသည်။
ကံကောင်းခြင်းဆိုသည်မှာ အခြားသူများ စုပ်ယူနိုင်သည့် ကျယ်ပြန့်သော ဝိုင်ဖိုင်ကွန်ရက်တစ်ခုနှင့် ဆင်တူသည်။
ဤသို့ဖြင့် အခြားလူများက ငွေရောင်လေး၏ ကံကြမ္မာကို စုပ်ယူလိုက်ပြီးနောက်တွင် ငွေရောင်လေးသည် အလွန်တရာ ကံမကောင်း ဖြစ်သွားခဲ့၏။
အကြောင်းအရင်းမှာ ငွေရောင်လေးသည် ရဲစခန်းသို့ ရောက်နေသောကြောင့်ပင်။
ဆန့်ကျင်ဘက်အားဖြင့် အိမ်တွင်းအောင်းနေလျှင် သူက မည်သည့်ပြဿနာမှ တွေ့ကြုံရမည်မဟုတ်ပေ။
အဆုံးသတ်တွင် ကောင်းထန်းသည် သူ၏ အစားအသောက်ကတ်ပြားဖြင့် ငွေရောင်လေးအတွက် စားသောက်ဆိုင်မှ နေ့လည်စာဘောက်စ် နှစ်ဆယ်ကို မှာယူပေးခဲ့သည်။
အမှန်တကယ်လည်း ငွေရောင်လေး၏ စကားက မှန်ကန်သည်။
သူတို့က လူမှားဖမ်းလာ၍ လျော်ကြေးပေးရန် လိုအပ်သည်မဟုတ်ပါလော။
ဆိုရလျှင် သူက ငွေရောင်လေး၏ အနီးနားတွင် ရှိနေသော်လည်း မည်သည့်အနံ့အသက်ကိုမှ မရရှိခဲ့ပေ။
အစားအစာများ ဝယ်ယူပေးပြီးနောက်တွင် ကောင်းထန်းသည် ငွေရောင်လေးကို စစ်ဆေးရန်အတွက် ရဲစခန်းဘေးရှိ ရေကန်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ငွေရောင်လေး၏ ခြေထောက်များက တကယ်ပင် နံနေသည်ဆိုလျှင် ရေကန်ထဲရှိ ငါးများသည် ပက်လက်လန်၍ ရေပေါ်တွင် ပေါ်လာလိမ့်မည် ဖြစ်၏။
အဆုံးသတ်တွင် ရေကန်အတွင်းရှိ ငါးများသည် မသေရုံသာမက ကြာပန်းအချို့သည်ပင် ပွင့်အာလာသဖြင့် ရဲတပ်သားများသည် အံ့ဩသွားခဲ့ကြသည်။
“စားပြီး မြန်မြန်ထွက်သွားတော့”
ကောင်းထန်းက ထမင်းဘူးများကို ငွေရောင်လေး၏ ရှေ့တွင် ချထားပြီးနောက် အရှုံးသမားလေသံဖြင့် ပြောလိုက်သည်။
ငွေရောင်လေး၏ အစာစားချင်စိတ်က နေ့လည်စာ ထမင်းဘူး ၂၀ မှသာ လုံလောက်မည်ဖြစ်ကြောင်း သူကောင်းစွာသိသည်။
ငွေရောင်လေးက အပြင်သို့ ထွက်မလာမီ မနက်စာ မစားရသေးသည့်အတွက် အိုက်တင် ခံမနေတော့ပေ။
ဆရာလေးလင်း အိမ်သို့မရောက်ခင် အစာပြေ တစ်ပွဲလောက် စားလိုက်သည်က မဆိုးလောက်သည် မဟုတ်လော။
ရဲစခန်း၏ အစားအသောက်သည် အမြဲလိုလိုပင် စားကောင်းသည်။
ငွေရောင်လေးက ယခင်က စားဖူးသော်လည်း အလကားရသောကြောင့် ပို၍အရသာ တွေ့နေ၏။
ဤကမ္ဘာတွင် အလကားစားရသည်ထက် ပိုကောင်းသောအရာ ရှိပါသလော။
ထိုခဏတွင် ငွေရောင်လေးသည် စားသောက်နေရင်း ကောင်းထန်း၏ မျက်နှာပေါ်၌ စိုးရိမ်သောကများ ရှိနေသည်ကို သတိထားမိလိုက်သည်။
ကောင်းထန်းတွင် လက်ရှိအချိန်၌ ကိုင်တွယ်ဖြေရှင်းရမည့် အမှုနှစ်ခု ရှိနေသည်။
ပထမတစ်ခုမှာ သူတာဝန်ယူသော နယ်မြေအတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော လူသတ်သမားများနှင့် လျှို့ဝှက်ဆန်းကြယ် အင်အားစုများအကြား ခိုက်ရန်ဖြစ်ပွားမှု ဖြစ်၏။၊
သူက ထိုကိစ္စကို အထက်လူကြီးအား သတင်းပို့်ကာနီးတွင် ငွေရောင်လေးက ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် အရာရှိကောင်းထန်းသည် သူ၏အထက်အရာရှိကို အစီအရင်ခံစာ အီးမေးလ်အဖြစ် ပေးပို့ခဲ့သည်။
သို့ရာတွင် ကောင်းထန်းသည် ဤပထမကိစ္စနှင့် ပတ်သတ်ပြီး အလျင်စလို မလုပ်ခဲ့ပေ။
အကြောင်းအရင်းမှာ သူ့တွင် သဲလွန်စ မရှိရုံသာမက အထက်လူကြီးများ၏ ညွှန်ကြားချက်ကိုလည်း စောင့်ရသောကြောင့် ဖြစ်၏။
တကယ်တမ်းတွင် ကောင်းထန်းကို ခေါင်းကိုက်စေသည်မှာ ဒုတိယကိစ္စ ဖြစ်သည်။
ယင်းမှာ သူ၏ တရားစီရင်ပိုင်ခွင့် နယ်မြေတွင် ဖြစ်ပွားခဲ့သော ကွင်းဆက်လူသတ်မှု ဖြစ်စဉ် ဖြစ်၏။
ထိုကွင်းဆက်လူသတ်မှုသည် တိုက်ခန်း အဆောက်အဦးတစ်ခုတည်းတွင် ဖြစ်ပွားခဲ့ခြင်းပင်။
လက်ရှိတွင် ထိုတိုက်ခန်း အဆောက်အဦးတွင် နေထိုင်သူအားလုံးကို သံသယရှိသူများ အဖြစ် သတ်မှတ်ထားသော်လည်း အရာရှိကောင်းထန်းသည် ခိုင်လုံသောသက်သေ အထောက်အထားကို ရှာမတွေ့ခဲ့ပေ။
ဆိုရလျှင် ကွင်းဆက်လူသတ်သမားသည် အလွန်လိမ္မာပါးနပ်ပုံရသည်။
၎င်း၏ သတ်ဖြတ်မှုအစီအစဉ်များသည် အတော်လေး စေ့စပ်နေသည်။
အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရန်အတွက် မှော်ပညာကိုအသုံးပြုခဲ့သည့် သဲလွန်စပင် မတွေ့ခဲ့ရပေ။
ဆိုရလျှင် လူသတ်သမားသည် မှော်ပညာကို အသုံးပြုစရာ မလိုလောက်သည် အထိ အခင်းနေရာကို ရှင်းရှင်းလင်းလင်းပြုလုပ်ခဲ့ခြင်း ဖြစ်၏။
“မင်းမှာဘာအခက်အခဲ ရှိနေလို့လဲ.. ငါ့ကို ပြောပြစမ်းပါ”
ငွေရောင်လေးက ဝက်သားတုံး တစ်တုံးကို ဝါးရင်း ကောင်းထန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ကောင်းထန်း “မစ္စတာငွေရောင်လေး.. ဒီကိစ္စက ရဲတွေဖြေရှင်းရမယ့်ကိစ္စပါ”
“ငါသိပါတယ်.. အဲဒါက မင်းပြင်ပ အကူအညီကို ရှာလို့မရဘူးလို့ မဆိုလိုဘူးလေ”
ငွေရောင်လေးက ပလုပ်ပလောင်း စားရင်း ပြောလိုက်သည်။
“ငါ့ကိုအထင်မသေးပါနဲ့.. တကယ်တော့ ငါက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ.. ပြောမရဘူးလေ.. ငါမင်းကို အကူအညီပေးနိုင်ချင် ပေးနိုင်မှာပေါ့”
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးလား”
ကောင်းထန်းက ချက်ချင်းပင် အံ့အားသင့်သွားပြီး မှင်တက်ကာ မတ်တပ်ထရပ်လိုက်သည်။
သူနားကြားမမှားဘူး ဆိုတာ သေချာ၏။
ထိုဂိုဏ်းက ကျင့်ကြံခြင်းကမ္ဘာတွင် အချိန်တိုအတွင်းအောင်မြင်ခဲ့သည့် စူပါဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး အလင်းအင်အားစု၏ နံပါတ်တစ်ဂိုဏ်းကြီး အဖြစ် ထိပ်ဆုံးသို့ခုန်တက်ရန် အလားအလာအရှိဆုံး ဖြစ်၏။
ငွေရောင်လေးက ထိုဂိုဏ်းမှ အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်ဟု ကောင်းထန်း မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ပေ။
သူက အလေးအနက် တွေးတောကြည့်လိုက်ရာ ကြောက်စရာကောင်းသည့် အတွေးတစ်ခု ဝင်ရောက်လာသည်။
နောက်ဆုံးအကြိမ်က ငွေရောင်လေးကို နှစ်ကြိမ်တိုင်တိုင် ရဲစခန်းကနေ အာမခံပေးသူကို သူရုတ်တရက် အမှတ်ရမိလိုက်သည်။
ထိုလူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂိုဏ်းခေါင်ဆောင်ဖြစ်သော ဗုံးပစ်စီနီယာအင်မော်တယ်ပင် မဟုတ်ပါလော။
အပိုင်း(၁၀၂၉) ပြီး၏