အိမ်တွင်းပုန်းများ၏ နာကျင်မှု
Vol. 69 Ch. 1030
“ဒီနေရာမှာလား”
အဆုံးသတ်တွင် ကောင်းထန်းသည် အခင်းဖြစ်ပွားရာတိုက်ခန်းသို့ ငွေရောင်လေးကို ခေါ်ဆောင်လာခဲ့သည်။
ထိုနေရာက ရင်းနှီးသည်ဟု ငွေရောင်လေး ခံစားလိုက်ရသည်။
သူမမှားပေ၊ သူယခင်က ဤရပ်ကွက်တွင် ရှိခဲ့ဖူးသည်။
“ဒီအနီးနားမှာ မိသားစုတိုက်ခန်းရှိတယ် မဟုတ်လား.. အဲဒီမှာ ငါ့သူငယ်ချင်း တစ်ယောက်လည်း ရှိတယ်”
ငွေရောင်လေးက ပြောလိုက်သည်။
“ရှိတယ်”
ကောင်းထန်းက ခေါင်းညိမ့်လိုက်သည်။
သူက ကွင်းဆက်လူသတ်မှုများကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းလိုရသည့် အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ သူ၏အထက်အရာရှိများက ဖိအားပေးနေသောကြောင့်ဖြစ်သည်။
ဆိုရလျှင် မိသားစုတိုက်ခန်းများတွင် နေထိုင်ကြသူများအားလုံးသည် ဟွာရှို့နိုင်ငံ၏ နိုင်ငံရေး အသိုင်းအဝိုင်းနယ်ပယ်မှ အငြိမ်းစားယူထားသော ထိပ်တန်းအရာရှိများ ဖြစ်ကြသောကြောင့်ပင်။
ဤကဲ့သို့သောပုဂ္ဂိုလ်များ နေထိုင်သော ပတ်ဝန်းကျင်တွင် ကွင်းဆက်လူသတ်မှုများ ဖြစ်ပွားခြင်းသည် အငြိမ်းစားထိပ်တန်းအရာရှိကြီးများ၏ ဘဝအတွက် အနှောင့်အယှက်ကြီးကြီးမားမား ဖြစ်စေခဲ့သည်။
တကယ်တမ်းတွင် စုန့်ဟိုင်မြို့သည် ရာဇဝတ်မှု အလွန်နည်းပြီး လူသတ်မှုဖြစ်စဉ်မှာ အလွန်ရှားပါးသည်။
ဤသည်မှာ အထက်အရာရှိများက ဤကိစ္စအတွက် အရေးတကြီး ဖြစ်နေရခြင်း ဖြစ်၏။
မိသားစုတိုက်ခန်းများတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများ နေထိုင်ကြသောကြောင့် လုံခြုံရေး အထူးကောင်းမွန်သည်ကို လူတိုင်းသိထားကြသော်လည်း လူသတ်သမားသည် ထိုနေရာမှာပင်လူသတ်မှုကျူးလွန်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်၏။
ယင်းမှာ လူသတ်သမားက သူ၏ သတ်ဖြတ်ခြင်းနည်းလမ်းများကို အလွန်အမင်း ယုံကြည်မှုရှိကြောင်း ထင်ရှားနေသည်။
ယင်းက ကျင့်ကြံခြင်းလောက၏ ဥပဒေကို မထီမဲ့မြင်ပြုပြီး တရားစီရင်ရေးမဏ္ဍိုင်ကို ကဲ့ရဲ့ရှုပ်ချနေသည်ဟုပင် ဖော်ပြနိုင်၏။
ယခုအခါတွင် ငွေရောင်လေးနှင့် ကောင်းထန်းတို့သည် လူသတ်မှုဖြစ်ပွားရာ တိုက်ခန်းအဆောက်အဦး၏ အဝင်ဝတွင် ရပ်နေကြသည်။
တိုက်ခန်းက နတ်ပြည်ကဲ့သို့ အထပ်ခြောက်ထပ် ရှိ၍ နတ်အပမ်းဖြေတိုက်ခန်းဟု ခေါ်တွင်သည်။
ထိုခဏတွင် ငွေရောင်လေးက သူ့ဖုန်းကို ထုတ်ယူကာ အချိန်ကို ကြည့်လိုက်သည်။
“မင်းအလျင်လိုနေလို့လား”
“ငါနေ့လည်ဘက်ကျရင် အရှေ့ပိုင်းလမ်းကို အရောက်သွားရမယ်.. ဒါကြောင့် ဒီကိစ္စကို ၁၁ နာရီမှာ အပြီး ဖြေရှင်းမှဖြစ်မယ်”
“..........”
ကောင်းထန်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်ရသည်။
[အခုပဲ ၉ နာရီထိုးနေပြီလေ.. နှစ်နာရီအတွင်း အမှုကို ဖြေရှင်းရအောင် မင်းကိုယ်မင်းစုံထောက် ကိုနမ်လို့ ထင်နေတာလား.. ကိုနမ်ဆိုရင်တောင် မိနစ် ၂၀ လောက် အနည်းဆုံးလိုအပ်မှာပဲ]
သို့သော် ဤနေရာသို့ ရောက်နေပြီဖြစ်၍ ကောင်းထန်းက ငွေရောင်လေးကို လိုက်ပြရန် ဆုံးဖြတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်လည်း မှုခင်းဖြစ်ပွားရာနေရာကို ထပ်မံ စစ်ဆေးရန် လိုအပ်သည် မဟုတ်ပါလော။
အဆောက်အဦးထဲသို့ ဝင်သွားပြီးနောက်တွင် ပထမထပ်၌ ရဲများကို လုံခြုံရေးချထားကြောင်း ငွေရောင်လေး သတိပြုမိခဲ့သည်။
ကောင်းထန်းကို တွေ့သောအခါတွင် ရဲအရာရှိအားလုံးသည် ရင်ဘတ်ကိုကော့ကာ အလေးပြုလိုက်ကြသည်။
“ခေါင်းဆောင်ကောင်း”
“ခိုင်းထားတဲ့အတိုင်း အကုန်လုပ်ပြီးပြီလား”
“အားလုံး လုပ်ထားပြီးပါပြီ”
ရဲအရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။
လက်ရှိတွင် ခိုင်မာသော အထောက်အထားမရှိဘဲ အဆောက်အဦးရှိ လူအားလုံးကို သံသယရှိသူ အဖြစ်သဘောထားကာ အဝင်အထွက်ကို စောင့်ကြည့်သွားမည်ဖြစ်သည်။
သူတို့က တရားခံ ရှာမတွေ့မချင်း တိုက်ခန်းနေ လူများ၏ အသွားအလာကို မှတ်သားထားမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် ရည်ရွယ်ချက်နှစ်ခု ရှိသည်။
ယင်းမှာ တရားခံ၏ သဲလွန်စကို ကောက်ယူရန်နှင့် အခြားနေထိုင်သူများကို အကာအကွယ်ပေးရန် ဖြစ်သည်။
ယခုအခါတွင် အောက်ထပ်၌ ရဲများလုံခြုံရေး ယူထားသဖြင့် လူသတ်သမားသည် နောက်တစ်ကြိမ် ကျူးလွန်တော့မည်မဟုတ်ဟု ယူဆရသည်။
“ငါ့ကိုဖြတ်သန်းခွင့်ကတ်ပေး”
ကောင်းထန်းက ပြောလိုက်သည်။
“ရဲအရာရှိတစ်ဦးက ငွေရောင်လေး၏ အမည်ကို ကတ်တစ်ခုတွင် ရေးလိုက်ကာ ကောင်းထန်းကို ပေးလိုက်သည်။
“ဒါနဲ့ဗိုလ်ကြီး.. သူကဘယ်သူလဲ”
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အဖွဲ့ဝင်တစ်ယောက်ပဲ.. ငါတို့ကို သဲလွန်စကူရှာပေးဖို့ အတွက် ဒီကိုဖိတ်ခေါ်ခဲ့တာပဲ”
ကောင်းထန်းက ပြန်လည် ဖြေကြားခဲ့သည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ကျင့်ကြံသူလား”
ရဲအရာရှိများက ထိတ်လန့်တကြားဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ငွေရောင်လေးက ဖြတ်သန်းခွင့်ကတ်ကို ယူကာ လည်ပင်းတွင်ဆွဲလိုက်ပြီးနောက်တွင် မြေပြင်သို့ နှာခေါင်းနှင့်ကပ်၍ ရှူရှိုက်လိုက်သည်။
လမ်းတွင် ကောင်းထန်း သူ့ကိုပြောခဲ့သလိုပင် မကြာသေးမီက ဤအဆောက်အဦးတွင် လူသုံးယောက် သေဆုံးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ငွေရောင်လေးအနေဖြင့် သေဆုံးသွားသူများ၏ ရနံ့များကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
လူသေ၏ရနံ့သည် များသောအားဖြင့် နာကျည်းသောရနံ့ကို ပေးစွမ်း၏။
သာမန်ကျင့်ကြံသူများက ထိုသို့ အနံ့ခံနိုင်မည် မဟုတ်သော်လည်း သူတော်စင်သားရဲ ဖြစ်သော ငွေရောင်လေးကမူ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ထို့နောက်တွင် ငွေရောင်လေးက ကောင်းထန်းကို ပြောလိုက်သည်။
“တကယ်ကြီး လူ ၃ယောက် သေသွားတာပဲ.. မင်းငါ့ကို လိမ်နေတယ်လို့ ငါထင်နေတာ”
“ဒါဆိုခုနက မင်းမြေကြီးကို အနံ့ခံနေတာက သဲလွန်စကို ရှာနေတာလား”
“ဟုတ်တယ်.. အနံ့တွေကို ရှူရှိုက်ပြီး အဖြစ်မှန်ကို အတည်ပြုနေတာပါ.. သူတို့သုံးယောက်က ဒုတိယထပ်၊ တတိယထပ်နဲ့ ပဉ္စမထပ်မှာ သေဆုံးခဲ့ကြတာ မဟုတ်လား”
“..........”
ကောင်းထန်းက အနံ့ခံရုံဖြင့် တိတိကျကျ ပြောနိုင်သည်ကို ပထမဆုံးမြင်ဖူခြင်း ဖြစ်သည်။
သို့ရာတွင် ငွေရောင်လေးသည် အမှန်တကယ် အံ့ဩစရာကောင်းသည်ကိုတော့ ဝန်ခံရပေမည်။
ပထမထပ်က မြေပြင်ကို ရှူရှိုက်လိုက်သည်နှင့် ဒုတိယထပ်၊ တတိယထပ်နှင့် ပဉ္စမထပ်များတွင် လူသတ်မှု ဖြစ်ပွားခဲ့သည်ကို တပ်အပ် သိနိုင်ခဲ့သည်။
ဤသည်က သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သောအရာမဟုတ်ပေ။
လမ်းခရီးတွင် လူမည်မျှ သေဆုံးခဲ့သည်ကို ငွေရောင်လေးအား ပြောပြခဲ့သော်လည်း လူသတ်မှု ဖြစ်ပွားခဲ့သည့် အထပ်အတိအကျကို မပြောပြရသေးပေ။
“ငါ့နောက်ကို လိုက်ခဲ့ပေးပါ”
ကောင်းထန်းက ခေါင်းညိမ့်ပြလိုက်ပြီး ငွေရောင်လေးနှင့် အတူ လှေကားပေါ်သို့ တက်ကာ အထပ်တစ်ခုဆီကို စတင်စုံစမ်းခဲ့သည်။
"ပထမသားကောင်ကတော့ အသက် ၄၄၀ ရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ.. သူက အခန်း ၂၀၂မှာ နေထိုင်တယ်.. ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်.. သူက အဂ္ဂိရတ်ပညာရပ်နဲ့ အသက်မွေးတဲ့ အဂ္ဂိရတ် ပညာရှင်တစ်ယောက်ပဲ.. ပုံမှန်အားဖြင့်တော့ သူက တိုက်ခန်းကနေ အပြင်ကို ထွက်လေ့မရှိဘူး.. သူသေဆုံးသွားတဲ့ အချိန်မှာ မီးဖိုက ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲပဲ.. ငါတို့ သူ့အခန်းကို စစ်ဆေးပြီးတဲ့နောက်မှာ မီးဖိုထဲကနေ သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့တယ်.. အဲဒါက အမှောင်ည အမွှေးအကြိုင်ပဲ”
“ အမှောင်ညအမွှေးအကြိုင်.. ဟုတ်လား”
“ဟုတ်တယ်.. အဲဒါက အမှော်နက်ဝေါ့ခ်က ရောင်းချတဲ့ တားမြစ်ဆေးဝါး တစ်မျိုးပဲ.. အဲဒီဆေးဝါးက အနည်းငယ်ဖိချေလိုက်ရုံနဲ့ ကယောင်ခြောက်ခြား ဖြစ်စေဖို့ လုံလောက်တယ်.. ဒါပေမဲ့ တိုက်ခန်းကို ဖောက်ထွင်းဝင်ရောက်ထားတဲ့ သဲလွန်စတွေကိုတော့ ရှာမတွေ့ခဲ့ဘူး.. ဒါ့အပြင် အဂ္ဂိရတ်ပညာရှင်ရဲ့ ခန္ဓာကိုယ်မှာလည်း ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး.. လူသတ်မှုကျူးလွန်တဲ့လူက အဂ္ဂရိတ်မီးဖိုထဲကို ဆေးလုံးပစ်ထည့်ပြီး လုပ်ကြံသွားတဲ့ပုံပဲ”
ကောင်းထန်း “ပြောရရင်တော့ ဒီအဂ္ဂိရတ်ပညာရှင်က လူသတ်သမားရဲ့ ပထမဆုံးသားကောင် ဖြစ်ခဲ့တယ်”
“အဂ္ဂိရတ်ပညာရှင်မှာ အသိတွေများရှိလား”
“ခင်မင်ရင်းနှီးတဲ့ အသိတွေမရှိဘူး.. ဒီအဂ္ဂိရတ်ပညာရှင်က တစ်ဦးတည်းပဲ နေထိုင်လေ့ရှိတယ်.. ဒါ့အပြင် သူက ဒီဒေသမှာ နေထိုင်သူလည်း မဟုတ်ဘူး.. အိမ်နီးနားချင်းတွေကလည်း သူ့အကြောင်း သိပ်မသိကြဘူး.. သူက လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်လို့ ပြောလို့ရတယ်”
“ဒါဆို လူသတ်သမားက အကြောင်းရင်း မရှိဘဲ သူ့ကိုသတ်ပစ်လိုက်တာပေါ့”
“လောလောဆယ်တော့ အဲဒီလိုပဲ ယူဆရတော့မှာပဲ”
ကောင်းထန်းက ပြောလိုက်သည်။
“အခန်း ၂၀၂ မှာ ပထမဆုံး လူသတ်မှုကို လူသတ်သမားက ကျူးလွန်ခဲ့တယ်.. နောက်ထပ် ၂၄ နာရီ အကြာမှာတော့ တတိယထပ်မှာ လူသတ်သမားက ထပ်ပြီး လုပ်ကြံခဲ့ပြန်တယ်.. သေဆုံးတဲ့သူကတော့ အွန်လိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ဖြစ်တဲ့ လီသောင်ဖေးပဲ.. အဂ္ဂိရတ်ပညာရှင်လိုပဲ သူကလည်း လုပ်ကြံခံခဲ့ရတယ်.. သူမရဲ့ အဓိကဝင်ငွေက တိုက်ရိုက် ထုတ်လွှင့်ခြင်းက ရတာဖြစ်တယ်.. သူမက ဝိညာဉ်ဓားတွေကို မျိုချပြတဲ့ လှည့်ကွက်တွေကို လိုက်လွှင့်ပြီး လုပ်ပြလေ့ ရှိတယ်.. ဒါပေမဲ့ အဲဒီအချိန်မှာ လီသောင်ဖေးက တိုက်ရိုက် ထုတ်လွှင့်မှုကို လုပ်နေမယ်လို့ လူသတ်သမားက မထင်ထားခဲ့ဘူး.. လူသတ်သမားကို တံခါးသွားဖွင့်ပေးလိုက်တဲ့အချိန်မှာပဲ သူမက သေဆုံးသွားခဲ့တယ်.. သူမရဲ့ ပရိသတ်တွေက ကျယ်လောင်တဲ့ ဆူညံသံကို ကြားရပြီး ခဏကြာတဲ့အထိ သူမ ပြန်မလာတော့တဲ့ အချိန်မှာ ရဲစခန်းကို ဖုန်းဆက်ခဲ့တယ်.. တတိယမြောက်သားကောင်ကတော့ ပရိုဂရမ်မာ တစ်ယောက်ပဲ.. အလားတူပဲ လူသတ်သမားက နောက်ထပ် ၂၄ နာရီမှာပဲ ထပ်မံ သတ်ဖြတ်ခဲ့တယ်.. အဲဒီအချိန်မှာ ငါတို့တွေက ရှေ့ကလူသတ်မှု နှစ်ခုကြောင့် စုံစမ်းစစ်ဆေးမှုကို ကနဦး စတင်နေခဲ့ပြီ.. ပြောရရင် လူသတ်သမားက ငါတို့ကိုမထီမဲ့မြင်လုပ်ပြီး တတိယမြောက် လူသတ်မှုကို ကျူးလွန်သွားခဲ့တာပဲ”
[လုပ်ကြံခံရတဲ့ ၃ ယောက်က အိမ်ကနေ အလုပ်လုပ်ကြတဲ့ သူတွေပါလား]
အိမ်တွင်းအောင်းနေလေ့ ရှိသည့် ငွေရောင်လေးက တုန်လှုပ်သွားခဲ့သည်။
အိမ်တွင်အောင်းရုံဖြင့် အသတ်ခံရလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
[အိမ်တွင်းအောင်းတာက ဘာများမှားနေလို့လဲ.. အိမ်ထဲမှာနေတာက တခြားလူတွေအတွက် မနာလိုစရာ ဖြစ်နေတာများလား]
ထို့နောက်တွင် ငွေရောင်လေးသည် အံကြိတ်ကာ လူသတ်သမားကို မည်သို့မည်ပုံဖမ်းဆီးရမည်လဲ တွေးတောခဲ့သည်။
ထိုခဏတွင်သူသည် လှေကားထစ်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။
“စတုတ္ထသားကောင်”
“ဘယ်သူက စတုတ္ထသားကောင်လဲ”
“ခြောက်ထပ်မှာ စတုတ္ထသားကောင်ရဲ့ အနံ့ကို ငါရနေတယ်”
ငွေရောင်လေးက ပြောလိုက်သည်။
အပိုင်း(၁၀၃၀) ပြီး၏