← Chapters

ကွန်ပျုတာ ဖန်သားပြင်ကို ဖောက်ထွက်၍ သတ်ဖြတ်မှု

Vol. 69 Ch. 1031

ကွန်ပျုတာ ဖန်သားပြင်ကို ဖောက်ထွက်၍ သတ်ဖြတ်မှု

Vol. 69 Ch. 1031

ကောင်းထန်းက ကူကယ်ရာမဲ့စွာဖြင့် သွားများကို အံကြိတ်လိုက်သည်။

လူသတ်သမားက တကယ်ကို အတင့်ရဲပြီး နေ့ခင်းကြောင်တောင်ပင် လုပ်ကြံနေ၏။

အရေးကြီးဆုံးအချက်မှာ ရဲများက တိုက်ခန်းတွင် ကင်းချထားချိန်မှာပင် ကျူးလွန်ရန် သတ္တိရှိနေခြင်းပင် ဖြစ်သည်။

ယင်းက ရဲများကို မခန့်လေးစားရာ ကျလွန်းနေသည်။

ငွေရောင်လေးက ကောင်းထန်းနှင့်အတူ အခန်း ၆၀၅ သို့ ပြေးလာခဲ့သည်။

ငွေရောင်လေးက အခန်းတွင်းကနေ ပြင်းပြသောသွေးရနံ့ကို ရရှိခဲ့၏။

သူက တံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ကာ ဖွင့်လိုက်သည်။

သူက ခွန်အားအများအပြား မသုံးထားသော်လည်း တံခါးတစ်ခုလုံးက ဧည့်ခန်းထဲသို့ လွင့်ထွက်သွားသည်။

ကောင်းထန်းကလည်း သူ၏ရဲဓားကို ဆင့်ခေါ်၍ အခန်းထဲသို့ပြေးဝင်လိုက်သည်။

ရဲဓားသည် ပထမအဆင့် ရဲမှူးများ ကိုင်သော စံလက်နက်ဖြစ်သည်။

ယင်းက သေနတ်တစ်လက် ကဲ့သို့ ပုံစံရှိပြီး သေနတ် အဖြစ်သာမက အနီးကပ် တိုက်ခိုက်ရေး လက်နက် အဖြစ်လည်း အသုံးပြုနိုင်သည်။

လူတစ်ဦးက အသုံးပြုလိုက်သည်နှင့် ထိုရဲဓားက ပေါက်ကွဲမှုဆန့်ကျင်ရေး စိတ်ဝိညာဉ်ဓား အဖြစ်သို့ ပြောင်းလဲသွားပြီး အခြားသော အသုံးပြုမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။

လူသတ်သမားက အနီးနားတွင် ရှိနေမည်ကို စိုးရိမ်သဖြင့် ကောင်းထန်းက သူ၏ရဲဓားကို လက်ထဲတွင် ကိုင်ကာ ဖြည်းညင်းစွာ ရွေ့လျားသွားခဲ့သည်။

ထို့နောက် ကောင်းထန်းနှင့် ငွေရောင်လေးတို့သည် ကွန်ပျူတာစားပွဲရှေ့တွင် ဒဏ်ရာရနေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူငယ်၏လည်ပင်းတွင် ပြတ်ရှရာ ရှိနေပြီး ထိုဒဏ်ရာမှသွေးများက ကွန်ပျူတာ ဖန်သားပြင်ကို စင်နေသည်ကိုပင် တွေ့ရသည်။

လူငယ်က လည်မျိုကို လှီးခံထားရသော်လည်း မသေဆုံးသေးပေ။

ငွေရောင်လေးတို့ ဝင်လာသည်ကိုမြင်လျှင် လူငယ်‌လေးသည် အသည်းအသန် ရုန်းကန်စ ပြုလာခဲ့သည်။

သူက စကားမပြောနိုင်သော်လည်း မျက်နှာတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။

“မကြောက်ပါနဲ့.. ငါက ရဲအရာရှိတစ်ယောက်ပါ”

ကောင်းထန်းက ရုန်းကန်စပြုနေသည့် လူငယ်၏ ပုခုံးကို လက်ဖြင့် အသာအယာဖိချလိုက်သည်။

ယခုအချိန်ထိ လူသတ်သမားက မည်သို့သောပုံစံဖြင့် သတ်ဖြတ်နေသည်ကို မည်သူမှ မသိကြသေးပေ။

ဤလူငယ်ကိုသာ ကယ်တင်နိုင်ခဲ့လျှင် ကွင်းဆက် လူသတ်မှုအတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

လူငယ်က ဒဏ်ရာရနေသော်လည်း ကောင်းထန်းက ပျာယာမခတ်သွားဘဲ အလွန်တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။

သူက ရှေးဦးသူနာပြုနည်းဖြင့် လူငယ်ကို ကနဦးကုသမှု ပေးထားလိုက်၏။

ငွေရောင်လေးက လူငယ်၏အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“မင်းကုသတာ အဆင်ပြေပါ့မလား”

“စိတ်မပူပါနဲ့.. ငါသူ့ကို ရှေးဦးသူနာပြုနည်းနဲ့ ကယ်တင်ထားပြီးပြီ.. လူနာတင်ယာဉ်လည်း ခေါ်ထားပြီးပြီ”

ထိုသို့သာ ပြောလိုက်သော်လည်း အမှန်တိုင်းဝန်ခံရလျှင် ကောင်းထန်းကိုယ်တိုင်ပင် ထိုလူငယ် အသက်ရှင်မရှင်ကို သေချာမသိပေ။

သို့သော်လည်း ငွေရောင်လေးက ကောင်းထန်း၏ သက်ပြင်းချသံကို ကြား၍ အခြေအနေကို ရိပ်စားမိခဲ့သည်။

သူက အတန်ကြာစဉ်းစားလိုက်ပြီးနောက် လက်ညှိုးကို ကိုက်ကာ သူတော်စင်သားရဲ သွေးစက်နှစ်စက်ကို ထုတ်၍ တစ်စက်ကို လူငယ်၏လည်ပင်းတွင် သုတ်လိမ်းပေးကာ နောက်တစ်စက်တွင် ပါးစပ်ထဲသို့ ညှစ်ထည့်ပေးလိုက်သည်။

ထိုခဏမှာပင် သူတော်စင်သားရဲသွေး၏ ဝိညာဉ်စွမ်းအားကြောင့် လူငယ်၏ ဒဏ်ရာများသည် မျက်စိဖြင့် မြင်သာသောနှုန်းဖြင့် အလျင်အမြန် သက်သာလာခဲ့သည်။

“ဒါက..”

ကောင်းထန်း အံ့ဩသွားခဲ့သည်။

“ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှမပြောပါနဲ့”

ငွေရောင်လေးက ကောင်းထန်းကို ကြည့်၍ တောင်းဆိုလိုက်သည်။

ဤလုပ်ရပ်က မှန်မမှန် သူမသိပေ။

သူက လူတစ်ဦးကိုကယ်တင်ရန် အတွက် အပြင်လူတစ်ဦး၏ ရှေ့တွင် သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်မိသည် မဟုတ်ပါလော။

“ကျေးဇူးတင်ပါတယ်.. မစ္စတာ ငွေရောင်လေး”

ကောင်းထန်းက ခေါင်းညိမ့်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

သူတော်စင်သားရဲ သွေးစက် နှစ်စက်သည် ထိုလူငယ်ကို သေမင်းခံတွင်းဝကနေ တဖန် ပြန်လှည့်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် လူငယ်က အံ့ဩတုန်လှုပ်သွားပြီး ငွေရောင်‌လေးကို ကျေးဇူးတင်နေမိသည်။

သူ မည်ကဲ့သို့ ကယ်တင်ခြင်း ခံခဲ့ရသည်ကို မမြင်ခဲ့ရသော်လည်း ဤငွေရောင်ဆံပင်နှင့် ညီနောင်က သူ့ကို ကယ်တင်ခဲ့သည်ဟု သူခံစားမိသည်။

ယခုအခါတွင် သူ၏အသက်ရှူနှုန်းက ပုံမှန်အနေအထားသို့ပင် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

[ဆံပင်ငွေရောင်နဲ့လူငယ်က လျှို့ဝှက်နည်းလမ်း တစ်မျိုးမျိုးနဲ့ ငါ့အသက်ကို ကယ်ခဲ့တာများလား]

လူငယ်လေးက တစ်ကိုယ်တည်း တွေးနေမိသည်။

သေမင်းခံတွင်းဝတွင် လျှောက်လှမ်းခဲ့သူတစ်ဦးအနေဖြင့် လူငယ်လေးသည် သူအသက်ရှင်နေသေးသည်မှာ မယုံနိုင်လောက်အောင် ကံကောင်းနေမှန်း ကောင်းစွာသိသည်။

ထိုနောက်တွင် ကောင်းထန်းသည် ဒဏ်ရာသက်သာစပြုလာသော လူငယ်ကို စတင်မေးမြန်းခဲ့၏။

သူက ရဲဓားပေါ်မှ အသံဖမ်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ငွေရောင်လေး၏ နှုတ်ခမ်းများက လှုပ်ရမ်းသွားခဲ့သည်။

ဤဓားက အလွန်အစွမ်းထက်ပြီး စွယ်စုံသုံးစွဲနိုင်သည် မဟုတ်ပါလော။

“မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ.. အသက်အရွယ်နဲ့ အလုပ်အကိုင်ကိုလည်း ဖြေပေးပါဦး”

“ကျွန်တော့်နာမည်က ရှန်းကွမ်းရုံပါ.. ကျွန်တော်က ဒီနှစ်မှာ ရွှေအမြုတေအဆင့် တက္ကသိုလ်ကနေ ဘွဲ့ရမှာဖြစ်ပြီး လက်ရှိမှာတော့ ဘွဲ့နှင်းသဘင် အတွက် ပရောဂျက်ကို အိမ်ကနေလုပ်ဆောင်နေတာပါ”

“မင်းရဲ့အဓိက အလုပ်အကိုင်က ဘာလဲ”

“စိတ်ဝိညာဉ်ဓားတွေနဲ့ မှော်ရတနာတွေကို ဒီဇိုင်းထုတ်တဲ့အလုပ်ပါ.. ကျွန်တော်က မှော်ရတနာဒီဇိုင်းဌာနမှာ အလုပ်လုပ်ပြီး မှော်ရတနာတစ်ခုရဲ့ အသွင်အပြင်ကို ဒီဇိုင်းထုတ်ရာမှာ အထူးကျွမ်းကျင်မှု ရှိပါတယ်”

“အင်း”

ကောင်းထန်းက ခေါင်းညိမ့်လိုက်သည်။

“မင်းအခုကစပြီး ဘာမှကြောက်စရာမလိုဘူး.. ငါတို့ဒီကိုရောက်ကထဲက လူသတ်သမားက မင်းကို ဘာမှထပ်လုပ်ရဲမှာမဟုတ်တော့ဘူး.. ဖြစ်ပျက်ခဲ့တာတွေကို ငါ့ကို အသေးစိတ် ပြောပြပေးနိုင်မလား”

ကောင်းထန်း၏ စကားကြောင့် လူငယ်က လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး သူ၏​ နဖူးပေါ်ကနေ ချွေးများ စီးကျနေ၏။

ရိုးသားစွာဝန်ခံရလျှင် လူသတ်သမား၏ တိုက်ခိုက်မှုသည် အလွန်ပင် မြန်ဆန်သည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်သွားခြင်းဖြစ်၍ သူသေချာ မသိလိုက်ပေ။

“တောင်းပန်ပါတယ် ရဲအရာရှိ.. လူသတ်သမားက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော် မသိခဲ့ရပါဘူး”

ရှန်းကွမ်းရုံက ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူက စိုးရွံ့သောအမူအရာဖြင့် သူ့ရှေ့ရှိ လက်ပ်တော့ကို ကြည့်လိုက်သည်။

“ဖြစ်စဉ်ကတော့ ကျွန်တော် ကွန်ပျူတာ အသုံးပြုနေတဲ့အချိန်မှာ ကွန်ပျူတာ ဖန်သားပြင်ထဲကနေ လက်တစ်စုံက ရုတ်တရက် ဆန့်ထွက်လာခဲ့တယ်.. ကျွန်တော် မတုံ့ပြန်ခင်မှာပဲ သူက ကျွန်တော်ရဲ့လည်ပင်းကို ဓားနဲ့ လှီးဖြတ်လိုက်တယ်”

“ဖန်သားပြင်က တဆင့် လုပ်ကြံတာလား”

ကောင်းထန်း အံ့ဩမှင်တက်သွားခဲ့သည်။

“အဲဒီလက်တွေက ဘယ်လိုပုံစံမျိုးလဲ”

“လက်က အမွှေးအမျှင်တွေနဲ့ မည်းမှောင်နေတယ်.. လူလတ်ပိုင်းအရွယ် အမျိုးသားရဲ့ လက်နဲ့တူတယ်.. လက်သည်းတွေက အရမ်းရှည်လျားပြီး လက်သည်းရဲ့ အောက်မှာ သွေးစအချို့လည်း ကပ်ပါနေတယ်”

“ကြည့်ရတာ လူသတ်သမားက အတူတူပဲ ဖြစ်လိမ့်မယ်”

ကျောင်းသားရှန်းကွမ်းရုံ ပေးသော အသေးစိတ်အချက်အလက်များကို အခြေခံ၍ ယခု တိုက်ခိုက်သူက ကွင်းဆက်လူသတ်မှုများတွင် သံသယရှိသူ ဖြစ်ကြောင်း ကောင်းထန်း ဆုံးဖြတ်ချက်ချခဲ့သည်။

အသေးစိတ် ဖော်ပြချက်များအရ သံသယရှိသူသည် အရပ် 1.7 မီတာရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ ကိုယ်အလေးချိန် 130 ခန့်ရှိသည့် အသားမည်းသူ တစ်ယောက်ဖြစ်သည်။

လူသတ်သမားက လက်သည်းအောက်ရှိ သွေးစများကို သန့်စင်ခဲ့ပုံ မရပေ။

၎င်းက ထိုသွေးစသွေးနများကို ဂုဏ်ယူစရာတစ်ခု အဖြစ်သတ်မှတ်ပြီး ဆေးကြောခြင်း မရှိသည်မှာ သိသာနေသည်။

ဤအချက်ကိုကြည့်၍ လူသတ်သမားသည် စိတ်မနှံ့သူ တစ်ယောက် ဖြစ်နိုင်သည်ဟု ကောင်းထန်း ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် ဖန်သားပြင်မှ တဆင့် လူသတ်သည့် နည်းလမ်းမျိုးကို ကောင်းထန်း တစ်ခါမှ မကြုံဖူးပေ။

ကျင့်ကြံခြင်းလောကတွင် နည်းစနစ် အများအပြား ရှိခဲ့သည်။

ဖန်သားပြင်ကတဆင့် တစ်စုံတစ်ယောက်ကို သတ်ပစ်မည်ဆိုလျှင် သင်၏ခန္ဓာကိုယ်ကို ဝိညာဉ်အမျှင်တန်း အဖြစ် ပြောင်းလဲရမည် ဖြစ်ပြီး ထိုကဲ့သို့သော မှော်နည်းစနစ်ကို ကောင်းထန်း မကြားဖူးပေ။

ယနေ့ခေတ်တွင် ပို့ဆောင်ရေးကုမ္ပဏီများသည် ဖန်သားပြင်မှတဆင့် အမြန်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကို ပြုလုပ်လေ့ ရှိကြသည်။

သို့သော်ပြဿနာမှာ ၎င်းတို့ပို့သည့် အရာများအားလုံးသည် သက်ရှိမဟုတ်ဘဲ သက်မဲ့များသာ ဖြစ်၏။

ခန္ဓာကိုယ်ကို ဝိညာဉ်အမျှင်တန်း အဖြစ် ခွဲထုတ်၍ အခြားတစ်ဦးကို လုပ်ကြံရန် ကြိုးစားသည်မှာ စင်စစ်မလွယ်ကူပေ။

ဤလုပ်ရပ်မှာ ကောင်းထန်း၏အမြင်တွင် မီးနှင့် ကစားနေခြင်း ဖြစ်၏။

ထို့အပြင် အကယ်၍သာ သက်ရှိခန္ဓာကိုယ်များက ဖန်သားပြင်မှတဆင့် ကျူးကျော်လာမည် ဆိုလျှင် စုန့်ဟိုင်မြို့၏ နည်းပညာ အဆင့်အတန်းအရ ထိုလုပ်ရပ်ကို အွန်လိုင်းစောင့်ကြည့်ရေး ရဲအဖွဲ့မှ ချက်ချင်းသိရှိနိုင်မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကောင်းထန်းသည် ယခုအခါတွင် လူသတ်သမား မည်ကဲ့သို့ လုပ်ကြံသည်ကို သိရှိသွားပြီ ဖြစ်၏။

ဖန်သားပြင်မှတဆင့် လူအများကို သတ်ဖြတ်ခြင်းသည် သဲလွန်စ မကျန်ရစ်စေသည့် သတ်ဖြတ်ခြင်းနည်းလမ်း တစ်ခု ဖြစ်သည်။

သို့သော်လည်း ဤလူသတ်မှုများတွင် သံသယဝင်စရာ အချက်တချို့ ရှိနေပါသေးသည်။

တက္ကသိုလ်ကျောင်းသား ရှန်းကွမ်းရုံကို ဥပမာထား၍ ကြည့်လျှင် လူသတ်သမားသည် ပဉ္စမထပ်မှ ပရိုဂရမ်မာ သေဆုံးသွားပုံနှင့် အလွန်ဆင်တူသောနည်းဖြင့် လုပ်ကြံခဲ့၏။

သို့သော်လည်း ထိုသတ်ဖြတ်မှု နည်းလမ်းက အစောပိုင်းတွင်သေဆုံးသွားသော အဂ္ဂိရတ်ပညာရှင်နှင့် အမျိုးသမီး တိုက်ရိုက် ထုတ်လွှင့်သူတို့ သေဆုံးပုံနှင့် ကိုက်ညီမှုမရှိပေ။

အဂ္ဂိရတ်ပညာရှင် နေသည့် နေရာကို ရွှေရောင်အပြင်အဆင့်ဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပြီး ကွန်ပျူတာကဲ့သို့ မည်သည့်အရာမှမရှိပေ။

ဤနေရာတွင် လူသတ်သမား၏ သတ်ဖြတ်ပုံ နည်းလမ်းသည် ကွဲပြားနေသည်ကို တွေ့ရပေမည်။

အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူက အမှန်တကယ် ဖန်သားပြင်မှတဆင့် အသတ်ခံရလျှင် သူ၏ ပရိသတ်ရှေ့မှာပင် သေဆုံးသင့်သည် မဟုတ်ပါလော။

သို့သော်လည်း သူမက တံခါးကိုသွားဖွင့်ပြီးမှ သေဆုံးသွားခြင်း ဖြစ်သည်။

ဆိုရလျှင် လူသတ်သမားသည် ၎င်းတို့အပေါ်တွင် ကွဲပြားခြားနားသော သတ်ဖြတ်ခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်။

ယင်းမှာ လူသတ်သမားက သူတို့ကို လှည့်စားရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပါသလော။

သို့မဟုတ် အစကတည်းကပင် လူသတ်သမားက နှစ်ယောက် ရှိနေသည်လော။

အပိုင်း(၁၀၃၁) ပြီး၏

All Chapters