အိမ်စာကိုယ်စားရေးပေးသည့် တက္ကသိုလ်ကျောင်းသူ
Vol. 69 Ch. 1033
ဤအတွေးပွားစရာ မေးခွန်း ၈ခုကို မြင်ရသူတိုင်းသည် ၎င်းတို့၏ဘဝကို နက်နက်နဲနဲ တွေးတောဆင်ခြင်မိလိမ့်မည်ဟု ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က ယုံကြည်ခဲ့ကြသည်။
မကြာသေးမီလများအတွင်း စုန့်ဟိုင်မြို့မှစတင်၍ နိုင်ငံသားများသည် ၎င်းတို့၏အမှိုက်များကို ခေတ်နှင့်အညီ စနစ်တကျရွေးချယ်ခွဲထုတ်၍ ပစ်ကြရသည်။
ထိုသို့ မလုပ်ဆောင်သူကို အစိုးရက ဒဏ်ငွေရိုက်မည်ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် ဖမ်းမိခဲ့လျှင်မူ မြို့ဧရိယာအတွင်း အနည်းဆုံးအမှိုက် ၅ ကီလိုကို ကောက်ပေးရမည် ဖြစ်သည်။
ထို့ကြောင့် ညအခါတွင် အနက်ရောင်အိတ် တစ်လုံးနှင့် လူတစ်ယောက်ကို မတော်တဆတွေ့ရှိခဲ့လျှင် သူခိုးဟု သတ်မှတ်၍ မရပေ။
အမှိုက်ပစ်ရန် ထွက်လာသူ တစ်ယောက်လည်း ဖြစ်နိုင်သည်။
အချိန်မှန် အမှိုက်မပစ်လျှင် အမှိုက်ရှင်းရန် တာဝန်ကျသောအဒေါ်ကြီးများသည် သင်၏အခန်းရှေ့တွင် ရပ်ကာ သင့်ကိုအပြုံးလေးများဖြင့် တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်ကြမည် ဖြစ်သည်။
ထိုမေးခွန်းမှာ "သင်ကဘယ်လိုအမှိုက်မျိုးလဲ" ဟူ၍ဖြစ်၏။
“ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်”
အဆုံးသတ်တွင် ငွေရောင်လေးသည် အမှတ် ၅၉ အထက်တန်းကျောင်းမှ လူငယ်လေးနှင့် စာလိပ်ချင်းအောင်မြင်စွာ လဲလှယ်နိုင်ခဲ့သည်။
ထိုကျောင်းသားကလည်း အဖြေ အပြည့်အစုံပါဝင်သော စာလိပ်ကိုရ၍ ဝမ်းသာသွားခဲ့သည်။
“ဒါနဲ့ တခြားအိမ်စာတွေရော လဲလှယ်လို့ရမလား”
ထိုစကားကိုကြားလျှင် ငွေရောင်လေးက လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။
“ကျန်တဲ့အိမ်စာတွေကို ကိုယ်တိုင်ပဲ လုပ်လိုက်ပါ.. မင်းအမေက မင်းကို ပြဿနာဖြစ်နေတဲ့ ရေထဲမှာ ငါးမဖမ်းဖို့ မသင်ပေးခဲ့ဘူးလား”
လူငယ် “???”
ငွေရောင်လေး “အိမ်စာကို မင်းကိုယ်တိုင်မလုပ်ရင် မင်းဘယ်လိုလုပ်တိုးတက်မှာလဲ.. မင်းမတိုးတက်ဘူးဆိုရင် ထိပ်တန်းတက္ကသိုလ် တစ်ခုကို ဘယ်လိုလုပ်ဝင်နိုင်မလဲ.. မင်းက ထိပ်တန်းတက္ကသိုလ်ကို မတက်နိုင်ခဲ့ရင် ဘယ်လိုလုပ်ပြီး ပထမတန်းစား မိန်းကလေးနဲ့ ချစ်သူ ဖြစ်နိုင်မှာလဲ”
ငွေရောင်လေး၏ စကားကြောင့် လူငယ်က အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။
ငွေရောင်လေးက အမှန်တကယ် စေတနာဖြင့် လူငယ်ကို ဆုံးမလိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့လိုချင်သောအရာကို ရထားပြီးပြီ မဟုတ်ပါလား။
ထွင်ထျန်းဟာက ပန်းခြံထဲရှိနေရာတစ်ခုတွင် မှော်အစီအရင်တစ်ခုကို ရေးဆွဲလိုက်သည်။
ထိုအစီအရင်က ကျောင်းအုပ်ကြီးချန်း၏ ရုံးခန်းနှင့် ဆက်သွယ်ထားသောအစီအရင် ဖြစ်၏။
သူတို့က အိမ်စာများကို စုဆောင်နေသော်လည်း အနီးနားတွင် စာလိပ်များ ရှာဖွေနေသည့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာများ၏ အာရုံစိုက်မှုကို မခံချင်ခဲ့ပေ။
ထို့ကြောင့် ငွေရောင်လေးနှင့် ထွင်ထျန်းဟာ တို့သည် စာလိပ်များကို စုဆောင်းပြီးသည်နှင့် ရုံးခန်းသို့ တိုက်ရိုက်ပေးပို့ရန် ဆုံးဖြတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ပစ္စည်းများ ပေးပို့သည့် အစီအရင်သည် မရှုပ်ထွေးလှပေ။
ပေးပို့ရမည့် တည်နေရာ ကိုဩဒိနိတ်များကို သိရှိရန်သာ လို၏။
ထွင်ထျန်းဟာက ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းကာ မြေပြင်ပေါ်တွင် လှပသောစက်ဝိုင်းပုံ အစီအရင်ကို ရေးဆွဲလိုက်သည်။
ထို့နောက်တွင် သူက မှော်သင်္ကေတ အချို့ကိုပါ ရေးဆွဲလိုက်၏။
အစီအရင်တစ်ခု ရေးဆွဲခြင်းအတွက် အခက်ခဲဆုံးအရာမှာ မှော်သင်္ကေတများကို ရေးသာခြင်း မဟုတ်ဘဲ စက်ဝိုင်းပုံရေးဆွဲခြင်း ဖြစ်သည်။
စက်ဝိုင်းပုံက လုံလုံလောက်လောက် မဝိုင်းသရွေ့ အစီအရင်က အသက်ဝင်မည် မဟုတ်ပေ။
ထို့ကြောင့် စက်ဝိုင်းပုံရေးဆွဲခြင်းသည် အစီအရင် အရှင်သခင်များအတွက် အခြေခံကျွမ်းကျင်မှုလည်း ဖြစ်သည်။
အစီအရင်အရှင်သခင်တစ်ဦး၏ ခွန်အားသည် စက်ဝိုင်းပုံရေးဆွဲနိုင်သည့် ပုံပေါ် မူတည်သည်။
ကြောက်မက်ဖွယ်အစွမ်းထက်သော အစီအရင် အရှင်သခင်များတွင် စက်ဝိုင်းပုံရေးဆွဲရန် နည်းလမ်းများစွာ ရှိသည်။
၎င်းတို့က စက်ဝိုင်းများကို လုံးဝ ဝိုင်းစက်နေရုံသာမက လျင်မြန်စွာလည်း ရေးဆွဲနိုင်ကြသည်။
နတ်ဆိုးကမ္ဘာရှိ မျိုးနွယ်စု အနည်းငယ်ထဲမှ ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုအတွက်မူ အစီအရင်များ ရေးဆွဲခြင်းသည် မသင်မနေရ စကေးလ်တစ်ခု ဖြစ်၏။
ထို့ကြောင့် ထွင်ထျန်းဟာသည် မှော်အစီအရင်များ ရေးဆွဲရာတွင် အလွန်ကျွမ်းကျင်မှု ရှိခဲ့သည်။
အစီအရင်ကိုရေးဆွဲရန် သူက နှစ်မိနစ်မျှသာ အချိန်ယူလိုက်ရသည်။
ထို့နောက်တွင် သူလဲလှယ်ထားသော စာလိပ်များကို စက်ဝိုင်း၏ အလယ်ဗဟိုတွင်ထားရှိကာ မှော်ဂါထာကိုရွတ်ဆို၍ သူ၏ခြေထောက်များဖြင့် မှော်အစီအရင်တစ်ခု ပြုလုပ်ခဲ့သည်။
ထိုခဏတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး စာလိပ်များသည် တမဟုတ်ချင်း ကျောင်းအုပ်ကြီးချန်း၏ ရုံးခန်းထဲသို့ ရောက်ရှိသွားသည်။
ကိစ္စများပြီးဆုံးပြီးနောက်တွင် ထွင်ထျန်းဟာသည် မြေပြင်ကို ခြေထောက်ဖြင့် ယက်၍ မှော်အစီအရင် ခင်းကျင်းမှုကို ဖယ်ရှားလိုက်သည်။
အစီအရင်ကို ဖယ်ရှားပြီးကြောင်း အတည်ပြုပြီးနောက်တွင် ထွင်ထျန်းဟာသည် ငွေရောင်လေး ဘက်သို့လှည့်ကာ ဆက်သွားကြစို့ဟု ပြောလိုက်သည်။
နေ့လည်ခင်းအချိန်တွင် ငွေရောင်လေးသည် ထွင်ထျန်းဟာကို တက္ကသိုလ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ကျောင်းဝင်ပေါက်၏ အပြင်ဘက်တွင် ကျောင်းသားအချို့သည် တမျှော်မျှော် အမူအရာဖြင့် ရှိနေကြသည်။
ထိုခဏတွင် ထွင်ထျန်းဟာက ကျောင်း၏ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ "စုန့်ဟိုင်မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း. ဟူသည့်စာသားကို တွေ့လိုက်ရသည်။
“ဒီနေရာဖြစ်နေတာကိုး”
ငွေရောင်လေးက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
“ဘာတွေထူးခြားလို့လဲ ငွေရောင်လေး”
“ဒါက မနေ့က မင်းကို ငါပြောပြခဲ့တဲ့ ကွင်းဆက်လူသတ်သမား ပစ်မှတ်ထားနေတဲ့ တက္ကသိုလ်ပဲ”
ငွေရောင်လေးက လေသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။
ထွင်ထျန်းဟာက ချက်ချင်း သဘောပေါက်သွားပြီး ပြန်ဖြေလိုက်သည်။
လူသတ်သမားက ဖန်သားပြင်ကိုဖြတ်သန်း၍ သတ်ဖြတ်သည်ကို သိရှိပြီးနောက်တွင် ကျောင်းသားများ၏ လုံခြုံရေးအတွက် ကျောင်းဝန်း တစ်ဝန်းလုံးတွင် ဖန်သားပြင်မှတဆင့် အမြန်ပို့ဆောင်ရေးစနစ်အား ဖြတ်တောက်ပစ်ခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် ကျောင်းသားများသည် နည်းလမ်းဟောင်းဖြစ်သည့် စာသားမက်ဆေ့ချ် ပို့၍ ပစ္စည်းများမှာယူခြင်းနည်းကိုသာ အားကိုးနေကြရသည်။
သို့ရာတွင် ထုံးစံအတိုင်း ကျောင်းသားများသည် ပစ္စည်းများမှာယူရာတွင် ၎င်းတို့၏ နာမည်အစစ်အမှန်များကို အသုံးမပြုကြပေ။
ကျောင်းသားများက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အွန်လိုင်းအမည်ဝှက်ကိုသာ အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ ရောက်လာသောအချိန်တွင် ကျောင်းဝင်ပေါက်၌ တမျှော်မျှော်ဖြစ်နေသော ကျောင်းသားများကို တွေ့လိုက်ရသည်။
“ငါက မင်းဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ဖခင်ပဲ.. ငါကမင်းဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ဖခင်ပဲ.. မင်းမှာထားတဲ့ပစ္စည်းကို အမြန်ထွက်ယူပါ”
“နှစ်ဖက်ချွန်ဆရာကြီး.. ငါ့မှာ မင်းမှာထားတဲ့ ပစ္စည်းပါလာတယ်.. အမြန်ဆုံးလာယူလိုက်ပါ”
မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့က ပစ္စည်းမှာယူသူများ၏ ပေါက်ကရ နာမည်များကို အော်ခေါ်ခဲ့ကြသည်။
“ဒါနဲ့ ဒီတက္ကသိုလ်ထဲမှာ စာလိပ်အပိုင်းအစ ရှိတယ်ဆိုတာ သေချာရဲ့လား”
ကျောင်းတံခါးဝတွင်ရပ်ရင်း ငွေရောင်လေးက အနီးနားသို့ လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။
သူက ကျောင်းထဲသို့ဝင်ရန် ချိတုံချတုံဖြစ်နေပြီး ထွင်ထျန်းဟာ၏ ခန့်မှန်းချက် မှားယွင်းနေမလားဟု တွေးနေမိသည်။
“မမှားပါဘူး.. စာလိပ်အပိုင်းအစက ဒီနေရာမှာ သေချာပေါက် ရှိနေတာပါ”
ထွင်ထျန်းဟာက ခေါင်းခါယမ်း၍ ပြောလိုက်သည်။
သူက သူ၏အနံ့ခံအာရုံကို အလွန်အမင်း ယုံကြည်၏။
ထို့နောက်တွင် ငွေရောင်လေးက ထွင်ထျန်းဟာ၏နောက်ကနေ ကျောင်းဝန်းထဲသို့ ဝင်လာခဲ့သည်။
ထိုခဏတွင် လုံခြုံရေးဦးလေးကြီးက သူတို့ကို တားဆီးရန် ပြင်လိုက်၏။
သို့သော် ငွေရောင်လေး၏ ရင်ဘတ်ပေါ်မှ တံဆိပ်ကိုတွေ့လျှင် ချက်ချင်းပင် ရပ်တန့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုတံဆိပ်မှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အဖွဲ့ခေါင်းဆောင်များအတွက် ပြုလုပ်ပေးထားသော အမှတ်တံဆိပ် ဖြစ်သောကြောင့်ပင်။
ယခုအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ဟွာရှို့နိုင်ငံ၏ နံပါတ်တစ်အလင်းအင်အားစု ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ခုလုံး၏ ပြယုဂ်တစ်ခု ဆိုလည်း မမှားပေ။
လုံခြုံရေးဦးလေးကြီးက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် ငွေရောင်လေး၏ အဆင့် မည်မျှမြင့်မားသည်ကို မသိသော်လည်း အမှတ်တံဆိပ်ကို အသိအမှတ်ပြုလိုက်ပြီး ၎င်းတို့၏ သွားရာလမ်းကို မတားဆီးတော့ပေ။
ထိုတံဆိပ်ပြားကို ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး ရဲစခန်းသို့ နောက်တစ်ကြိမ် မရောက်ရှိစေရန် အတွက် အကာအကွယ် အဖြစ် ပေးအပ်ထားခြင်း ဖြစ်သည်။
တံဆိပ်ပြားက ငွေရောင်လေး မျှော်မှန်းထားသည်ထက် ပိုမိုအသုံးဝင်ကြောင်း ယခုအခါတွင် သက်သေပြနေ၏။
“စာလိပ်အပိုင်းအစက ရှေ့နားက ကန်တင်းမှာပဲ”
ထွင်ထျန်းဟာက ငွေရောင်လေးကို ရှေ့မှဦးဆောင်သွားခဲ့သည်။
ကန်တင်းအဝသို့ ရောက်လျှင် ငွေရောင်လေး၏ အကြည့်သည် စာကိုကုန်းရုံး ရေးနေသော ကျောင်းသူတစ်ဦးထံသို့ ရောက်ရှိသွားသည်။
ထိုကျောင်းသူက မှော်ရတနာတည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။
သူမ၏ ထိုင်ခုံဘေးတွင် အထက်တန်း ကျောင်းသားများ၏ အိမ်စာလေ့ကျင့်ခန်း စာလိပ်များက တစ်ထပ်ကြီး ရှိနေခဲ့သည်။
“ဒါက ဘာလဲဟ”
ထိုမြင်ကွင်းကိုမြင်လျှင် ထွင်ထျန်းဟာက အံ့ဩသွားခဲ့သည်။
တက္ကသိုလ်ကျောင်းသူလေးက အထက်တန်းကျောင်း၏ အိမ်စာများကို ပြုလုပ်နေ၍ ဖြစ်နိုင်ချေ ဘတစ်ခုကို ငွေရောင်လေးက တွေးကြည့်မိခဲ့၏။
သူကစာကို အာရုံစိုက်၍ ရေးသားနေသော ဆံပင်ရှည်နှင့်ကျောင်းသူလေးအနီးသို့ ချဉ်းကပ်သွားကာ ကျောင်းသူလေးကို စူးစိုက်ကြည့်လိုက်သည်။
သူမ၏ အစားအသောက်ကတ်ပြားက စားပွဲပေါ်တွင် ရှိနေ၍ သူမ၏အမည်က လင်းရှစ်ယောင် ဖြစ်မှန်း ငွေရောင်လေးသိလိုက်ရသည်။
“တခြားလူတွေအတွက် အိမ်စာ ကူရေးပေးနေတာလား”
ငွေရောင်လေးက မေးလိုက်သည်။
ထိုမေးခွန်းကိုကြားလျှင် လင်းရှစ်ယောင်က သူမ၏ရှည်လျားသောဆံပင်ကို နောက်သို့ သိမ်းလိုက်ပြီး ခေါင်းမော့ကာ ငွေရောင်လေးကို ကြည့်လိုက်သည်။
“ပုံမှန်ကျောင်းလေ့ကျင့်ခန်းဆိုရင် စာအုပ်တစ်အုပ်ကို ယွမ်တစ်ရာ.. နင့်ရဲ့လက်ရေးအတိုင်း တစ်ထပ်တည်း ရေးပေးရမယ် ဆိုရင်တော့ စာအုပ်တစ်အုပ်ကို ယွမ်နှစ်ရာ.. စာမေးပွဲအတွက်ဆိုရင်တော့ ဘာသာစုံယွမ်တစ်ရာ”
ထိုသို့ပြောပြီးနောက် သူမက(QR code)ပါသည့် ကတ်တစ်ကတ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။
“ငွေပေးချေမယ်ဆိုရင် ဒီကုဒ်ကို အသုံးပြုပြီး ပေးချေလိုက်ပါ.. နင့်ရဲ့ အိမ်စာတွေအားလုံးကို ဒီနေ့အတွင်း ပြီးအောင် ငါလုပ်ပေးမယ်”
ငွေရောင်လေးနှင့်ထွင်ထျန်းဟာ “..........”
အပိုင်း(၁၀၃၃) ပြီး၏