ရုပ်ရည်ကိုအလေးပေးသောခေတ်
Vol. 69 Ch. 1034
ထိုစကားကိုထောက်၍ ဤသည်က လင်းရှစ်ယောင်၏ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာထင်ရှားနေသည်။
သူမက အိမ်စာကူပေးရသည့် အဖိုးအခကို ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့သည်။
ဤအလုပ်က အခြားလူများကို နောက်ကွယ်ကနေ အိမ်စာကူပေးရခြင်း ဖြစ်သော်လည်း လင်းရှစ်ယောင်က ပေါ်ပေါ်ထင်ထင်ပင် အိမ်စာများကို ကန်တင်း၌ ရေးနေခဲ့သည်။
တကယ်တမ်းတွင် ကွင်းဆက်လူသတ်မှု မဖြစ်ခင်အထိ လင်းရှစ်ယောင်သည် သူမ၏ အလုပ်ကို တိုက်ခန်းမှာပင် အောင်း၍ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခန်းအတွင်း အသတ်ခံရသော ကွင်းဆက် လူသတ်မှုများ ဖြစ်ပေါ်လာပြီးနောက်တွင် သူမသည် အခန်းအောင်း၍ အလုပ်မလုပ်တော့ဘဲ ကန်တင်း၌သာ အလုပ်များကို လုပ်ကိုင်တော့သည်။
သူမ၏နွေရာသီနှင့် ဆောင်းရာသီ အားလပ်ရက်တွင် လုပ်ကိုင်ရသည့် အိမ်စာကူသည့် အလုပ်သည် ကျောင်းပညာသင်ဆုကြေးထက်ပင် ဝင်ငွေ ပိုမိုများပြား၍ သူမသည် ဤအလုပ်ကို အလွန် အလေးအနက်ထား၍ လုပ်ကိုင်ခဲ့သည်။
ဤအလုပ်က သူမ၏ ကျူရှင်ခနှင့် စားဝတ်နေရေးစရိတ်အချို့ကို ကာမိသည့်အပြင် အပိုငွေများကိုပင် စုဆောင်းမိစေခဲ့သည်။
တစ်ဦးဦး၏အိမ်စာများကို အပြန်အလှန် သဘောတူညီမှုဖြင့် ကူညီပေးခြင်းသည် ဥပဒေနှင့်ဆန့်ကျင်မှုမရှိပေ။
ထို့ကြောင့် ရဲများက သိလျှင်ပင် သူမကို ဘာမှလုပ်၍ မရချေ။
ပုံမှန်အားဖြင့် မိဘများသည် သူတို့၏ သားသမီးများ အိမ်စာမပြီးသောအခါများတွင် လင်းရှစ်ယောင်ကို ကိုယ်တိုင်လာ၍ အိမ်စာများကူညီပေးရန် အလုပ်အပ်ကြလေ့ရှိသည်။
ထို့ကြောင့် လင်းရှစ်ယောင်သည် အိမ်စာ ကူရေးပေးသည့်လုပ်ငန်းတွင် ဘော့စ်တစ်ဦးဟု ဆိုနိုင်ပေသည်။
လင်းရှစ်ယောင်က စားပွဲပေါ်တွင်(QR code)ကတ်ကို တင်ပြီးနောက်၌ နောက်ကွယ်မှ တစ်စုံတစ်ယောက်နှင့် စကားပြောခဲ့သည်။
“ငါအခုအလုပ်ရှုပ်နေတယ်.. ဒီဧည့်သည်တွေကို ဧည့်ခံလိုက်ဦး”
“ဟုတ်ကဲ့”
သူမ၏နောက်မှ တစ်စုံတစ်ယောက်က အလျင်အမြန် ၊ပြန်ဖြေလိုက်သည်။
ထိုအခါမှပင် လင်းရှစ်ယောင်၏ လုပ်ငန်း၌ အကူအညီပေးသူများ ရှိနေသည်မှန်း ငွေရောင်လေး သဘောပေါက်သွားခဲ့သည်။
သူမ၏နောက်၌ အိမ်စာကူရေးပေးနေသော တက္ကသိုလ်ကျောင်းသားများမှာ စားပွဲဆယ်လုံးနှင့် အပြည့် ရှိနေသည်။
“ဒါက အိမ်စာရေးပေးတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းများလား”
ငွေရောင်လေးက အံ့ဩသွားခဲ့သည်။
ဤတက္ကသိုလ်ကျောင်းသားများမှာ လင်းရှစ်ယောင် အထူးငှားရမ်းထားသော ကျောင်းသားများ ဖြစ်သည်။
သာမန်တက္ကသိုလ် ကျောင်းသားများသည် သူမလောက်နာမည်ကျော်ကြားမှု မရှိ၍ သူမကဲ့သို့ အရေအတွက်အများအပြား မစည်းရုံးနိုင်ပေ။
သူမက သူမ၏ အိမ်စာကူရေးပေးသည့် လုပ်ငန်းကို အခြေခံ၍ အခြားအလုပ်များကို ရယူကာ တက္ကသိုလ်ကျောင်းသားများအား ခွဲဝေပေးလေ့ရှိသည်။
သူမက ထိုကျောင်းသားများနှင့် ရှယ်ယာ သဘောတူညီချက်တွင် လက်မှတ်ထိုးရုံမျှသာဖြစ်၏။
ထိုအတွက် အကျိုးဆောင် အခကြေးငွေအဖြစ် ၃၀% ကို သူမကရယူသည်။
ဤနည်းဖြင့် လင်းရှစ်ယောင်သည် သူမ၏ အိမ်စာကူရေးပေးသည့်အဖွဲ့ကို တဖြည်းဖြည်း တိုးချဲ့ခဲ့သည်။
ကန်တင်း၏ စားပွဲတစ်လုံးတွင် လူလေးယောက်ရှိပြီး စားပွဲဆယ်လုံး ရှိသဖြင့် လင်းရှစ်ယောင်၏ လက်အောက်တွင် လူလေးဆယ် အပြည့် အလုပ်လုပ်ကိုင်နေကြသည်။
ထို့အပြင် အိမ်စာကူရေးပေးသည့် အရည်အသွေးကို စိတ်ချရစေရန်အတွက် အိမ်စာနှင့် ပတ်သတ်သည့် အလုပ်များကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများကိုသာ စေခိုင်းလေ့ရှိသည်။
“ဒီမှာစာလိပ်အပိုင်းအစ ဘယ်နှခုလောက်ရှိနေလဲ”
ငွေရောင်လေးက ထွင်ထျန်းဟာကို အဓိပ္ပါယ်ပါသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
“ဒီနေရာမှာ အနည်းဆုံးခြောက်ခုတော့ ရှိတယ်”
ထွင်ထျန်းဟာက ပြန်ဖြေလိုက်သည်။
မြို့တော်ရှိအထက်တန်းကျောင်းသား အများအပြားသည် လင်းရှစ်ယောင်ကို အလုပ်အပ်ထားကြသည်။
ဤသည်က ငွေရောင်လေးနှင့်ထွင်ထျန်းဟာတို့ကို များစွာအလုပ်ရှုပ်သက်သာစေခဲ့သည်။
“မင်းငါတို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”
ငွေရောင်လေးက လင်းရှစ်ယောင်၏ အရှေ့ရှိ ခုံတွင်ထိုင်ကာ ညင်သာစွာပြုံး၍ ပြောလိုက်သည်။
ထွင်ထျန်းဟာကမူ ကုလားထိုင်ပေါ်မှ ခုန်ဆင်းက လင်းရှစ်ယောင်ကို စိုက်ကြည့်ရင်း မေးတွန့်ပြကာ နာခံမှုရှိသောအမူအရာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်သည်။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာက သူမကိုကြည်နေသော်လည်း လင်းရှစ်ယောင်သည် အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။
အစောပိုင်းတွင် ဧည့်သည်လက်ခံရန် လင်းရှစ်ယောင် အမိန့်ပေးထားသောလူသည် ငွေရောင်လေးတို့က ကိစ္စတစ်ခုခုရှိ၍ လိုက်ရှာနေသည်ကို ရိပ်စားမိလျှင် နေရာတွင်သာ ပြန်ထိုင်နေလိုက်သည်။
“ငါအခုအရမ်းအလုပ်များနေတယ်.. လူသတ်မှုတွေ အကြောင်း မေးမယ်ဆိုရင်တော့ ငါ့မှာဘာမှပြောစရာ မရှိတော့ဘူး.. ကောင်းမျိုးရိုး အရာရှိတစ်ယောက်က ငါ့ကို မေးခွန်းထုတ်ခဲ့ပြီးပြီ.. ငါထပ်မပြောချင်တော့ဘူး”
“ကောင်းမျိုးရိုး ရဲအရာရှိလား”
ငွေရောင်လေးက မှင်တက်သွားခဲ့သည်။
ကောင်းထန်းက လူသတ်မှုနှင့်ပတ်သတ်၍ တက္ကသိုလ်ကျောင်းသားများကို မေးခွန်းထုတ်ရန် လာရောက်ခဲ့သည်မှာ ထင်ရှားနေသည်။
ငွေရောင်လေးက လင်းရှစ်ယောင်၏ရှေ့တွင် စိတ်ရှည်လက်ရှည် ထိုင်စောင့်နေခဲ့သည်။
ငွေရောင်လေးတွင် အပေါဆုံးအရာမှာ အချိန်ဖြစ်၍ ကောင်းစွာ စောင့်နိုင်ပေသည်။
ရလဒ်အနေဖြင့် ငွေရောင်လေးက သူမ ရှေ့တွင် ထိုင်နေသောအခါ လင်းရှစ်ယောင်သည် စိတ်မသက်မသာ ခံစားလာရသည်။
သူမ အိမ်စာကူရေးပေးနေသော အချိန်တွင် ချောမောသောယောက်ျားလေး တစ်ယောက်က မျက်နှာချင်းဆိုင်တွင်ထိုင်ကာ စောင့်ကြည့်နေသည့်အဖြစ်မျိုး သူမတစ်ခါမှ မကြုံဖူးပေ။
စင်စစ် လင်းရှစ်ယောင်သည် မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်တွင် အလှဘုရင်မအဖြစ် ကျော်ကြားသူဖြစ်သည်။
ငွေရောင်လေးက သူမရှေ့တွင် ထိုင်ပြီး သူမ အိမ်စာလုပ်နေသည်ကို ငေးကြည့်နေသော မြင်ကွင်းသည် ပတ်ဝန်းကျင်မှလူများကို ထူးဆန်းသလို ခံစားရစေသည်။
“အဲဒီငွေရောင်ဆံပင်နဲ့ လူငယ်လေးက ဘယ်သူလဲ.. သူကအရမ်းချောတာပဲ”
“သူကအရမ်းချစ်ဖို့ကောင်းတဲ့ အမွှေးစိမ်းခွေးတစ်ကောင်ကိုလည်း ပိုင်ဆိုင်ထားတယ်”
“သူက လင်းရှစ်ယောင်ရဲ့ ချစ်သူများလား.. ဒါကြောင့် လင်းရှစ်ယောင်က ငါတို့ကို အမြဲရှောင်နေခဲ့တာ ထင်တယ်.. ဒါကသတင်းကြီးပဲ.. လင်းရှစ်ယောင်မှာ ရည်းစားရှိတယ်ဟ”
လင်းရှစ်ယောင်က ငွေရောင်လေး သူမကို စိုက်ကြည့်နေသရွေ့ ရှက်ရွံလာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ပတ်ဝန်းကျင်မှ အကြည့်များ၏ အဓိပ္ပါယ်ကို ကောင်းစွာနားလည်ခဲ့သည်။
သူမက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
ဤအတိုင်းသာ ဆက်သွားလျှင် အချစ်ရေးတွင် ဘူပိတ်သွားမည်ကို သူမ ကြောက်နေမိသည်။
“နင်ငါ့ကို ဘာမေးချင်လို့လဲ”
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် လင်းရှစ်ယောင်သည် ငွေရောင်လေး၏ တောက်ပပြီး အပြစ်ကင်းစင်သော အပြုံးကို မတွန်းလှန်နိုင်တော့ပေ။
ငွေရောင်လေးသူမကို စိုက်ကြည့်နေသရွေ့ ပုံမှန်အလုပ်လုပ်နိုင်တော့မည် မဟုတ်ဟု သူမခံစားလိုက်ရသည်။
သို့ရာတွင်သူမ ငွေရောင်လေးကို ဒေါသမထွက်နိုင်ခဲ့ပေ။
တကယ်တမ်းတွင် တက္ကသိုလ်ကျောင်းသူ အများစုသည် ထိုကဲ့သို့ အာရုံစိုက်ခံရခြင်းကို အလွန်နှစ်သက်ကြသည်။
ထို့အပြင် သူမကို စူးစိုက်ကြည့်နေသည့် လူငယ်၏ အပြုံးက သူမကိုလန်းဆန်းစေသည်မဟုတ်ပါလား။
သူမက ငွေရောင်လေးကို ကြည့်လိုက်သောအခါတွင် နေအသေးစားလေးရှေ့၌ ထိုင်နေရသလို ခံစားနေရသည်။
ငွေရောင်ဆံပင်နှင့် လူငယ်က တည်ကြည်ပြီး အပြုံးက အလွန်နွေးထွေး၏။
ထိုအပြုံးက လူအများကို ခင်မင်ရင်းနှီးလိုစိတ် အလိုအလျောက် ဖြစ်ပေါ်စေသော အပြုံးမျိုး ဖြစ်၏။
“နောက်ဆုံးတော့ မင်းငါ့ကို စကားပြောဖို့ ဆန္ဒရှိလာပြီပေါ့”
ငွေရောင်လေးက ပြုံး၍ ပြောလိုက်သည်။
“သူများတွေ အထင်လွဲမယ့် စကားမျိုး မပြောပါနဲ့.. ရှင်ဘာပြောချင်တာလဲ.. လိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ကျွန်မကိုပြောပါ”
လင်းရှစ်ယောင်က ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။
ဤမြင်ကွင်းက ထွင်ထျန်းဟာကို အလွန်မနာလို ဖြစ်စေသည်။
ငွေရောင်လေး၏ လူသားအသွင်အပြင်က ဆွဲဆောင်မှုအားကောင်းသည်မှာ သေချာ၏။
သူသည် လူသားအသွင်ကို မည်သည့်အခါမှ ပုံဖော်နိုင်မည်မှန်းသူမသိပေ။
ထွင်ထျန်းဟာက ငွေရောင်လေး၏ လူသားအသွင်အပြင်ကို စိုက်ကြည့်ကာ တွေးတောနေခဲ့သည်။
သူက သူ၏လူသားအသွင်အပြင် ရုပ်ဆိုးမည်ကို အမြဲတစေစိုးရိမ်နေခဲ့သည်။
လူသား အသွင်ဆောင်သည့် အခါတွင် သူ၏ အရေပြားနှင့် ဆံပင်များကအစ စိမ်းစိမ်းစိုစို ဖြစ်နေသည် ဟူသော အိပ်မက်မျိုး အကြိမ်ပေါင်းများစွာ မက်ခဲ့ဖူးသည်။
အကယ်၍သာ သူ၏လူသားအသွင်က ရုပ်ဆိုးလွန်းခဲ့လျှင် ထွင်ထျန်းဟာ လက်ခံနိုင်မည်မဟုတ်ပေ။
လူသားကမ္ဘာ၏ လူနေမှုဘဝနှင့် လိုက်လျောညီထွေမှု ဖြစ်အောင် နေထိုင်လာပြီးနောက်တွင် ထွင်ထျန်းဟာသည် ရုပ်ရည်အသွင်အပြင်က မည်မျှ အရေးပါသည်ကို နားလည်လာခဲ့သည်။
ဤခေတ်သည် ရုပ်ရည်ကို အလေးပေးသော ခေတ်ဖြစ်သည်မဟုတ်ပါလော။
ဆွဲဆောင်မှုရှိသော မျက်နှာလေးကို ပိုင်ဆိုင်ထားလျှင် စိတ်ပူစရာကိစ္စ အများအပြားမှ ကင်းဝေးနိုင်မည် ဖြစ်သည်။
အပိုင်း(၁၀၃၄) ပြီး၏