← Chapters

အရှေ့အရပ်မှ နတ်ဘုရားအမိန့်တော်

Vol. 93 Ch. 1430

အရှေ့အရပ်မှ နတ်ဘုရားအမိန့်တော်

Vol. 93 Ch. 1430

ကောင်းကင်သည် ပရမ်းပတာ လှုပ်ခါသွားပြီး ငါးအကြေးခွံများနှင့်ဆင်တူသော လှိုင်းများကို ဖြစ်ပေါ်လာစေသည်။ ယင်းတို့က အလွန်ကျယ်ပြောသော မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပျံ့နှံ့သွားကြသည်။

ဤသည်မှာ အစွမ်းထက်တည်ရှိမှုတစ်ခုက တိမ်တိုက်များကို ခြေမွဖျက်ဆီးလိုက်သည့်အလား တိမ်တိုက်များက ပွင့်ချပ်များသဖွယ် ကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားကြပြီး ဟင်းလင်းပြင်ကို အလှဆင်လိုက်ကြသည်။

တိမ်တိုက်များနှင့် မြူခိုးကြားထဲတွင် နှင်းစက်များက စုဝေးသွားကြပြီး အချိန်မြစ်ကို ဖွဲ့စည်းလိုက်သည်။ အချိန်မြစ်ထဲမှ လှိုင်းလုံးများက တဝုန်းဝုန်း ရွေ့လျားသွားနေစဉ် ယင်းက အဝေးမှ စီးဆင်းလာပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အပေါ်မှာ ရပ်တန့်လိုက်သည်။

အချိန်မြစ်သည် ထိုတောင်ကို ဖိနှိပ်လိုက်ပြီး တောင်ထဲမှ ကျင့်ကြံသူများကိုလည်း ဖိနှိပ်လိုက်သည်။ ယင်းက တားမြစ်ပင်လယ်ကိုပင် ဖိနှိပ်လိုက်သည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေသည် တုန်ခါသွားပြီး အကာအကွယ်စည်းချအစီအရင်သည် အပြင်းအထန် တုန်ခါသွားသည်။

ကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။ သူတို့အားလုံးက တုန်လှုပ်ချောက်ချားသွားကြပြီး သူတို့၏ ဝိညာဉ်က တုန်ယင်သွားသည်။

အရပ်မျက်နှာအဘက်ဘက်မှ ပင်လယ်ရေသည် အောက်သို့ နစ်မြုပ်သွားပြီး ဧရာမဝဲကတော့တစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက အလွန်နက်ရှိုင်းလေရာ တစ်စုံတစ်ယောက်က ယိုယွင်းပျက်စီးနေသော အလောင်းကောင်တားမြစ်နယ်မြေကိုပင် မြင်နိုင်သည်။

ယင်း၏ အရှိန်အဝါက ကြီးကျယ်ခမ်းနားပြီး ကမ္ဘာတုန်ဟီးသွားစေရန် လုံလောက်သည်။

ယင်းက ဤနေရာမှ စိတ်အာရုံအားလုံးကို ဆွဲဆောင်သွားသည်။

အင်အားစုအားလုံး၏ စိတ်အာရုံအောက်မှာ နတ်ဘုရားတစ်ပါးက ကောင်းကင်ပေါ်ရှိ လှိုင်းများကြားထဲမှ ထွက်လျှောက်လာသည်။

ထိုနတ်ဘုရားသည် နတ်ဘုရားအရှိန်အဝါမှ ဖြစ်ပေါ်လာသော ဧကရာဇ်ဝတ်ရုံနှင့် ကမ္မစွမ်းအားမှ ဖြစ်ပေါ်လာသော ဧကရာဇ်သရဖူကို ဆောင်းထားသည်။ သူ၏ မျက်နှာက အမူအရာကင်းမဲ့နေပြီး နတ်ဘုရားမီးတောက်က သူ၏ တစ်ကိုယ်လုံးမှ ပျံ့နှံ့ထွက်နေသည်။ တစ်ချိန်တည်းမှာ သေခြင်းအရှိန်အဝါက အလွန်သိပ်သည်းစွာ ပျံ့နှံ့ထွက်လာသည်။

သူ၏ မျက်လုံးသည်တော့ ကန်ရေပြင်ပမာ တည်ငြိမ်သည်။

သို့သော်လည်း ထိုကန်ရေပြင်၏ အနက်ပိုင်းထဲတွင် မဟာကပ်ဘေးက ပုန်းအောင်းနေသည်။

ယင်းက မပေါ်ထွက်လာလျှင် အဆင်ပြေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ယင်းက ပေါက်ကွဲထွက်လာမည်ဆိုလျှင် အဆုံးမဲ့သော အပျက်အစီးများက ဖြစ်ပေါ်လာလိမ့်မည်။

ယင်းက စစ်ပွဲနတ်ဘုရားအခွင့်အာဏာဖြစ်သည်။

ယခု ထွက်ပေါ်လာသော နတ်ဘုရားသည် လူသားမျိုးနွယ်၏ အလောင်းကောင်နတ်ဘုရားငါးပါးထဲမှ လူသားဧကရာဇ်ဒုန်းရှန့်သာ ဖြစ်သည်။

သူက မျက်လုံးမှိတ်ထားလျက် ထွက်ပေါ်လာသည်။ သူက ဆင်းသက်လာသည့်အခိုက် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အနက်ရောင်မျက်လုံးတစ်စုံကို ဖော်ပြလိုက်သည်။ အလွန်ပြင်းထန်သော အဖျက်အဆီးအရှိန်အဝါနှင့် စွမ်းအားက သူထံမှ ပေါက်ကွဲထွက်လာသည်။

သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စိုက်ကြည့်လိုက်သည်။

ဝုန်းခနဲ မြည်သံများကြားတွင် ဧကရာဇ်ဒုန်းရှန့်ထံမှ နတ်ဘုရားအသံက တားမြစ်ပင်လယ်ထဲမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ နွေဦးထွက်ခွာဧကရီရဲ့ အမိန့်တော်အရ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စုံစမ်းမေးမြန်းဖို့ ငါရောက်လာတာပဲ… ငါတို့မျိုးနွယ်ရဲ့ အတိုင်ပင်ခံအမတ်ရွှီချင်းကို မကောင်းကြံစည်ရဲတယ်ဆိုတော့ မင်းတို့တစ်မျိုးနွယ်လုံးက မျိုးတုံးသတ်ဖြတ်ခံချင်နေတာလား ”

ဧကရာဇ်ဒုန်းရှန့်၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံပမာ ပေါက်ကွဲထွက်သွားသည်။

နွေဦးထွက်ခွာမှာ ဧကရီ၏ တော်ဝင်ဘွဲ့နာမည် ဖြစ်သည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေထဲမှ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်ချောက်ချားသွားကြသည်။ မကောင်းဆိုးဝါးဘိုးဘေးသည်သာ မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အချိန်မြစ်သည် လှိုင်းတဝုန်းဝုန်းထလာပြီး မြစ်သည် အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ အေးစက်သော ခံစားမှုက မြစ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အလောင်းများက မြစ်ထဲမှာ ထွက်ပေါ်လာကြပြီး အော်ဟစ်ညည်းတွားလိုက်ကြသည်။

အလောင်းများသည် တားမြစ်ပင်လယ်ပေါ်မှာပင် ထွက်ပေါ်လာကြသည်။

အလောင်းကောင်တားမြစ်နယ်မြေသည် ပိုပြီးတုန်ခါလာသည်။

ယင်းက ပြန်လည်အသက်ဝင်လာနေသော လက္ခဏာများပင် ဖော်ပြလာသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြေအောက်လောကနတ်ဘုရားအခွင့်အာဏာထံမှ ဆင်းသက်လာသော အမှောင်ထုကြောင့် ဖြစ်သည်။

သေခြင်းအရှိန်အဝါ၏ လွှမ်းခြုံမှုအောက်မှာ ကောင်းကင်သည် မည်းနက်သော မြစ်တစ်စင်းသို့ ပြောင်းလဲသွားသည်။ နတ်ဘုရားတစ်ပါးသည် ထိုမြစ်ထဲမှ ထွက်ပေါ်လာသည်။

သူသည်လည်း နတ်ဘုရားအရှိန်အဝါမှ ဖြစ်ပေါ်လာသော ဧကရာဇ်ဝတ်ရုံနှင့် ကမ္မမှ ဖြစ်ပေါ်လာသော ဧကရာဇ်သရဖူကို ဆောင်းထားသည်။

ထိုနတ်ဘုရားသည် လူသားဧကရာဇ်ရွှမ်ကျန်းဖြစ်သည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အစွမ်းက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

လူသားမျိုးနွယ်၏ အလောင်းကောင်နတ်ဘုရားငါးပါးထဲမှ နှစ်ပါးက ဤနေရာကို ရောက်ရှိလာကြသည်။

ဤအခိုက်အတန့်မှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ မျိုးနွယ်ဝင်အားလုံးက တုန်လှုပ်သွားကြသည်။ မကောင်းဆိုးဝါးဘိုးဘေးသည်ပင် နှလုံးမွန်းကျပ်သွားသည်။

သူ၏ အကြည့်က အကာအကွယ်စည်းချအစီအရင်၏ အပြင်သို့ ကျရောက်သွားသည်။

တောင်အကာအကွယ်အစီအရင်၏ အရှေ့ဘက်တွင် ဖုန်းဟိုင်ဒေသငယ်မှ စစ်သည်တော်များက စီတန်းရပ်နေကြသည်။ သူတို့က သတိကြီးစွာ ထားရှိထားကြသည်။ ဤသည်မှာ သူတို့က အမိန့်ရသည်နှင့် အရာအားလုံးကို ခြေမွဖျက်ဆီးပစ်တော့မည့်အလားပင်။

တောင်ပိုင်းတွင် ဘုရင်ကျန်းယန်ရှိသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ထံမှ တစ်ဟုန်ထိုး ပေါ်လျှိုးနေပြီး သူ့နောက်မှ နန်းမြို့တော်စစ်တပ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့ကို ထုတ်လွှတ်နေသည်။

လပူဇော်ဒေသကြီးသည် မြောက်ပိုင်းမှာ ရှိသည်။ ၎င်း၏ အရှိန်အဝါက အလွန်ထက်ရှပြီး အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။

အနောက်ဘက်တွင်တော့ နတ်ဘုရားနှစ်ပါး၏ စွမ်းအားက ဤဧရိယာကို လွှမ်းခြုံထားပြီး ပင်လယ်ကို လှုပ်ခါသွားစေသည်။

အပေါ်တွင် မီးတောက်ဖီးနစ်ရှိသည်။ ၎င်းက အောက်သို့ ထိုးဆင်းလာနေခြင်းကို ရပ်တန့်ခဲ့သော်လည်း ၎င်း၏ အတောင်ပံများက တဖျပ်ဖျပ်လှုပ်ခတ်နေပြီး ကမ္ဘာတုန်လှုပ်စေနိုင်သော အင်အားကို ထုတ်ဖော်နေသည်။

အဆုံးမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို အရပ်မျက်နှာအဘက်ဘက်မှ ဝန်းရံထားသည်။

သူတို့အားလုံးက ရွှီချင်းကြောင့် ရောက်ရှိလာခြင်း ဖြစ်သည်။

မကောင်းဆိုးဝါးဘိုးဘေး၏ စိတ်ထဲမှ သက်ပြင်းချမှုက ပိုပြီးကြီးမားလာသည်။

သို့သော်လည်း ရောက်ရှိလာမှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။

ကောင်းကင်သည် ထိုအခိုက်အတန့်မှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။

ပေပေါင်းတစ်သိန်းရှည်လျားသော ဧရာမဘီလူးတစ်ကောင်သည် ကောင်းကင်ကို ဆုတ်ဖြဲလိုက်ကာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေဆီသို့ ငုံ့ကြည့်၍ ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။ ထို့နောက် ဘီလူးက ဘေးသို့ ရွေ့လျားသွားပြီး ၎င်းနောက်မှ လောကကို ထုတ်ဖော်လိုက်သည်။

မီးလျှံလရွှမ်ကောင်းကင်၏ နတ်ဘုရားတောင်တန်းသည် ဆုတ်ဖြဲခံလိုက်ရသော ကောင်းကင်နေရာမှာ ထွက်ပေါ်လာသည်။

သူတို့ကြားတွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ခြားနေသော်လည်း နတ်ဘုရားအရှိန်အဝါများက ပိုပြီးအံ့ဖွယ်ကောင်းစွာ ချက်ချင်း ပျံ့လွင့်လာကြသည်။ နတ်ဘုရားတစ်ပါးထံမှ အေးစက်စက်အသံသည် ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းမှတဆင့် တားမြစ်ပင်လယ်ပေါ်သို့ ကျဆင်းလာသည်။

“ ငါ့မျိုးနွယ်ရဲ့ မဟာရွှမ်ထျန်းစစ်သူကြီးကို ထိရဲတဲ့လူဟာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ရဲ့ ရန်သူပဲ ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း တားမြစ်ပင်လယ်သည် လှိုင်းတဝုန်းဝုန်းထလာသည်။ ပင်လယ်ရေ၏ စီးဆင်းမှုက နှေးကွေးသွားပြီး ကြီးမားသော ဖိအားက အက်ကွဲကြောင်းထဲမှ ဆင်းသက်လာသည်။ ယင်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ကာကွယ်ရေးစည်းချအစီအရင်ကို ပိုပြီးလှိုင်းထသွားစေသည်။

မကောင်းဆိုးဝါးဘိုးဘေးသည် အလွန်တည်ကြည်သွားသည်။

မီးလျှံလ၏ နတ်ဘုရားသုံးပါးက ပြစ်ချက်မဲ့အဆင့်မှာဖြစ်ပြီး မည်မျှကြောက်စရာကောင်းကြောင်း ထုံးစံအားဖြင့် သူသိသည်။

ယနေ့အဖြစ်အပျက်က ရွှီချင်းအပေါ် သူ၏ နားလည်ထားမှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

‘ ရွှီချင်းက… ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသမှာ အရမ်းအရေးပါတဲ့ ပုဂ္ဂိုလ်ပဲ… ရွှင်းထိုင်နတ်ဆိုးက သွားမထိသင့်တဲ့လူကို ရန်ပြုမိပြီ ’

မကောင်းဆိုးဝါးဘိုးဘေးက အရာအားလုံးကို နားလည်သွားသည်။ သို့သော်လည်း အကယ်၍ သူက ဝန်ခံလိုက်မည်ဆိုလျှင် ရွှီချင်းက သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ရွှင်းထိုင်နတ်ဆိုးကတော့ သေချာပေါက် သေဆုံးရလိမ့်မည်။

အကယ်၍ ရွှင်းထိုင်နတ်ဆိုးက အုပ်ချုပ်သူအဆင့်သို့ မတတ်လှမ်းနိုင်ခဲ့လျှင် ဤကိစ္စက အလွန်ရိုးရှင်းလိမ့်မည်။ သူက တရားခံကို ကိုယ်တိုင်ရှာဖွေပေးပြီး ဤကိစ္စကို ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားလိမ့်မည်။ တစ်ဖက်လူက အသတ်ခံရမည်ဆိုလျှင်ပင် ယင်းက မျိုးနွယ်စုတစ်ခုလုံး မျိုးတုံးသတ်ဖြတ်ခံရခြင်းနှင့် နှိုင်းယှဉ်လျှင် အလွန်သေးနုတ်ပေသည်။

‘ ဒါပေမဲ့… ရွှင်းထိုင်နတ်ဆိုးက အုပ်ချုပ်သူအဆင့်ကို ရောက်ရှိသွားတဲ့အချိန်မှာ သူ့ရဲ့ တည်ရှိမှုက မျိုးနွယ်စုရဲ့ အနာဂတ်ဖြစ်လာတယ် ’

ထိုသို့တွေးမိသောအခါ မကောင်းဆိုးဝါးဘိုးဘေးသည် ထပ်မံ သက်ပြင်းချလိုက်သည်။ အမှန်ကို ပြောပြရန် သူ့အတွက် မဖြစ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ သူက သက်တမ်းစေ့ရန် သိပ်မလိုတော့လေရာ ရွှင်းထိုင်နတ်ဆိုးကို ကာကွယ်ပေးရလိမ့်မည်။

ယင်းက မသေချာမှုများစွာကြားထဲမှ သူ့အတွက် အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်သည်။

‘ ရွှင်းထိုင်နတ်ဆိုး… မင်းရဲ့ ရွေးချယ်မှုက မှန်ကန်မယ်လို့ ငါမျှော်လင့်တယ် ’

မကောင်းဆိုးဝါးဘိုးဘေးက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စကားမပြောခင် အပြင်ဘက်မှ အင်အားစုအသီးသီးကို ကြည့်လိုက်သည်။

“ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေရဲ့ လက်ရှိဘိုးဘေးအနေနဲ့ ငါ့ရဲ့ တာအိုပေါ်မှာ ကျိန်ဆိုတယ် ”

“ မင်းတို့ရှာနေတဲ့ ရွှီချင်းကို ငါတစ်ခါမှ မမြင်ဖူးဘူး… ရွှီချင်းပျောက်နေတာက ငါနဲ့ ငါ့မျိုးနွယ်စုနဲ့ ဘာမှမသက်ဆိုင်ဘူး ”

“ ငါ့မျိုးနွယ်စုက… ”

မကောင်းဆိုးဝါးဘိုးဘေးက စကားဆုံးအောင် မပြောနိုင်ခင်မှာ သူ၏ အမူအရာက ရုတ်တရက် ပျက်ယွင်းသွားသည်။ သူက အမြန်အနောက်ဆုတ်သွားပြီး ကျင့်ကြံခြင်းအခြေခံကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။

စောစောတုန်းက မီးတောက်ဖီးနစ်ရောက်လာစဉ်မှာ သူက တည်ကြည်သွားခဲ့သည်။

လပူဇော်ဒေသကြီးရောက်လာသည့်အချိန်မှာ သူ၏ အမူအရာက တည်ကြည်လေးနက်သွားခဲ့သည်။

ဖုန်းဟိုင်ဒေသငယ်နှင့် လူသားမျိုးနွယ်၏ စစ်တပ် ရောက်လာသည့်အချိန်မှာ သူက နှလုံးမွန်းကျပ်သွားခဲ့သည်။

လူသားမျိုးနွယ်မှ နတ်ဘုရားနှစ်ပါး ဆင်းသက်လာခြင်းက သူ့ကို အခက်တွေ့စေခဲ့သည်။

မီးလျှံလ၏ ထွက်ပေါ်လာမှုက သူ့ကို စိုးရိမ်ကြောင့်ကြစေခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက အမှန်တကယ် တုန်လှုပ်ချောက်ချားသွားသည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း အမျိုးသမီးတစ်ယောက်၏ လက်တစ်ဖက်က လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူတော်စင်ကုန်းမြေ၏ ကာကွယ်ရေးစည်းချအစီအရင်ပေါ်သို့ ညင်သာစွာ ဖိချလိုက်သည်။

ထိုဖိချမှုကြောင့် သူတော်စင်ကုန်းမြေကို ကာကွယ်ပေးထားသော စည်းချအစီအရင်က ရုတ်တရက် တုန်ယင်သွားပြီး နားကွဲလုမတတ် ကျယ်လောင်သော မြည်သံကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာ အက်ကွဲသံများက စည်းချအစီအရင်တစ်ခုလုံးထံမှ ပဲ့တင်ထပ်လာသည်။

အက်ကွဲကြောင်းများသည် လက်ဖဝါးကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကြသည်။

ချက်ချင်းဆိုသလို အကာအကွယ်စည်းချအစီအရင်သည် ပင့်ကူအိမ်သဖွယ် ဖြစ်လာပြီး ပြိုကွဲရန် သိပ်မလိုတော့ပေ။ သူတော်စင်ကုန်းမြေ၏ တောင်က တုန်လှုပ်သွားပြီး ပမာဏများပြားသော ဝိညာဉ်စွမ်းအင်က ဒလဟော ထွက်ပေါ်လာကာ အကာအကွယ်စည်းချအစီအရင်ကို ပြုပြင်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုလက်က အရာအားလုံးကို ဖိနှိပ်ထားပြီး သီးခြားခွဲထုတ်ထားသည်။

ထိုထဲမှာ လွှမ်းမိုးဖိနှိပ်သော စိတ်ဆန္ဒတစ်ခုရှိပြီး ယင်းက စည်းချအစီအရင်ပေါ်သို့ အကြင်နာမဲ့စွာ ထပ်မံ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို တစ်လောကလုံး ပြိုကွဲပျက်စီးသွားဟန် ရ၏။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို နှစ်ထောင်ပေါင်းများစွာ ကာကွယ်ပေးခဲ့သော အကာအကွယ်စည်းချအစီအရင်ကို ချိုးဖြတ်ရန် တစ်စုံတစ်ယောက်သည် မဟာဧကရာဇ်၏ အထွတ်အထိပ်မှာ ရှိရမည်။

သို့သော်လည်း အချိန်တိုက်စားမှုကြောင့် စည်းချအစီအရင်က တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ထို့ပြင် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှာ နောက်ထပ် မဟာဧကရာဇ်တစ်ပါး မထွက်ပေါ်လာခဲ့သောကြောင့် စည်းချအစီအရင်ကို အားပြန်မဖြည့်နိုင်ခဲ့ပေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လက်ဖဝါးထံမှ စွမ်းအားက စည်းချအစီအရင်၏ နောက်ဆုံးအကန့်အသတ်ကို ချိုးဖြတ်လိုက်သည်။

ထို့နောက် စည်းချအစီအရင်သည် ကြေးမုံတစ်ခုပမာ အက်ကွဲသွားသည်။

ထိတ်လန့်ဖွယ်ကောင်းသော အက်ကွဲသံများကြားတွင် ယင်းက ချက်ချင်း ပေါက်ကွဲသွားသည်။

ယင်က အက်ကွဲသွားပြီး ပေါက်ကွဲသွားသည်။

စည်းချအစီအရင်ထံမှ မရေမတွက်နိုင်သော အပိုင်းအစများက မုန်တိုင်းတစ်ခုသို့ အသွင်ပြောင်းလဲသွားပြီး သူတော်စင်ကုန်းမြေထံသို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့်အတူ ဆင်းသက်လာသည်။

မကောင်းဆိုးဝါးဘိုးဘေးက သိသာစွာ အမူအရာပျက်ယွင်းသွားပြီး အမြန်အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ သူက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူက ကျင့်ကြံခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး မုန်တိုင်းကို ခုခံတားဆီးလိုက်သည်။

အဆုံးမဲ့သော ပေါက်ကွဲသံများက အချိန်တစ်ခဏကြာအောင် ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

နောက်ဆုံးမှာတော့ သူက မုန်တိုင်းထံမှ တစ်စိတ်တစ်ပိုင်းကိုသာ ခုခံကာကွယ်နိုင်ခဲ့သည်။

စည်းချအစီအရင်ထံမှ အပိုင်းအစ(၃၀)ရာခိုင်နှုန်းက သူတော်စင်ကုန်းမြေပေါ်သို့ ကျဆင်းသွားသည်။

သူတော်စင်ကုန်းမြေ၏ တောင်သည် ပြင်းထန်စွာ တုန်ယင်သွားသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ချက်ချင်း ထွက်ပေါ်လာကြသည်။ အထူးသဖြင့် တောင်ထိပ်ဖြစ်သည်။ ယင်းက တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများသည်တော့ အများစုက တုံ့ပြန်ရန် အချိန်မရခဲ့ကြပေ။ သူတို့က ထိုမုန်တိုင်းအောက်မှာ ပြာဖြစ်သွားကြသည်။

နောက်အခိုက်အတန့်မှာ လက်ပိုင်ရှင်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်ဖြစ်စေ၊ သန့်စင်ရေလှိုင်းဒေသကြီးဖြစ်စေ၊ လပူဇော်ဒေသကြီးဖြစ်စေ မီးတောက်ဖီးနစ်သည်ပင် ခေါင်းငုံ့လိုက်ရသည်။

“ ဧကရီကို နှုတ်ဆက်ပါတယ် ”

ယခု ရောက်ရှိလာသူသည် လူသားမျိုးနွယ်၏ နွေဦးထွက်ခွာဧကရီမှလွဲ၍ တခြားမဟုတ်ပေ။

ယင်းက သူ၏ မူလခန္ဓာကိုယ်မဟုတ်ဘဲ ပုံရိပ်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း နတ်ဘုရားယဇ်ပလ္လင်၏ စွမ်းအားက ဤနေရာမှ အရာအားလုံးကို လှုပ်ခါပစ်ရန် လုံလောက်ဆဲပင်။

သူ၏ ရှည်လျားသော ပုံရိပ်က တောင်ကြီးတစ်တောင်နှယ် မြဲမြံသည်။ ကမ္မစွမ်းအားက သူ၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်နေပြီး ထွန်းလင်းတောက်ပသော အရောင်အဝါကို ထုတ်လွှတ်ပေးနေသည်။ သူက ပြိုကွဲသွားသော စည်းချအစီအရင်၏ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်ပြီး ပျက်စီးသွားသော မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ တောင်နှင့် မျက်နှာဖြူဖျော့နေသော မကောင်းဆိုးဝါးဘိုးဘေးကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ရွှီချင်းက တကယ် ဒီမှာမရှိဘူး… သူပျောက်နေတာက နင်နဲ့ ဘာမှမဆိုင်ဘူး ”

“ ဒါပေမဲ့ နင့်ရဲ့ မျိုးနွယ်ထဲမှာ နောက်ထပ် အုပ်ချုပ်သူတစ်ပါးရှိသေးတယ် ”

“ နင်က ပူးပေါင်းဆောင်ရွက်ဖို့ လက်လျော့လိုက်မှတော့ အခုချိန်ကစပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက ချိပ်ပိတ်ခံရမယ်… တကယ်လို့ ရွှီချင်းသေသွားရင် နင့်ရဲ့ မျိုးနွယ်တစ်ခုလုံး သူ့နောက် လိုက်သွားရမယ် ”

သူ၏ စကားဆုံးသည်နှင့် နတ်ဘုရားယဇ်ပလ္လင်ထံမှ ချိပ်ပိတ်ခြင်းစွမ်းအားက အကြမ်းပတမ်း ဆင်းသက်လာပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယင်းက တောင်ပေါ်မှ မျိုးနွယ်ဝင်အားလုံးပေါ်သို့ ဆင်းသက်လာပြီး အကန့်အသတ်အချုပ်အနှောင်ကို ဖွဲ့စည်းလိုက်သည်။

ဘိုးဘေးသည်ပင် ချွင်းချက်မဟုတ်ပေ။

အကန့်အသတ်အချုပ်အနှောင်များက သူတို့ကို ရစ်ပတ်သွားသည့်အခါ ကြီးမားသော ဖိအားက သူတို့အပေါ်သို့ ဆင်းသက်လာသည်။ ယင်းက မကောင်းဆိုးဝါးမျိုးနွယ်ဝင်အားလုံးကို ဒူးထောက်ကျသွားစေသည်။ မျိုးနွယ်ဝင်အများအပြားက သွေးအန်လိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်က ပြိုကွဲသွားနေသည့် လက္ခဏာများ ပြလာသည်။

မကောင်းဆိုးဝါးဘိုးဘေးက ချိပ်ပိတ်မှုကို ခုခံရန် ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။

နောက်ဆုံးမှာတော့ သူက ခေါင်းငုံ့လိုက်ရသည်။

ဧကရီသည် လောကထဲမှာ မတ်တတ်ရပ်နေပြီး တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။ ထို့နောက် သူက နန်းဟွမ်ကုန်းမြေ၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက အတွေးနက်သွားဟန် ရ၏။ သူက အကြည့်ပြန်ရုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသထဲမှာ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်အားလုံးကို တားမြစ်ပိတ်ပင်လိုက်တယ်… ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ နယ်မြေဖြတ်မကျော်ရဘူး… ဒီအမိန့်တော်ကို အရှေ့ပိုင်းဒေသထဲက လူသားမျိုးနွယ်ရဲ့ အင်အားစုအားလုံးဆီ ပျံ့နှံ့သွားပါစေ ”

“ ငါ့မျိုးနွယ်ရဲ့ အတိုင်ပင်ခံအမတ်ကို ရှာတွေ့တဲ့ ဘယ်သူ့ကိုမဆို နတ်ဘုရားမီးတောက်အခွင့်အရေးကို အပ်နှင်းပေးမယ် ”

“ ကောင်းကင်၊ မြေပြင်၊ မြစ်ချောင်းတွေ၊ သစ်ပင်တွေ၊ သက်ရှိအားလုံးတွေ၊ ကောင်းကင်ဘုံတာအိုတွေနဲ့ နတ်ဘုရားတွေအားလုံး ငါ့ရဲ့ အမိန့်တော်ကို ကြားနာစေ ”

ဧကရီ၏ နတ်ဘုရားအသံသည် ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှာရှိသော သက်ရှိအားလုံးနှင့် တည်ရှိမှုအားလုံးထံသို့ ပျံ့လွင့်သွားသည်။ တားမြစ်ပင်လယ်ထဲမှ သက်ရှိများသည်လည်း ယင်းကို ကြားသွားကြသည်။ သူတို့အားလုံးက နှလုံးတုန်သွားကြပြီး စိတ်လှုပ်ရှားသွားကြသည်။

မရေမတွက်နိုင်သော သက်ရှိများက အံ့ဩဝမ်းသာသွားကြသည်။ မရေမတွက်နိုင်သော မျိုးနွယ်ခြားများက နှလုံးတုန်သွားကြပြီး လောဘစိတ်ဆန္ဒက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာကြသည်။

ထို့နောက် ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှ တည်ရှိမှုအားလုံးကို နှလုံးတုန်သွားစေမည့် စကားက မီးလျှံလ၏ ဦးတည်ရာထံမှ ပျံ့လွင့်လာသည်။

“ မီးလျှံလရဲ့ နတ်ဘုရားသုံးပါးက ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသမှာ အမိန့်ထုတ်ပြန်လိုက်တယ်… သက်ရှိအားလုံး နတ်ဘုရားအမိန့်တော်ကို နားထောင်ကြလော့… ”

“ မီးလျှံလရဲ့ မဟာရွှမ်ထျန်းစစ်သူကြီးရွှီချင်းကို ရှာတွေ့တဲ့ ဘယ်သူမဆို နတ်ဘုရားမီးတောက်အခွင့်အရေး အပ်နှင်းခံရမယ် ”

လူသားမျိုးနွယ်၏ အမိန့်တော်နှင့် မီးလျှံလ၏ အမိန့်တော်သည် အထွတ်အမြတ် စိတ်ဆန္ဒကို သယ်ဆောင်လျက် ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှာ ပျံ့နှံ့သွားသည်။

ယင်းက ပင်လယ်ထဲသို့ ဥက္ကာပျံတစ်စင်း ကျဆင်းသွားသည့်အလား အဆုံးမဲ့သော လှိုင်းဂယက်များကို ထွက်ပေါ်လာစေပြီး ဆူနာမီလှိုင်းလုံးများနှင့် လေဆင်နှာမောင်းကို ဖြစ်ပေါ်လာစေသည်။ ထိုလှိုင်းဂယက်များက ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှ နေရာအားလုံးကို လွှမ်းခြုံသွားသည်။

ထိုသို့ကိစ္စသည် အရှေ့ပိုင်းဒေသတွင် နှစ်ပေါင်းမြောက်များစွာကြာအောင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။

လူတိုင်းက နတ်ဘုရားမီးတောက်ကြောင့် ရူးသွပ်သွားကြပြီး ရွှီချင်းကို စတင်ရှာဖွေကြသည်။ အထူးသဖြင့် နတ်ဘုရားသက်ရှိများ ဖြစ်ကြသည်။ ၎င်းတို့က ပိုပြီးစိတ်လှုပ်ရှားနေကြသည်။

နတ်ဘုရားများသည်လည်း ချွင်းချက်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားမီးတောက်အခွင့်အရေးမှာ မီးထွန်းညှိခြင်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ပေ။ ယင်းထဲမှာ နတ်ဘုရားမီးတောက်ကို အဆင့်မြှင့်တင်နိုင်မည့် အခွင့်အရေးလည်း ပါဝင်သည်။

ဤအခိုက်အတန့်မှာ တားမြစ်ပင်လယ်ထဲတွင် သူနှင့်သက်ဆိုင်သော သဲလွန်စအားလုံးကို ဖျောက်ဖျက်ခဲ့သော ရွှင်းထိုင်နတ်ဆိုးက လူသားတစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်ပြီး အရှေ့သို့ ဂရုတစိုက် ရွေ့လျားသွားနေသည်။

သူ၏ ပခုံးပေါ်မှ အသားပိုသည်တော့ ဧရာမဓားကြီးတစ်လက်အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး သူ၏ နောက်ကျောမှာ တည်ရှိနေသည်။

“ ကောင်လေး… မင်းပုန်းနေတဲ့ စေတီက ထူးခြားတယ်ဆိုပေမဲ့ တခြားအရာတွေကို ကံတရားက ကြိုသတ်မှတ်ထားပြီးသား ”

သူက အရှေ့သို့ ရွေ့လျားသွားနေစဉ် တည်ငြိမ်စွာ အသံပို့လွှတ်လိုက်သည်။

ဧရာမဓားကြီးထဲမှ စေတီအပျက်ထဲတွင်တော့ ရွှီချင်းက မျက်လုံးမှိတ်ထားလျက် တရားထိုင်နေသည်။

All Chapters