← Chapters

ရွှင်းထိုင်နတ်ဆိုး ဖိအားခံစားရပြီ

Vol. 93 Ch. 1431

ရွှင်းထိုင်နတ်ဆိုး ဖိအားခံစားရပြီ

Vol. 93 Ch. 1431

“ ရွှီချင်းက ပျောက်နေတယ် ”

“ လူသားမျိုးနွယ်က အမိန့်ထုတ်ပြန်လိုက်တယ်… ရွှီချင်းကို ရှာတွေ့တဲ့လူကို နတ်ဘုရားမီးတောက်ရရှိနိုင်ဖို့ အခွင့်အရေးတစ်ခု ပေးအပ်မယ်တဲ့ ”

“ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကလည်း တူညီတဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်တယ် ”

လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အမိန့်တော်အပြင် သူတို့ပေးမည့် ဆုလာဘ်ကြောင့် သက်ရှိအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

လေသည် တားမြစ်ပင်လယ်မှစတင်၍ တိုက်ခတ်လာပြီး နန်းဟွမ်ကုန်းမြေနှင့် ယင်ဟွမ်ပြည်နယ်ထဲမှာ လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် ယင်းတို့က မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ဖုန်းဟိုင်ဒေသငယ်နှင့် သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ ယင်းက လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှာ ပျံ့ပွားသွားသည်။

ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲရှိ ဒေသကြီးများ၊ ဒေသငယ်များ၊ ပြည်နယ်များ၊ မျိုးနွယ်စုများ၊ အင်အားစုများနှင့် ဂိုဏ်းများသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ၎င်းတို့အားလုံးက စိတ်လှုပ်ရှားသွားကြသည်။

သူတို့က ရွှီချင်းကို ရှာဖွေရန်ဟူသော တာဝန်တစ်ရပ်ကို ချက်ချင်း ထုတ်ပြန်လိုက်ကြသည်။

ချက်ချင်းဆိုသလို ပုံရိပ်များစွာသည် မျိုးနွယ်စုအသီးသီးနှင့် အင်အားစုအသီးသီး၏ ပိုင်နက်အတွင်းမှာ ပျံသန်းသွားကြပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးရှာဖွေလိုက်ကြသည်။

ပညာရှင်ကျင့်ကြံသူတချို့သည် သူတို့၏ ဓမ္မရတနာများကိုပင် အသုံးပြု၍ လိုက်လံရှာဖွေကြသည်။

အင်အားစုတစ်ခုလုံးကို အပြင်သို့ စေလွှတ်ပြီး လိုက်လံရှာဖွေနေကြသော ဂိုဏ်းတချို့ပင် ရှိကြသည်။ တချို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ရှာဖွေကြသည်။

သို့ဖြစ်၍ ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသသည် ချက်ချင်း ဆူပူအုံကြွသွားသည်။

ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများက ရွှီချင်းကို လိုက်လံရှာဖွေနေကြသည်။

အပင်တိုင်း၊ တောင်အားလုံး၊ မြစ်အားလုံး၊ ကုန်းမြေအားလုံးနှင့် မရေမတွက်နိုင်သော နတ်ဘုရားသက်ရှိများက ဤအခိုက်အတန့်မှာ ရူးသွပ်သွားကြသည်။

နတ်ဘုရားမီးတောက်ကို ရရှိနိုင်သော အခွင့်အရေးသည် ၎င်းတို့အတွက် မဟာကံကြမ္မာကောင်းဖြစ်သည်။

တစ်ခုသိထားရမည်မှာ နတ်ဘုရားမီးတောက်ကို ထွန်းညှိသော လုပ်ငန်းစဉ်သည် အလွန်အန္တရာယ်များပြီး ထိုအတွက် ရှုပ်ထွေးသော ရိုးရာဓလေ့တစ်ခုကိုလည်း လိုအပ်သည်။ ရိုးရာဓလေ့ကို ပြင်ဆင်ရန် အချိန်ပေးရပြီး ကုန်ကြမ်းပစ္စည်းများစွာကို လိုအပ်သည်။ ထို့ပြင် ရိုးရာဓလေ့ကို ဆောင်ရွက်နေစဉ်အတွင်း မမျှော်လင့်ထားသော အနှောင့်အယှက်များက ထွက်ပေါ်လာနိုင်သေးသည်။

ဥပမာ အနီရောင်လဗိမာန်မှ နတ်ဘုရားသားတော်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဂမ္ဘီရမှော်သခင်ဖြစ်သည်။ သူတို့က ရိုးရာဓလေ့အတွက် ကြိုပြင်ဆင်ထားခဲ့သော်လည်း နောက်ဆုံးမှာတော့ ကျရှုံးသွားရဆဲပင်။

ယင်းကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားတစ်ပါးဖြစ်လာရန် မည်မျှခက်ခဲကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း လူသားမျိုးနွယ်၏ ဧကရီသည် အင်မော်တယ်မှ နတ်ဘုရားတစ်ပါးအဖြစ်သို့ လမ်းစဉ်ပြောင်းလိုက်ပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်ရှိသွားခဲ့သည်။ ယခု ဧကရီက ရွှီချင်းနှင့်ပတ်သက်ပြီး အမိန့်ထုတ်ပြန်လိုက်သည်။

ဧကရီ၏ ဒဏ္ဍာရီက ဝမ်ကူးကုန်းမြေတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီးသား ဖြစ်သည်။ ယခု သူက နတ်ဘုရားမီးတောက်အခွင့်အရေးကို အပ်နှင်းပေးမည်ဟု ပြောလာလေရာ အောင်မြင်နိုင်ခြေက သေချာပေါက် မြင့်မားလိမ့်မည်။

မီးလျှံလ၏ အမိန့်တော်သည်တော့ ထိုအခွင့်အရေးကို ပိုပြီးသွေးဆောင်လိုက်သည်။ ယင်းက မရေမတွက်နိုင်သော တည်ရှိမှုများကို ရူးသွပ်သွားစေသည်။

နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးနှင့် ပြစ်ချက်မဲ့အဆင့် နတ်ဘုရားသုံးပါးက နတ်ဘုရားမီးတောက်အခွင့်အရေးအတွက် ကတိပေးထားလေရာ အောင်မြင်နိုင်ခြေက တစ်ရာရာခိုင်နှုန်းနီးပါး မြင့်မားသည်။

သို့ဖြစ်၍ နတ်ဘုရားသက်ရှိအများအပြား၏ ဟိန်းသံများက နေရာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။ ၎င်းတို့က ကိုယ်ပိုင်နယ်မြေများအတွင်းမှာ စတင်ရှာဖွေကြသည်။

အိပ်စက်နေခြင်းမှ ပြန်နိုးထလာကြသော နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားများလည်း ရှိကြသည်။ ၎င်းတို့၏ နတ်ဘုရားအရှိန်အဝါများက ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှာ ပျံ့နှံ့သွားကြသည်။

နတ်ဘုရားများကြားတွင် ကောင်းသည် ဆိုးသည်၊ မှန်သည် မှားသည် မရှိပေ။ ၎င်းတို့က အနန္တတန်ခိုးနှင့် အနန္တအသိဉာဏ်ကိုသာ လိုချင်တောင့်တကြသည်။

အနန္တတန်ခိုးနှင့် အနန္တအသိဉာဏ်ကို ရရှိရန် ၎င်းတို့၏ နတ်ဘုရားအဆင့်အတန်းကို မြှင့်တင်ရလိမ့်မည်။

ရွှီချင်းကို ရှာဖွေခြင်းက ထိုအနန္တလမ်းစဉ်ကို လျှောက်လှမ်းရန် ခြေတစ်လှမ်းခန့် ပိုပြီးရှေ့ရောက်စေလိမ့်မည်။

သို့ဖြစ်၍ ယနေ့တွင် ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှ သက်ရှိအားလုံးက ရွှီချင်းကို လိုက်လံရှာဖွေနေကြသည်ဟု ပြောလျှင် လွန်ကြူးရာမကျပေ။

လူတိုင်းက ယင်းကို သိထားကြသည်။

ထိုသို့အဖြစ်အပျက်က နဂိုကတည်းက နာမည်ကျော်ကြားပြီးသော ရွှီချင်း၏ အမည်ကို ပိုပြီးလူသိများသွားစေသည်။ သူက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပနေသော ကြယ်တစ်လုံးနှင့် ဆင်တူသည်။

ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသမှ ထိတ်လန့်ဖွယ်ကောင်းသော လေဆင်နှာမောင်းကို တခြားဒေသများကလည်း သိရှိသွားကြသည်။ ယင်းက ရွှီချင်း၏ နာမည်ကို ပိုပြီးကျော်ကြားသွားစေသည်။ တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေထဲမှ အင်အားစုအားလုံးက အရှေ့ပိုင်းဒေသထံမှ အထွတ်အထိပ်အခွင့်အာဏာကို အာရုံခံနိုင်သွားကြသည်။

ထိုအခွင့်အာဏာသည် လူသားမျိုးနွယ်နှင့် မီးလျှံလထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

အစွမ်းထက် မျိုးနွယ်စုကြီးများဖြစ်ကြသော နီလာအင်ပါယာကုန်းမြေ၊ မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုနှင့် မြေအောက်လောကအလောင်းကောင်မျိုးနွယ်စု၏ အမြင်တွင် ရွှီချင်းကို ရှာဖွေခြင်းသည် အပေါ်ယံမျှသာ ဖြစ်သည်။

ထိုကိစ္စ၏ နောက်ကွယ်မှ စစ်မှန်သော အဓိပ္ပာယ်သည် လူသားမျိုးနွယ်နှင့် မီးလျှံလက အမှန်တကယ် မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်ကြောင်း ဝမ်ကူးကုန်းမြေဆီသို့ အသိပေးကြေညာခြင်းသာ ဖြစ်သည်။

သူတို့က ဤကိစ္စကို အသုံးပြုပြီး ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသမှာ မည်သူက အရှင်သခင်များဖြစ်ကြောင်း တခြားလူများကို အသိပေးချင်သည်။

ထို့ပြင် ဤကိစ္စက လူတိုင်းကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။

နီလာအင်ပါယာကုန်းမြေကဲ့သို့ အစွမ်းထက်သော မျိုးနွယ်စုကြီးများက ယင်းကို ရှင်းရှင်းလင်းလင်း အာရုံခံမိသွားကြသည်။

အရှေ့ပိုင်းဒေသထဲမှ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကဲ့သို့ အဝါရောင်အဆင့် သူတော်စင်ကုန်းမြေများသည်လည်း ယင်းကို အာရုံခံမိသွားကြသည်။

သူတို့က မျိုးနွယ်ဝင်များကို ချက်ချင်း ပြန်ရောက်လာရန်နှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေရန် အမိန့်ထုတ်ပြန်ခဲ့ကြသည်။ သူတို့က ဤအခိုက်အတန့်မှာ အာရုံစိုက်ခံရရန် ရှုပ်ထွေးသော မည်သည့်ပြဿနာကိုမှ မလုပ်ဆောင်ဝံ့ကြချေ။

သို့ဖြစ်၍ လူသားမျိုးနွယ်နှင့် မီးလျှံလ၏ အင်အားပြမှုအောက်မှာ ရွှီချင်းကို ရှာဖွေသော လေဆင်နှာမောင်းက ထိတ်လန့်ဖွယ်ကောင်းစွာ ပိုပြီးကြီးမားကျယ်ပြောလာသည်။ ယင်းက ကောင်းကင်ဘုံ၏ ဆန္ဒနှင့် အရာအားလုံးကို အစားထိုးသွားသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး အင်အားစုအသီးသီးကြားမှ ဆွေးနွေးမှုများသည် လေဆင်နှာမောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ဥပမာ ဤအခိုက်အတန့်တွင် ယင်ဟွမ်ပြည်နယ်နားမှ ပင်လယ်ဆင်မျိုးနွယ်၏ ကျွန်းစုတစ်ခုပေါ်တွင် ပင်လယ်ဆင်မျိုးနွယ်ဝင်များက ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲတွင် လက်တလော နာမည်ကျော်ကြားနေသော ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြသည်။

ပင်လယ်ဆင်မျိုးနွယ်သည် လူသားပုံသဏ္ဍာန်နှင့် ဆင်တူသော်လည်း လူသားများနှင့် လုံးဝကွာခြားကြသည်။

သူတို့၏ ပုံမှန်အရပ်က ဆယ်ပေခန့် ရှိသည်။ သူတို့၏ တစ်ကိုယ်လုံးကို အပြာရောင်အကြေးခွံများဖြင့် အပြည့်ဖုံးလွှမ်းထားပြီး သူတို့၏ အထင်ရှားဆုံး အသွင်သဏ္ဍာန်မှာ နှာခေါင်းရှည်များ ဖြစ်ကြသည်။ ယင်းတို့က ဆင်နှာမောင်းများသဖွယ် သူတို့၏ ရင်ဘက်ပေါ်ထိ တွဲလောင်းကျနေကြသည်။

ထို့ပြင် သူတို့၏ မျက်နှာပေါ်မှာ နွယ်ပင်အများကြီး ရှိသည်။ ယင်းက သူတို့ကို ထူးဆန်းသော အသွင်သဏ္ဍာန်အား ဖြစ်ပေါ်စေသည်။

သူတို့၏ ရုပ်အသွင်သဏ္ဍာန်က ရက်စက်ကြမ်းကြုတ်သော်လည်း သူတို့၏ စိတ်နေသဘောထားက အများကြီး နူးညံ့သိမ်မွေ့သည်။ ထို့ပြင် ပင်လယ်ဆင်ကျွန်းစုက ယင်ဟွမ်ပြည်နယ်နှင့် အလွန်နီးကပ်ပြီး အထောက်အပံ့နေရာတစ်ခုအဖြစ် တည်ရှိသည်။

သို့ဖြစ်၍ တခြားမျိုးနွယ်စုများမှ ကျင့်ကြံသူများက ကုန်ကူးသန်းရောင်းဝယ်ရန် ဤကျွန်းစုဆီသို့ ရောက်လာကြလေ့ ရှိသည်။

ဤအခိုက်အတန့်မှာ ကုန်ရောင်းဝယ်သော ဧရိယာထဲတွင် သွားလာလှုပ်ရှားနေကြသူများဖြင့် စည်ကားသက်ဝင်နေပြီး အဆုံးမဲ့သော အသံများက ပဲ့တင်ထပ်နေသည်။ သို့သော်လည်း အသံအများစုသည် ကုန်အရောင်းအဝယ်ကိစ္စအကြောင်း မဟုတ်ပေ။ ယင်းအစား ရွှီချင်း၏ နာမည်နှင့် လက်တလော လေဆင်နှာမောင်းအကြောင်းသာ ဖြစ်သည်။

“ ရွှီချင်းက ဒီမတိုင်ခင်ကတည်းက တားမြစ်ပင်လယ်ထဲမှာ အတော်လေး နာမည်ကျော်ကြားခဲ့တာ ”

“ သူက နန်းဟွမ်ကုန်းမြေကနေ ရောက်လာပြီး ချီယွဲ့ထုံဂိုဏ်းရဲ့ သတ္တမတောင်ထွတ်က တပည့်တစ်ယောက်ဖြစ်ခဲ့တယ်… ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ သူက တစ်ဆင့်ပြီးတစ်ဆင့် မြင့်တတ်သွားပြီး နာမည်ကျော်ကြားလာခဲ့တယ် ”

“ ဒါပေမဲ့ သူ့ရဲ့ ပျောက်ကွယ်မှုက ဒီလို မုန်တိုင်းဖြစ်စေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး ”

“ ဒီကိစ္စက အရမ်းကြီးမားတယ် ”

“ လူတစ်ယောက်ကြောင့် ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသတစ်ခုလုံး ပရမ်းပတာဖြစ်သွားတယ် ”

လူတိုင်းက ဆွေးနွေးနေကြစဉ် သက်လတ်ပိုင်းအရွယ် လူသားကျင့်ကြံသူတစ်ဦးသည် အဝတ်အစားထူထူကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ဧရာမဓားကြီးတစ်လက်ကို သယ်ဆောင်ထားလျက် လူအုပ်ကြားထဲသို့ ဖြတ်လျှောက်သွားသည်။ သူထုတ်ဖော်ထားသော ကျင့်ကြံခြင်းအခြေခံသည် ပြီးပြည့်စုံသော အခြေတည်အဆင့် ဖြစ်သည်။

ဆွေးနွေးသံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ သူက တည်ငြိမ်သော အမူအရာဖြင့် ယင်းတို့ကို နားထောင်နေရင်း အရှေ့သို့ ဆက်လျှောက်သွားသည်။

ထိုသက်လတ်ပိုင်းလူသည် ရွှင်းထိုင်နတ်ဆိုးမှလွဲ၍ တခြားမဟုတ်ပေ။

သူက ကမ္မနှင့် သဲလွန်စအားလုံးကို ဖုံးကွယ်ထားခဲ့သော်လည်း သူ၏ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်သော လှိုင်းများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို သူလိုအပ်နေဆဲပင်။

စောစောတုန်းက မီးတောက်ဖီးနစ်၏ စုံစမ်းစစ်ဆေးမှုက ကျရှုံးသွားခဲ့သော်လည်း ကြီးမားသော အန္တရာယ်ကို ရွှင်းထိုင်နတ်ဆိုးက ခံစားမိခဲ့သည်။

ထို့ကြောင့် သူက သတင်းစုံစမ်းရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သူက သတင်းများကို နားထောင်နေစဉ် တစ်စုံတစ်ယောက်က မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေအကြောင်း စပြောလာသည့်အခါ သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။

“ ဒီတော့ အဲ့ဒါက သူတော်စင်ကုန်းမြေဆိုရင်တောင် ဘာဖြစ်လဲ ”

“ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက လက်တလောမှာ ကောင်းမွန်တဲ့ ကိစ္စတွေကို ဆောင်ရွက်နေတယ်ဆိုပေမဲ့ အတိတ်မှာ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ ကိစ္စတွေကို နှစ်နှစ်ချိုက်ချိုက် ဆောင်ရွက်ခဲ့ကြတာ… ပြီးတော့ သူတို့က အရမ်းရဲတင်းပြီး မဆင်မခြင်လုပ်ဆောင်ကြတယ်… သူတို့က ရွှီချင်းရဲ့ ပျောက်ဆုံးမှုမှာ တကယ်ကြီး ပါဝင်ပတ်သက်နေတယ် ”

“ တကယ့် ငတုံးတွေ… ရွှီချင်းက ဘယ်သူလဲဆိုတာ သူတို့မသိကြဘူးလား ”

“ မီးတောက်ဖီးနစ်က ရွှီချင်းအတွက် ဆင်းသက်လာတယ်… ဖုန်းဟိုင်ဒေသငယ်က သူတို့ရဲ့ စစ်တပ်ကို စေလွှတ်ခဲ့တယ်… လပူဇော်ဒေသကြီးရဲ့ ပညာရှင်ကျင့်ကြံသူတွေက လွှမ်းမိုးဖိနှိပ်တဲ့ အရှိန်အဝါနဲ့ ရောက်လာကြတယ်… လူသားမျိုးနွယ်ရဲ့ နန်းမြို့တော်စစ်တပ်က သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့ ရောက်လာတယ်… မီးလျှံလရဲ့ နတ်ဘုရားသုံးပါးက သူတို့ရဲ့ စွမ်းအားကို ထုတ်ဖော်ပြခဲ့ကြတယ်… လူသားမျိုးနွယ်က နတ်ဘုရားနှစ်ပါးလည်း ရောက်လာကြတယ် ”

“ လူသားဧကရီတောင် ရောက်လာတယ်… သူက လက်တစ်ဖက်တည်းနဲ့ သူတော်စင်ကုန်းမြေရဲ့ အကာအကွယ်စည်းချအစီအရင်ကို ဖျက်ဆီးလိုက်ပြီး မကောင်းဆိုးဝါးဘိုးဘေးကို ဖိနှိပ်လိုက်တယ်… သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေတစ်ခုလုံးကို ချိပ်ပိတ်လိုက်တယ် ”

“ မင်းကြားပြီးပြီလား… တကယ်လို့ ရွှီချင်းသေသွားရင် သူတော်စင်ကုန်းမြေတစ်ခုလုံး သူနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်လို့ ဧကရီက ပြောခဲ့တယ် ”

“ ဧကရီရဲ့ နောက်ပြောတဲ့ စကားက ပိုပြီးတော့ အာဏာရှင်ဆန်တယ် ”

“ မင်းပြောတာကို ငါသိတယ်… ကောင်းကင်၊ မြေပြင်၊ မြစ်ချောင်းတွေ၊ သစ်ပင်တွေ၊ သက်ရှိတွေ၊ ကောင်းကင်ဘုံတာအိုတွေနဲ့ နတ်ဘုရားတွေ ငါ့အမိန့်ကို နာခံကြလော့ ”

ဆွေးနွေးမှုများက ဆက်လက် ဖြစ်ပွားနေပြီး တချို့လူများဆိုလျှင် ယင်းကို စိတ်အားထက်သန်စွာ ပြောနေကြသည်။

သို့သော်လည်း မည်သူမှ သတိမထားမိကြသည်မှာ လူအုပ်ကြားထဲမှ သက်လတ်ပိုင်းကျင့်ကြံသူ၏ မျက်လုံးထဲတွင် လှိုင်းတချို့ ထွက်ပေါ်လာသည်။

“ ကြည့်ရတာ မင်းရဲ့ နာမည်က ရွှီချင်းဖြစ်ပုံပဲ ”

ရွှင်းထိုင်နတ်ဆိုး၏ နတ်ဘုရားစိတ်အာရုံက သူ၏ ကျောနောက်မှ ဧရာမဓားကြီးထဲသို့ ပေါင်းစပ်သွားပြီး သူက ဖြည်းညင်းစွာ ပြောသည်။

စေတီပျက်ထဲ၌ ရွှီချင်းက တည်ငြိမ်စွာ မျက်လုံးဖွင့်လိုက်သည်။ သူက အပြင်လောကကို အာရုံမခံနိုင်သော်လည်း ရွှင်းထိုင်နတ်ဆိုး၏ စကားကို ကြားပြီးနောက် ခန့်မှန်းမှုတချို့ကို ပြုလုပ်လိုက်သည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြန်ပြောသည်။

“ ငါ့နာမည်ကို မင်းသိသွားပြီဆိုတော့ အပြင်လောကက ငါပျောက်နေတာကို သတိထားမိသွားပြီပဲ… ဒီလိုဆိုရင် မင်းရဲ့ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက အခုချိန်မှာ ဆိုးဝါးတဲ့ အခြေအနေကို ကျရောက်နေလောက်ပြီ ”

ရွှင်းထိုင်နတ်ဆိုးက စကားမပြောပေ။ သူ၏ သူတော်စင်ကုန်းမြေအကြောင်းကို စဉ်းစားမိသွားသောအခါ သူ၏ နှလုံးသားထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာ သူခံစားနေရသော ဖိအားက ကြီးမားလာသည်။

ရွှီချင်းနောက်သို့ သူလိုက်ဖမ်းခဲ့စဉ် တစ်ဖက်လူ၏ သရုပ်မှန်ကို မသိထားသော်လည်း ကြောက်စရာကောင်းသော ကမ္မချည်မျှင်များမှတဆင့် တစ်ဖက်လူက မရိုးရှင်းကြောင်း အနည်းနှင့်အများ သူခန့်မှန်းနိုင်ခဲ့သည်။ ထို့ကြောင့် သူက ရွှီချင်းကို ချက်ချင်း မသတ်ခဲ့ခြင်း ဖြစ်သည်။

သူက စိတ်ကို ကြိုပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း ဤကိစ္စက ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသကို လေဆင်နှာမောင်းဝင်လာစေခဲ့သည်။ ရွှီချင်းဟူသော ထိုလူသားကို သူလျော့တွက်ခဲ့မိကြောင်း ဝန်ခံရလိမ့်မည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ ထိုကမ္မချည်မျှင်များသည် ကြောက်စရာကောင်းသည်ထက် ပိုသည်။

“ သူတော်စင်ကုန်းမြေရဲ့ စည်းချအစီအရင်ကို လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်ဆိုတော့ အဲ့ဒီဧကရီက မဟာဧကရာဇ်အဆင့်မှာ ရှိရမယ်… ပြီးတော့ မီးလျှံလရဲ့ နတ်ဘုရားသုံးပါးက ဘယ်အဆင့်မှာလဲ မသိဘူး ”

“ ဒါပေမဲ့ ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကို အမိန့်ပေးနိုင်တယ်ဆိုတော့ ဒီကိစ္စက ငါထင်ထားတာထက် ပိုပြီးအန္တရာယ်များတာပဲ… ”

ရွှင်းထိုင်နတ်ဆိုး၏ မျက်နှာက ပိုပြီးမည်းမှောင်လာသည်။ သူက ကျွန်းပေါ်မှာ ရပ်နေစဉ် စိတ်မသက်မသာဖြစ်လာပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက မျက်မှောင်ကြုတ်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

နောက်အခိုက်အတန့်မှာ ပင်လယ်ဆင်ကျွန်းစုတစ်ခုလုံး အပြင်းအထန် တုန်ယင်လာသည်။

ထိုတုန်ခါမှုသည် ကျွန်းစုတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည်။ မရေမတွက်နိုင်သော အပင်များက ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းမှာ ကျယ်လောင်သော ပေါက်ကွဲသံက မြည်ဟိန်းထွက်လာပြီး ဧရာမဦးခေါင်းက ကျွန်းစုအပြင်၏ ပင်လယ်ပြင်ထဲမှ ရုတ်တရက် တိုးထွက်လာသည်။

ထိုဦးခေါင်းသည် မိကျောင်းတစ်ကောင်၏ ဦးခေါင်းနှင့် ဆင်တူပြီး ကျွန်းတစ်ဝက်၏ အရွယ်အစားခန့် ကြီးမားသည်။ ဦးခေါင်းတစ်ခုလုံးကို အနက်ရောင်အကြေးခွံများက ဖုံးလွှမ်းထားပြီး ၎င်းက ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နေသည်။

ဘေးပတ်ဝန်းကျင်တွင် လှိုင်းလုံးများက ပေါ်လျှိုးလာကြပြီး အံ့ဩဖွယ်ကောင်းစွာ ပျံ့နှံ့သွားကြသည်။

ပင်လယ်ဆင်မျိုးနွယ်ဝင်များသည် ထိုဧရာမတည်ရှိမှုကို မြင်သွားသောအခါ သူတို့အားလုံးက မိန်းမောတွေဝေသွားကြသည်။ ထို့နောက် သူတို့က တစ်စုံတစ်ခုကို မှတ်မိသွားကြဟန် ရသည်။ သူတို့၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားကြပြီး သူတို့က ချက်ချင်း ဒူးထောက်လိုက်ကြသည်။

မျိုးနွယ်စုထဲမှ နတ်ဆရာများက စိတ်လှုပ်ရှားစွာ ပျံသန်းထွက်လာကြပြီး ၎င်းကို ကြည်ညိုရိုသေစွာ ဦးညွတ်လိုက်ကြသည်။

ထိုနတ်ဘုရားသက်ရှိသည် နှစ်ပေါင်းများစွာကြာအောင် ပင်လယ်ဆင်မျိုးနွယ်စု၏ ကိုးကွယ်ပူဇော်ခြင်းခံခဲ့ရသော နတ်ဘုရားတစ်ပါး ဖြစ်သည်။

သို့သော်လည်း နှစ်ပေါင်းမြောက်များစွာကြာအောင် ပျောက်ကွယ်နေပြီးနောက် ထိုနတ်ဘုရားသက်ရှိက ဒဏ္ဍာရီပုံပြင်သာ ဖြစ်လာခဲ့သည်။ နတ်ဆရာများက မည်မျှဆင့်ခေါ်ပါစေ ၎င်းက လုံးဝမတုံ့ပြန်ခဲ့ပေ။

အတိတ်တွင် မျိုးနွယ်စုက သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်ခဲ့သည့်အချိန်မှာပင် ၎င်းက မထွက်ပေါ်လာခဲ့လေရာ သူတို့က တခြားကျွန်စုဆီသို့ နေရာရွှေ့ပြောင်းခဲ့ကြရသည်။

ရလဒ်အနေဖြင့် နတ်ဆရာများသည်ပင် ထိုနတ်ဘုရားက ဘိုးဘေးများ ချဲ့ကားပြောဆိုခဲ့သော ဒဏ္ဍာရီတစ်ပုဒ်သာဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ယနေ့မှတော့ ထိုနတ်ဘုရားက အမှန်တကယ် ထွက်ပေါ်လာသည်။

၎င်းက ပင်လယ်ထဲမှ ထွက်ပေါ်လာသည့်အခိုက် အလွန်ကျယ်ပြောသော နတ်ဘုရားစိတ်အာရုံကို အရပ်ရှစ်မျက်နှာဆီသို့ ထုတ်လွှတ်လိုက်သည်။

“ ရွှီချင်းကို ရှာဖွေဖို့ ငါ့ကို ကူညီပါ ”

ထိုနတ်ဘုရားစိတ်အာရုံက ပျံ့လွင့်လာသည်နှင့်ချက်ချင်း ပင်လယ်ဆင်မျိုးနွယ်ဝင်အားလုံး၏ အသိစိတ်က တုန်လှုပ်သွားသည်။ သူတို့က ဒူးထောက်လျက် ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

နတ်ဘုရားသက်ရှိသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ပြီးသည်နှင့် ပင်လယ်ရေအောက်ထဲသို့ ပြန်ဆင်းသက်သွားသည်။ ၎င်းက ၎င်း၏ ပိုင်နက်အတွင်းမှာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ထား၍ ဆက်ပြီး လိုက်လံရှာဖွေသည်။

ရွှင်းထိုင်နတ်ဆိုးသည်တော့ ထိုနတ်ဘုရားသက်ရှိ ထွက်ပေါ်လာသည့်အခိုက် သူ၏ ပုံရိပ်က ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခိုက် ပင်လယ်အနက်ပိုင်းထဲသို့ ရောက်ရှိသွားသည်။ သူ၏ အမူအရာက သုန်မှုန်နေသည်။

သူရရှိထားသော သတင်းအချက်အလက်များအရ သူက အမှန်တကယ် ဒုက္ခရောက်နေသည်။ နတ်ဘုရားသက်ရှိတစ်ကောင်၏ လိုက်လံရှာဖွေမှုကို ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရသည့်အခါ ဤကိစ္စက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုဆိုးဝါးနေကြောင်း နားလည်သွားသည်။

သို့ဖြစ်၍ ပင်လယ်ဆင်မျိုးနွယ်စုထဲတွင် သူကြားသိခဲ့ရသော စကားက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

“ ကောင်းကင်၊ မြေပြင်၊ မြစ်ချောင်းတွေ၊ သစ်ပင်တွေ၊ သက်ရှိတွေ၊ ကောင်းကင်ဘုံတာအိုတွေနဲ့ နတ်ဘုရားတွေ ငါ့အမိန့်ကို နာခံကြလော့ ”

ရွှင်းထိုင်နတ်ဆိုးက နှုတ်ဆိတ်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အေးစက်စက်အလင်းက ထွက်ပေါ်လာသည်။

“ ဒါဆိုလည်း ရွှီချင်းကို ရှာဖွေဖို့ မင်းတို့တွေ ဘယ်လောက် စိတ်ဆုံးဖြတ်ထားလဲ ကြည့်ရတာပေါ့… မင်းတို့က တကယ်ပဲ သက်ရှိအားလုံးကို အမိန့်ပေးနိုင်လို့လား ”

All Chapters