← Chapters

အခု ငါက မုဆိုး(ခ)

Vol. 93 Ch. 1435

အခု ငါက မုဆိုး(ခ)

Vol. 93 Ch. 1435

နောက်အခိုက်အတန့်မှာ မီးလျှံကြယ်က ရွှင်းထိုင်နတ်ဆိုး၏ နဖူးကို ညင်သာစွာ ထိလိုက်သည်။

ရွှင်းထိုင်နတ်ဆိုး၏ မြင့်တတ်နေသော ကျင့်ကြံခြင်းအခြေခံက ချက်ချင်း ပြိုကွဲသွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လေလျော့ခံလိုက်ရသော ပူဖောင်းတစ်လုံးနှယ် တိုက်ရိုက် ကျုံ့သွားသည်။ သူ၏ အရှိန်အဝါသော်လည်းကောင်း သို့မဟုတ် သူ၏ ခန္ဓာကိုယ်သော်လည်းကောင်း အလွန်အားနည်းသွားသည်။

သို့သော်လည်း သူက မသေဆုံးသွားခဲ့ပေ။

ထို့ပြင် မီးလျှံကြယ်၏ အသံက စိတ်ပျက်အားလျော့နေသော သူ့ကို ပိုပြီးတုန်ယင်သွားစေသည်။

“ ဒီမှာ ရှိနေတာက နင့်ရဲ့ အပြည့်အစုံမဟုတ်လို့ နင်က အမြန်သေချင်နေတာမလား ”

မီးလျှံကြယ်က တည်ငြိမ်စွာ ပြောပြီး အမှန်တရားကို ဖော်ထုတ်လိုက်သည်။

ဤနေရာတွင် ရှိနေသည်မှာ ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်အပြည့်အစုံ မဟုတ်ပေ။ ယင်းက သူ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ရွှီချင်း၏ ကြောက်စရာကောင်းသော ကမ္မချည်မျှင်များကို မြင်တွေ့သွားပြီးနောက် မည်သို့ကြောင့် သူက ကြိုမပြင်ဆင်ထားဘဲ နေမည်နည်း။ သူက အစီအစဉ်ကျရှုံးသွားသည့်အခါ သေဆုံးရမည့်ဘေးကို ရှောင်ရှားရန် ရွှီချင်းနောက်သို့ လိုက်ဖမ်းနေစဉ်အတွင်း သူ့မျိုးနွယ်၏ အင်မော်တယ်အတတ်ပညာကို အသုံးပြုခဲ့သည်။

ထိုအင်မော်တယ်အတတ်ပညာသည် ထူးဆန်းသည်။ ယင်းက တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်များကို ရေးထွင်းပြီး တခြားသက်ရှိများ၏ ခန္ဓာကိုယ်ထဲသို့ မျိုးစေ့များအနေဖြင့် ပို့လွှတ်ရသော အတတ်ပညာဖြစ်သည်။

နိုးထလာပြီးနောက် ထိုမှတ်ဉာဏ်များက ပြန်ပေါ်လာလိမ့်မည်။ ယင်းက ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူသည်။ သူ့မှတ်ဉာဏ်များ၏ သိမ်းပိုက်ခံလိုက်ရသော သက်ရှိက သူ့အတွက် ဘဝအသစ်တစ်ခု ဖြစ်လာလိမ့်မည်။

သူ၏ အစီအစဉ်အရ အကယ်၍ သူ၏ ရည်ရွယ်ချက်က အောင်မြင်သွားမည်ဆိုလျှင် ထိုအင်မော်တယ်အတတ်ပညာကို အသက်သွင်းရန် မလိုအပ်ပေ။ သို့သော်လည်း အကယ်၍ သူ၏ ရည်ရွယ်ချက်က ကျရှုံးသွားမည်ဆိုလျှင် သူ၏ သေဆုံးမှုကို အင်မော်တယ်အတတ်ပညာအား အသက်သွင်းရန်အတွက် အသုံးပြုရလိမ့်မည်။ သို့ဖြစ်၍ ရိုးရှင်းစွာပြောရလျှင် သူသေဆုံးသွားသည့်အခါ အသက်ပြန်ရှင်လာလိမ့်မည်။

သို့သော်လည်း ယခု သူက အင်မော်တယ်အတတ်ပညာကို အသက်သွင်းရန် ကြိုးစားခဲ့သော်လည်း သူ၏ သေဆုံးမှုက မအောင်မြင်ခဲ့ပေ။

ရွှီချင်းက နက်နဲစွာ စဉ်းစားလိုက်သည်။ သူက မီးလျှံကြယ်၏ ဖိနှိပ်ခံထားရပြီး မလှုပ်ရှားနိုင်ဖြစ်နေသော ရွှင်းထိုင်နတ်ဆိုးဆီသို့ လျှောက်သွားလေရာ သူ၏ မျက်လုံးထဲမှာ အေးစက်မှုဖြင့် ပြည့်နှက်သွားသည်။

သူက အနားကပ်သွားသည့်အခိုက် ရွှင်းထိုင်နတ်ဆိုးက ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ လမ်းတစ်လျှောက်လုံး သူလိုက်ဖမ်းခဲ့ပြီး သတ်ဖြတ်နိုင်ခဲ့လုနီးပါးဖြစ်ခဲ့သော လူသားကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီး အထင်သေးရှုံ့ချသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူ၏ အကြည့်ထဲမှာပင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်နေသည်။

သူက မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း သူ၏ အမူအရာမှ ဖော်ပြနေသော အဓိပ္ပာယ်က ထင်ရှားပေသည်။

အကယ်၍ ရွှီချင်းကိုသာ တစ်စုံတစ်ယောက်က မကူညီပေးလျှင် အစောကြီးကတည်းက သူ၏ သန့်စင်ခြင်းခံရပြီဟု သူက ပြောနေခြင်း ဖြစ်သည်။

မင်းက ဘာမှမဟုတ်ဘူး…

ရွှီချင်းက ထိုအမူအရာကို နားလည်ပြီး တစ်ဖက်လူက သေချင်နေကြောင်း သူသိသည်။

သို့ဖြစ်၍ သူက အနားကပ်သွားပြီးနောက် တစ်ဖက်လူ၏ သိုလှောင်အိတ်ကို ဖယ်ရှားလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်လေရာ ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် ရွှင်းထိုင်နတ်ဆိုးကို ထိုးစိုက်လိုက်သည်။

ဓားမြှောင်သည် အလွယ်တကူ ထိုးဖောက်သွားသည်။ သွေးစီးကျလာသည်နှင့် ရွှီချင်းက အမူအရာကင်းမဲ့စွာ နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။

သူက စုစုပေါင်း ရှစ်ချက်တိုင်အောင် ထိုးခဲ့သည်။

ယနေ့မတိုင်ခင်အထိ ရွှင်းထိုင်နတ်ဆိုးကို သူမြင်တွေ့ခဲ့သည်မှာ ကိုးရက်ရှိသွားပြီ ဖြစ်သည်။

သို့သော်လည်း သူက ရှစ်ကြိမ်သာ ဓားမြှောင်ဖြင့် ထိုးစိုက်ခဲ့သည်။

ရွှင်းထိုင်နတ်ဆိုး၏ တစ်ကိုယ်လုံးက သွေးလွှမ်းသွားသည်နှင့် သူ၏ အသက်ရှူသံက ပိုပြီးအားနည်းလာသည်။ ထို့နောက် ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးက ချက်ချင်း ထွက်ပေါ်လာပြီး ရွှင်းထိုင်နတ်ဆိုးကို လွှမ်းခြုံလိုက်သည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအောက်မှာ အရိပ်လေးက ချက်ချင်း ပါးစပ်ဟလိုက်ပြီး ရွှင်းထိုင်နတ်ဆိုး၏ အရိပ်ကို ဝါးမျိုလိုက်သည်။

တစ်ချိန်တည်းမှာ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တွားသွားထွက်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ပါးစပ်ဖွင့်ဟလိုက်သည်။ ၎င်းက ရွှင်းထိုင်နတ်ဆိုးဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှတဆင့် အသွေးအသားများကို အရူးအမူး ကိုက်ဝါးစားလိုက်သည်။

ဖော်မပြနိုင်သော နာကျင်မှုကြောင့် ရွှင်းထိုင်နတ်ဆိုး၏ မျက်လုံးက သွေးရောင်ပြောင်းလဲသွားပြီး သူက တအင့်အင့်ညည်းညူသံကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ မအော်ဟစ်မိစေရန် အတင်းအကျပ် ချုပ်ထိန်းထားရာမှ ထွက်ပေါ်လာသော အသံဖြစ်သည်။

သူက သေချင်သည်။

သို့သော်လည်း သူက ဖြည်းဖြည်းချင်းသာ သေဆုံးနေရသည်။

ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး ရွှင်းထိုင်နတ်ဆိုး၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။ သူက ဝိညာဉ်သန့်စင်ခြင်းကို ဆောင်ရွက်လိုက်သည်။

သူ၏ ဝိညာဉ်ချည်မျှင်များက အတော်လေး ကုန်ခမ်းသွားခဲ့လေရာ အသစ်ပြန်လည်အားဖြည့်ပေးရန် လိုအပ်သည်။

အုပ်ချုပ်သူတစ်ပါး၏ ဝိညာဉ်သည် ထိုအတွက် အသင့်တော်ဆုံးဖြစ်သည်။

နောက်အခိုက်အတန့်မှာ ရွှင်းထိုင်နတ်ဆိုး၏ တုန်ယင်နေသော ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားသည်။ ဝိညာဉ်က ပြိုကွဲသွားပြီး သန့်စင်ခံနေရသော နာကျင်မှုက ရုပ်ခန္ဓာကိုယ်၏ နာကျင်မှုထက် အများကြီး သာလွန်သည်။

သူက ရုန်းကန်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မီးလျှံကြယ်ထံမှ ဖိအားက သူ၏ ခုခံနိုင်စွမ်းအားလုံးကို ချေမွဖျက်ဆီးလိုက်သည်။

သူက စင်းနှီတုံးပေါ်မှ ငါးတစ်ကောင်အလား ရွှီချင်းကို လုပ်ချင်တိုင်းလုပ်ခွင့်ပေးထားသည်။

ဤသည်မှာ အတိတ်တွင် သူက ရွှီချင်းကို သန့်စင်ချင်ခဲ့သကဲ့သို့ ယခု ပြန်လည်ခံစားနေရသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဝိညာဉ်သန့်စင်ခြင်းကို လုပ်ဆောင်နေစဉ် ရွှီချင်း၏ ဝိညာဉ်ချည်မျှင်များက ပြန်လည်ဖွဲ့စည်းသွားကြသည်။ အဆုံးမဲ့သော နာကျင်မှုကြောင့် ရွှင်းထိုင်နတ်ဆိုးက ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။ သူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး နှလုံးကွဲကြေသော အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။

ထိုအော်ဟစ်သံကို နားထောင်နေရင်း ရွှီချင်း၏ အမူအရာက တည်ငြိမ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များက အပြည့်အဝ ပြန်ပြည့်သွားသည့်အခါ သူက အကန့်အသတ်သို့ ရောက်ရှိသွားသည်။ ထို့ကြောင့် သူက အားညိုကို ကြည့်လိုက်သည်။

အားညိုသည် ရွှီချင်းဆိုလိုချင်သော အဓိပ္ပာယ်ကို နားလည်သည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ရွှင်းထိုင်နတ်ဆိုးက တုန်ယင်နေစဉ် သူက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံခွေး၏ ပုံရိပ်က အားညို၏ အနောက်မှာ ထွက်ပေါ်လာသည်။ ၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ရွှင်းထိုင်နတ်ဆိုး၏ ဝိညာဉ်ကို လောဘတကြီး ဝါးမျိုလိုက်သည်။

ချက်ချင်းဆိုသလို ရွှင်းထိုင်နတ်ဆိုး၏ အော်ဟစ်ညည်းညူသံများက ပိုပြီးနားဝင်ဆိုးလာသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှင်းထိုင်နတ်ဆိုး၏ ဝိညာဉ်က ပြိုလဲသွားပြီး အက်ကွဲသွားသည်။ သို့သော်လည်း ဝိညာဉ်အမျှင်တန်းတစ်ခုက ကျန်ရှိနေသေးလေရာ သူက အသက်ရှင်နေဆဲပင်။

ထို့ပြင် ယင်းက အုပ်ချုပ်သူတစ်ပါး၏ ဝိညာဉ်ဖြစ်လေရာ ရွှီချင်းနှင့် အားညိုက အပြည့်အဝ မစုပ်ယူနိုင်ကြပေ။ သို့ဖြစ်၍ စုပ်ယူနေသည့်အတောအတွင်း မီးလျှံကြယ်က ဘေးမှ ကူညီပေးခဲ့သည်။ သူက ရွှီချင်းတို့မစုပ်ယူနိုင်သော ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ချေမွဖျက်ဆီးလိုက်ပြီး ဝိညာဉ်ပုလဲများအဖြစ် ပြောင်းလဲပေးခဲ့သည်။

ထိုဝိညာဉ်ပုလဲများသည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကြသည်။ ဝိညာဉ်ပုလဲတစ်လုံးသည်ပင် ကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်သည်။

ယင်းတို့က အုပ်ချုပ်သူတစ်ပါးထံမှ သန့်စင်ထားသော ဝိညာဉ်ဖြစ်လေရာ တန်ဖိုးအလွန်ကြီးမားသည်။

ရွှီချင်း၏ လက်စားချေမှုသည် ထိုမျှဖြင့် မပြီးဆုံးသေးပေ။ ဝိညာဉ်ကို သန့်စင်ပြီးနောက် သူ၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်း ထွက်ပေါ်လာသည်။ ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည့်အခါ နေတစ်စင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး လေထဲသို့ မြှောက်တတ်သွားသည်။ တစ်ချိန်တည်းမှာ ရွှေကျီးကန်းက နေလုံးထဲမှ ထွက်ပေါ်လာပြီး သက်ရှိအားလုံးကို သန့်စင်နိုင်သော မီးတောက်ကို မှုတ်ထုတ်လိုက်သည်။

ထိုမီးတောက်သည် အင်မော်တယ်အလင်းဖြင့် ပေါင်းစပ်သွားပြီး ကြောက်စရာကောင်းသော အင်အားကို ဖွဲ့စည်းလိုက်ကာ ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

နောက်ဆုံးမှာတော့ ရွှေကျီးကန်းနှင့် မီးတောက်များ၏ ဝါးမျိုမှုအောက်မှာ ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်က လောင်ကျွမ်းခံလိုက်ရပြီး သန့်စင်ခံလိုက်ရသည်။

ရွှီချင်းက ရွှင်းထိုင်နတ်ဆိုး၏ ပယ်ဖျက်ခြင်းအခွင့်အာဏာကို သန့်စင်နိုင်မည်လော ကြိုးစားကြည့်နေခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်က ဝါးမျိုခံလိုက်ရပြီး ပျက်စီးနေသော ကတ်ကြေးတစ်လက်သာ မြေပြင်ပေါ်တွင် ကျန်နေခဲ့သည်။

ရွှီချင်းက ကတ်ကြေးကို ကောက်ယူလိုက်ပြီး သိမ်းဆည်းလိုက်သည်။ ရက်စက်ကြမ်းကြုတ်မှု ကိန်းအောင်းနေသော အေးစက်စက် အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

‘ မင်းက ငါ့ကို သန့်စင်ချင်မှတော့ မင်းမှာရှိသမျှအားလုံးကို ငါသန့်စင်ပစ်မယ် ’

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက အနောက်လှည့်လိုက်ပြီး ယုလျှိုချန်းနှင့် မီးလျှံကြယ်ကို ကြည့်လိုက်သည်။

ယုလျှိုချန်းက လက်ဖက်ရည်ခွက်ကို အောက်ချလိုက်သည်။ သူက ရွှီချင်းကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်း ငါ့အပေါ်မှာ အကြွေးတင်နေတယ်… ဒီကိစ္စတွေကို မင်းဖြေရှင်းပြီးသွားတဲ့အခါကျရင် ငါမင်းကို လာရှာမယ် ”

ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်က ဝေဝါးလာပြီး ဘေးပတ်ဝန်းကျင်မှ ဝါးတောနှင့်အတူ ပျောက်ကွယ်သွားသည်။

သူထွက်သွားပြီးနောက် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ကျယ်ပြောသော သဲကန္တာရအဖြစ် ပြောင်းလဲသွားသည်။

မီးလျှံကြယ်သည်တော့ ရွှင်းထိုင်နတ်ဆိုး ပျောက်ကွယ်သွားသောနေရာကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။

“ ဒီညစ်ပတ်တဲ့ကောင်ရဲ့ အကြွင်းအကျန်ကို ရှာဖွေဖို့ ငါကူညီပေးရမလား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်ရဲ့ ကျေးဇူးကို ကျွန်တော်မှတ်ထားပါမယ်… ကျန်တာကိုတော့ ကျွန်တော့်ဘာသာပဲ ဆောင်ရွက်လိုက်ပါ့မယ် ”

မီးလျှံကြယ်၏ နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူက ယုလျှိုချန်းကဲ့သို့ တူညီသော စကားများကို ပြောခဲ့သော်လည်း အဓိပ္ပာယ်က အနည်းငယ် ကွာခြားဟန် ရ၏။

“ ဟုတ်ပြီ… နင် ငါ့အပေါ်မှာ အကြွေးတင်သွားပြီ… ဒီကိစ္စတွေအားလုံးကို နင်ဖြေရှင်းပြီးတဲ့အခါကျရင် နင့်ကို ငါလာရှာမယ် ”

မီးလျှံကြယ်က စကားပြောနေရင်း နှုတ်ခမ်းသပ်လိုက်လေရာ သူ၏ ဆွဲဆောင်မှုက ပိုပြီးအားကောင်းလာသည်။

ရွှီချင်းက တုံ့ဆိုင်းသွားသည်။

မီးလျှံကြယ်က ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။ သူက နတ်စင်ဆီသို့ လျှောက်သွားစဉ် သူ၏ ကြော့ရှင်းတင့်တယ်သော ကိုယ်လုံးလေးက လှုပ်ယမ်းသွားသည်။ သူက နတ်စင်ပေါ်မှာ ထိုင်ချလိုက်သည့်အခါ ရွှံ့ရုပ်တုအဖြစ် ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ ရွှံ့ရုပ်တုများသည် နတ်စင်ကို ထမ်းရွက်လိုက်ကြပြီး အရှေ့သို့ ရွေ့လျားသွားကြသည်။ မကြာမီ ၎င်းတို့က မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားကြသည်။

သဲကန္တာရထဲတွင် ရွှီချင်းနှင့် အားညိုသာ ကျန်နေခဲ့သည်။

အားညိုက ရွှီချင်းကို ကြည့်လိုက်ပြီး ပြုံးသည်။

“ ချင်းလေး… မင်းဘာဆက်လုပ်မလဲ ”

အေးစက်မှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။ သူ၏ အကြည့်က တားမြစ်ပင်လယ်ပေါ်သို့ ကျရောက်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားပြောလိုက်သည့့်အခါ သူ၏ အသံက ထက်ရှသော ဓားသွားပမာ ပျံ့လွင့်သွားသည်။

“ သူငါ့ကို ဓားတစ်ချက် အကြွေးတင်နေသေးတယ်… အခုက သူ့ကို ငါအမဲလိုက်ရမယ့် အလှည့်ပဲ ”

…..

တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲတွင် ဧရာမရေဒိုင်နိုဆောတစ်ကောင်က ၎င်း၏ သားကောင်ကို လိုက်ဖမ်းနေသည်။

၎င်း၏ ဧရာမခန္ဓာကိုယ်က ပင်လယ်ရေအောက်ထဲတွင် အရှိန်မြင့်စွာ ရွေ့လျားနေသည်။ သို့သော်လည်း ၎င်းက သားကောင်ကို လိုက်မီသွားပြီး ဝါးမျိုရန် ပါးစပ်ဟလိုက်စဉ် ၎င်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားသည်။ ၎င်း၏ မီးခိုးရောင်မျက်လုံးထဲမှာ ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။

၎င်းကိုယ်ပိုင်မဟုတ်သော မှတ်ဉာဏ်များက ၎င်း၏ စိတ်ထဲမှာ ဒလဟော ထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားကာ အရာအားလုံးကို ရိုက်ခတ်သွားသည်။ ယင်းက ၎င်း၏ ဧရာမခန္ဓာကိုယ်ပေါ်လည်း သက်ရောက်သွားပြီး တိုက်ရိုက် ပြိုကွဲသွားစေသည်။

အသွေးအသားများက အရပ်ရှစ်မျက်နှာဆီသို့ ပြန့်ကျဲသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ထိုအသွေးအသားအပိုင်းအစများက မြန်ဆန်စွာ ပြန်ပေါင်းစည်းသွားပြီး လူသားခန္ဓာကိုယ်တစ်ခုကို တည်ဆောက်လိုက်သည်။

သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အစတွင် သူက မိန်းမောတွေဝေသွားသည်။ ထို့နောက် မိန်းမောတွေဝေမှုက ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာက မည်းမှောင်သွားသည်။

“ ငါ့ရဲ့ မူလခန္ဓာကိုယ်က ကျရှုံးသွားပြီ ထင်တယ် ”

သူက တီးတိုးရေရွတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို သတ်လိုက်တဲ့လူက အဲ့ဒီကောင်လေးနဲ့ ကမ္မဆက်စပ်နေတဲ့ လူတွေထဲက တစ်ယောက်လားဆိုတာ ငါသိချင်မိသား… ”

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေမှာ ငါက အရမ်းအားနည်းနေပြီး အုပ်ချုပ်သူစွမ်းအားကို မပိုင်ဆိုင်တော့ဘူး… ဒီလိုဆိုမှတော့ အရင်အစီအစဉ်အတိုင်း အချိန်တစ်ခုထိ ပုန်းအောင်းဖို့ နေရာတစ်နေရာ ရှာဖွေရမယ် ”

ထိုသို့စဉ်းစားပြီးနောက် ရွှင်းထိုင်နတ်ဆိုးသည် သူ၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်သူ ဖုံးကွယ်နေရင်း အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

All Chapters