← Chapters

မကောင်းဆိုးဝါးမျိုးနွယ် မျိုးတုန်းသတ်ဖြတ်ခံရခြင်း

Vol. 93 Ch. 1439

မကောင်းဆိုးဝါးမျိုးနွယ် မျိုးတုန်းသတ်ဖြတ်ခံရခြင်း

Vol. 93 Ch. 1439

“ ဘိုးဘေး ”

မိုးကုပ်စက်ဝိုင်းထဲတွင် မကောင်းဆိုးဝါးဘိုးဘေးက ဧကရီ၏ နတ်ဘုရားအခွင့်အာဏာအောက်မှာ သုတ်သင်ခံလိုက်ရစဉ် ရွှင်းထိုင်နတ်ဆိုးက သက်ပြင်းချလိုက်သည်။

ဝမ်းနည်းငိုကြွေးသော အသံများသည် မကောင်းဆိုးဝါးမျိုးနွယ်ဝင်များထံမှ ထွက်ပေါ်လာသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ အဆုံးမဲ့စွာ ကျယ်ပြောသော မီးတောက်ပင်လယ်က အရာအားလုံးကို ဝါးမျိုသွားသည်။

မီးတောက်၏ အဖျက်စွမ်းအားသည် သူတော်စင်ကုန်းမြေထဲမှ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ မကောင်းဆိုးဝါးဘိုးဘေး မထွက်ပြေးခင် ဖွင့်လှစ်ခဲ့သော ရှေးဟောင်းကျောက်တံခါးသည်လည်း မီးတောက်ကြောင့် ပြန်ပိတ်သွားသည်။

ထို့နောက် စစ်တပ်များက ချက်ချင်း အထဲဝင်သွားကြသည်။

ဤသည်မှာ ဧရာမလက်ဝါးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အလားပင်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ တောင်ပေါ်သို့ ကျဆင်းလာသည်။

သေခြင်းအငွေ့အသက်သည် မကောင်းဆိုးဝါးမျိုးနွယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဤအခိုက်အတန့်မှာ မကောင်းဆိုးဝါးမျိုးနွယ်ဝင်များသည် ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်ခြင်းကို ခံစားမိသွားကြသည်။ တချို့သည် ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

တချို့သည် ရူးသွပ်သွားကြသည်။

ဘိုးဘေးသေဆုံးပြီးနောက် မျိုးနွယ်၏ စိတ်ဆန္ဒကို ကိုယ်စားပြုသော အကြီးအကဲများသည် မျက်လုံးနီရဲသွားကြသည်။ သူတို့က အသီးသီး ပျံသန်းထွက်လာကြပြီး မျိုးနွယ်တစ်ခုလုံးကို ဆင့်ခေါ်ကာ ခုခံရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မြည်သံနှင့်အတူ ဧရာမလက်ဝါးက ဆင်းသက်လာသည်။

တောင်သည် အပြင်းအထန် လှုပ်ခါသွားသည်။

မကောင်းဆိုးဝါးကျင့်ကြံသူများ၏ ခုခံမှုသည် ထိုလက်ဝါးအောက်မှာ ချက်ချင်း ပြိုကွဲသွားသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်က အက်ကွဲသွားပြီး မရေမတွက်နိုင်သော မကောင်းဆိုးဝါးကျင့်ကြံသူများက သွေးအန်လိုက်ကြသည်။

သို့သော်လည်း ထွက်ပြေးနေကြသူများနှင့် ရုန်းကန်နေကြသူများက ရှိနေဆဲပင်။

မည်သို့ဖြစ်ပါစေ ဧရာမလက်ဝါး၏ အရှိန်အဝါအောက်မှာ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ သူတို့က မည်သို့ထွက်ပြေးပါစေ ပြိုကွဲသွားကြသည်။

ဧရာမလက်ဝါးကို ဖွဲ့စည်းထားသော စစ်တပ်များသည် ပျားအုံများသဖွယ် ‌တောင်ပေါ်သို့ ဆင်းသက်လာကြသည်။ သူတို့ဆင်းသက်လာသည့်အခိုက် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။

ချက်ချင်းဆိုသလို နှလုံးကွဲကြေသော အသံများ၊ ရူးသွပ်သော ဟိန်းသံများနှင့် အော်ဟစ်ညည်းညူသံများသည် နေရာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။

တောင်သည် ပိုပြီးပြင်းထန်စွာ လှုပ်ယမ်းလာသည်။ အက်ကွဲကြောင်းများက တောင်၏ မျက်နှာပြင်ပေါ်မှာ ပျံ့နှံ့သွားကြပြီး ကျောက်ဆောင်ကျောက်တုံးများက ပြိုကျလာကြသည်။

သတ်ဖြတ်မှုသည် နေရာတိုင်းမှာ ဖြစ်ပွားနေသည်။

လူသားမျိုးနွယ်၊ ဖုန်းဟိုင်ဒေသငယ်၊ လပူဇော်ဒေသကြီးနှင့် ချီယွဲ့ထုံဂိုဏ်းမှ စစ်သည်တော်များသည် အရေအတွက် အလွန်များပြားသည်။ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ တောင်က အလွန်ကျယ်ပြောသော်လည်း ထိုမျှများပြားသော အရေအတွက်ကို ဝင်မဆံ့ပေ။

သို့ဖြစ်၍ လက်ရွေးစင်ကျင့်ကြံသူများ၏ တစ်စိတ်တစ်ပိုင်းသည်သာ အထဲသို့ ဝင်ရောက်နိုင်ကြသည်။

သို့တိုင်အောင် သူတို့က တောင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်ဆဲပင်။

ချက်ချင်းဆိုသလို ပြင်းထန်သော တိုက်ပွဲကြားထဲမှာ မကောင်းဆိုးဝါးကျင့်ကြံသူများ၏ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲသွားကြသည်။

တောင်အပြင်ဘက်မှ ကျင့်ကြံသူများသည်တော့ ဘေးပတ်ဝန်းကျင်မှာ ချုပ်နှောင်ခံလိုက်ရကြသည်။

သူတို့က မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ နယ်နိမိတ်အတွင်းရှိ ကောင်းကင်၊ မြေပြင်၊ ဟင်းလင်းပြင်၊ ဥပဒေသများနှင့် တားမြစ်ပင်လယ်ကို စည်းချအစီအရင်များဖြင့် ချိပ်ပိတ်ထားကြသည်။ သို့ဖြစ်၍ မကောင်းဆိုးဝါးကျင့်ကြံသူများသည် သူတော်စင်ကုန်းမြေထဲမှ မထွက်ခွာနိုင်ကြချေ။

သူတို့ကို စောင့်ကြိုနေသည်မှာ မျိုးနွယ်တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သူတို့မှာ တခြားရွေးချယ်စရာမရှိပေ။

ရွှီချင်း၏ ပုံရိပ်သည်တော့ သူတော်စင်ကုန်းမြေထဲမှ သတ်ဖြတ်သံများကြားထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ အသံနတ်ဘုရားအခွင့်အာဏာကို တိတ်တဆိတ် ထုတ်လွှတ်ထားလေရာ အသံရှိသော နေရာတိုင်းမှာ သူထွက်ပေါ်လာလိမ့်မည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း သေဆုံးမှုက ဖြစ်ပွားလိမ့်မည်။ ဦးခေါင်းပြတ်များက လေထဲသို့ မြှောက်တတ်သွားပြီး အသွေးအသားများက နေရာအနှံ့သို့ ပြန့်ကျဲသွားလိမ့်မည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ကို လှုပ်ခါသွားစေသည်။

သူက သတ်ဖြတ်ရလိမ့်မည်။

လွန်ခဲ့သော ဆယ်ရက်အတွင်းမှာ သူက စိုးရိမ်ကြောင့်ကြခဲ့ရသည်။ အထူးသဖြင့် သူက လေလွင့်ခွေးတစ်ကောင်ကဲ့သို့ လိုက်ဖမ်းခံခဲ့ရသည်။

သူ၏ ခန္ဓာကိုယ်က ထပ်ခါတလဲလဲ ပြိုလဲခဲ့ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ယခု ထိုနာကျင်မှုက ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းသည် အနိုင်ကျင့်ခံရခြင်းကို သဘောကျသောလူ မဟုတ်ပေ။

သတ်ဖြတ်ခြင်းသည် သူ့ဘဝ၏ စံသတ်မှတ်ချက် ဖြစ်သည်။

အစတွင် သူတော်စင်ကုန်းမြေသည် သူနှင့် လိုက်လျောညီထွေဖြစ်စွာ နေထိုင်နိုင်သည်။

သူက သူတော်စင်ကုန်းမြေနှင့် စောစီးစွာ မတိုက်ခိုက်ချင်ပေ။ သူက ရွှေကျီးကန်းနဂါးရထားလုံးကိုသာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း အုပ်ချုပ်သူ၏ သားနှင့် တာအိုအစောင့်အရှောက်များက သူ့အပေါ်မှာ လောဘစိတ် မရှိခဲ့သင့်ပေ။

ထိုသို့ဆိုမှတော့ သူက သတ်ဖြတ်ရလိမ့်မည်။

လေသည် ပင်လယ်၏ မျက်နှာပြင်ပေါ်မှ မြှောက်တတ်လာပြီး လှိုင်းလုံးများကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ပင်လယ်ရေသည် ဤနေရာမှ သတ်ဖြတ်ခြင်းအငွေ့အသက်များကို စုစည်းလိုက်ပြီး အရှေ့သို့ ရွေ့လျားသွားသည်။

တောင်ခြေတွင်တော့ မကောင်းဆိုးဝါးမျိုးနွယ်မှ ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်သည် ရူးသွပ်သော အမူအရာဖြင့် ဘိုးဘေးရွှယ်လျန်ဇီကို တိုက်ခိုက်နေသည်။

ဘိုးဘေးရွှယ်လျန်ဇီက အသက်ကြီးနေပြီဖြစ်သော်လည်း သူတော်စင်ကုန်းမြေထဲသို့ ဝင်ရောက်ခဲ့သော ပထမအသုတ်ထဲမှာ ပါဝင်ခဲ့သည်။ ရွှီချင်း၏ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သူက အပြစ်ရှိစိတ်ကို ခံစားနေရဆဲပင်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ သူက အစွမ်းကုန် ထုတ်သုံးလိုက်သည်။

“ မင်းတို့က ငါ့ရဲ့ မြေးတပည့်ကို ထိရဲတယ်ဆိုမှတော့ မင်းတို့အားလုံးကို ငါအမြစ်ဖြုတ်ပစ်မယ် ”

ရွှယ်လျန်ဇီ၏ နှလုံးက အေးစက်သွားသည်။ သူက မရေမတွက်နိုင်သော သွေးနီရောင်ခြည်မျှင်များအဖြစ် အသွင်ပြောင်းလဲသွားပြီး မြင်မြင်သမျှ မကောင်းဆိုးဝါးကျင့်ကြံသူများထံမှ အသွေးအသားများကို စုပ်ယူလိုက်သည်။

ရူးသွပ်မှုက ထိုမကောင်းဆိုးဝါးကျင့်ကြံသူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယနေ့ သူက မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက တစ်စုံတစ်ယောက်ကို သူနှင့်အတူ ဆွဲချသွားချင်သည်။ သူ၏ မျက်လုံးက နီရဲလာသည်နှင့် သူက ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်သည်။ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ လေတိုက်ခတ်လာပြီး သေမင်းပုံရိပ်က လေတိုးဝှေ့သံထဲမှာ ထွက်ပေါ်လာသည်။ ၎င်းက မကောင်းဆိုးဝါးကျင့်ကြံသူ၏ အနောက်မှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး သူ့ကို အကြင်နာမဲ့စွာ ခေါင်းဖြတ်လိုက်သည်။

ဦးခေါင်းပြတ်သည် လေထဲသို့ မြှောက်တတ်သွားသည်။

ထိုကျင့်ကြံသူ နောက်ဆုံးမြင်လိုက်ရသည်မှာ ချာချာလည်သွားသော လောကကြီး ဖြစ်သည်။ သို့သော်လည်း မည်သူက သူ့ကို သတ်လိုက်ကြောင်း မမြင်နိုင်ခဲ့သည်မှာ စိတ်မကောင်းစရာပင်။ ထို့နောက် ရွှယ်လျန်ဇီ၏ သွေးနီရောင်ခြည်မျှင်များက သူ့ကို လွှမ်းခြုံသွားပြီး ဝါးမျိုလိုက်သည်။

သတ်ဖြတ်မှုသည် ဆက်လက် ဖြစ်ပွားနေသည်။

ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က သူတော်စင်ကုန်းမြေကို ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် သူတော်စင်ကုန်းမြေထဲမှာ အလောင်းများက အချိန်နှင့်အမျှ တိုးပွားလာနေကြောင်း မြင်နိုင်လိမ့်မည်။

လူတိုင်းက အရူးအမူး သတ်ဖြတ်နေကြသည်။

အားညိုသည်လည်း ထို့အတူပင်။

သူက မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များအဖြစ်သို့ အသွင်ပြောင်းလဲလိုက်ပြီး အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။ ပိုးကောင်များ ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက အေးခဲသွားလိမ့်မည်။

သူ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးရှိသည်။ သူ့နောက်တွင် တအင့်အင့်ညည်းသံကိန်းဝပ်နေသော အေးစက်စက်လေပြေက လိုက်ပါလာသည်။

“ သူတော်စင်ကုန်းမြေဆိုတာ ဘာမှမဟုတ်ဘူး ”

တစ်ချိန်တည်းမှာ တခြားဦးတည်ရာတွင် ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် မကောင်းဆိုးဝါးကျင့်ကြံသူတစ်ယောက်က ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရစဉ် အမြန်အနောက်ဆုတ်သွားသည်။ အဝေးမှ သူမြင်နိုင်သည်မှာ မျက်စိတစ်ဆုံး ပြည့်နှက်နေသော အလောင်းများ ဖြစ်ကြသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက သူတော်စင်ကုန်းမြေ၏ နေရာတိုင်းမှာ ဖြစ်ပွားနေသည်။ သွေးနံ့နှင့် အော်ညည်းသံများက သူ၏ စိတ်အာရုံထဲမှာ ပြည့်နှက်နေသည်။

သေခြင်းတရား၏ ချဉ်းကပ်လာမှုက သူ၏ နှလုံးကို အပြင်းအထန် တုန်သွားစေသည်။ သို့ဖြစ်၍ သူက အနောက်ဆုတ်သွားနေရင်း အရာအားလုံးကို လျစ်လျူရှုလျက် ဤနေရာမှ ထွက်ပြေးရန် လျှို့ဝှက်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။

သူက အောင်မြင်ရန် လမ်းတစ်ဝက်ထိ ရောက်ရှိသွားသည်။

ထိုလျှို့ဝှက်အတတ်ပညာအောက်မှာ သူ၏ တစ်ကိုယ်လုံးက သွေးနီရောင်အလင်း တောက်ပလာပြီး သူက အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်မှုကြားထဲမှ လွတ်မြောက်သွားသည်။ သို့သော်လည်း အပြင်လောကမှ စည်းချအစီအရင်များ၏ ပိတ်လှောင်ထားမှုကြောင့် သူက အပြင်သို့ အပြည့်အဝ တည်နေရာမပြောင်းရွှေ့နိုင်ပေ။ သို့ဖြစ်၍ သူက သူတော်စင်ကုန်းမြေ၏ တောင်အောက်ခြေမှာသာ ပြန်ထွက်ပေါ်လာသည်။

သူထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ခင် လေက သူ၏ မျက်နှာပေါ်သို့ တိုက်ခတ်လာသည်။

အစောနက ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက နှလုံးတုန်သွားပြီး ချက်ချင်း အနောက်ဆုတ်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ လေက သူ၏ ဦးခေါင်းကို ပိုင်းဖြတ်သွားသည်။

လောကက သူ၏ စိတ်အာရုံထဲမှာ နှေးကွေးသွားပြီး သူ၏ အမြင်က မည်းမှောင်သွားသည်။

သွေးသည် ပန်းထွက်လာပြီး အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဦးခေါင်းပြတ်သည်တော့ လေထဲမှ ထွက်လျှောက်လာသော ပုံရိပ်တစ်ခု၏ လက်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူက ဦးခေါင်းပြတ်ကို သယ်ဆောင်ပြီး လေနှင့်အတူ ထပ်မံ ပျောက်ကွယ်သွားသည်။

သူပြန်ပေါ်လာသည့်အခါ တောင်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။

ဤနေရာတွင် အလောင်းများက ပိုမိုများပြားသည်။ မကောင်းဆိုးဝါးမျိုးနွယ်အတွက်တော့ အခြေအနေက လုံးဝမျှော်လင့်ချက်မရှိပေ။

အင်အားစုနှစ်ခုကြားမှ စွမ်းအားကွာခြားမှုက အလွန်ကြီးမားလေရာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ခုခံမှုက အချည်းနှီးသာ ဖြစ်၏။ သူတို့၏ ရုန်းကန်မှုက အချိန်အနည်းငယ် ပိုကြာအောင် အသက်ရှင်နိုင်ရုံမျှသာ လုပ်ဆောင်ပေးနိုင်သည်။ သို့သော်လည်း ထိုအတွက် သူတို့ပြန်ပေးဆပ်လိုက်ရသည်မှာ ဆိုးဝါးသော ဒဏ်ရာများနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံရမှု ဖြစ်သည်။

ဝိညာဉ်စုစည်းခြင်းအဆင့် အကြီးအကဲများသည်ပင် အိမ်ရှေ့စံမင်းသား၊ ဘုရင်ကျန်းယန်နှင့် တခြားလူများ၏ တိုက်ခိုက်မှုအောက်မှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြသည်။

အနီရောင်တိမ်တိုက်များက ကောင်းကင်ပေါ်မှာ စုဝေးသွားပြီး သွေးမိုးရွာသွန်းလာသည်။

မီးတောက်များက ဆက်လက် လောင်ကျွမ်းနေဆဲပင်။ မီးတောက်၏ လောင်ကျွမ်းမှုကြောင့် သွေးမိုးက အနီရောင်မြူခိုးအဖြစ် ပြောင်းလဲသွားပြီး သူတော်စင်ကုန်းမြေကို ဖုံးလွှမ်းသွားသည်။

ရွှီချင်းက လူသားလောကထဲမှာ လမ်းလျှောက်နေသော သေမင်းနတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။ သွေးမြူခိုးကြားထဲတွင် သူက တောင်ခြေမှစ၍ တောင်ထိပ်ပေါ်သို့ လျှောက်သွားသည်။

သူက ပစ်မှတ်များကို မရွေးချယ်ခဲ့ပေ။ သူတို့ဆီမှာ မည်သည့်ကျင့်ကြံခြင်းအခြေခံရှိပါစေ မကောင်းဆိုးဝါးကျင့်ကြံသူဖြစ်နေသရွေ့ သူက သတ်ပစ်လိမ့်မည်။

ထို့ကြောင့် သူက ဗလာနတ္ထိအဆင့်ကျင့်ကြံသူများ၊ ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူများ၊ ဝိညာဉ်နတ်သူငယ်အဆင့်ကျင့်ကြံသူများနှင့် ရွှေအမြူတေအဆင့်ကျင့်ကြံသူများကိုပင် အလွတ်မပေးဘဲ သတ်ဖြတ်ခဲ့သည်။

သို့ဖြစ်၍ သွေးနံ့က တဖြည်းဖြည်း ပိုသိပ်သည်းလာသည်။ သွေးပျက်ဖွယ်ကောင်းသော အော်ညည်းသံများက နှလုံးကွဲကြေသော အော်ဟစ်သံများ ဖြစ်လာသည်။ သို့သော်လည်း အလောင်းအရေအတွက်က တိုးပွားလာသည်နှင့်အမျှ ထိုအသံများက တဖြည်းဖြည်း တိုးညင်းသွားသည်။

နောက်ဆုံးမှာတော့ ရွှီချင်းက တောင်ကို ဖုံးလွှမ်းထားသော သွေးမြူခိုးထဲမှ ထွက်လျှောက်နိုင်သွားပြီး တောင်ထိပ်ပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ မကောင်းဆိုးဝါးကျင့်ကြံသူများ၏ အော်ဟစ်ညည်းညူသံများသည် တိုက်ပွဲအတွင်းမှ မထွက်ပေါ်လာတော့ပေ။

မကောင်းဆိုးဝါးမျိုးနွယ်တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံလိုက်ရသည်။

အလောင်းများသည် တောင်၏ နေရာတိုင်းမှာ ပြန့်ကျဲနေကြသည်။ အလောင်းအများစုသည် ကိုယ်အင်္ဂါမပြည့်စုံကြချေ။

သွေးသည် အဖြူရောင်တောင်ကို အနီရောင်ပြောင်းသွားစေသည်။

ဤနေရာမှ သေခြင်းအရှိန်အဝါကြောင့် ပင်လယ်ရေအောက်ထဲမှ အလောင်းကောင်တားမြစ်နယ်မြေက အနည်းငယ် တုန်ယင်လာသည်။ သို့သော်လည်း ၎င်းက ပင်လယ်ရေမျက်နှာပြင်ပေါ်မှ အရှိန်အဝါ၏ ဖိနှိပ်ခံလိုက်ရသည်။

တောင်ထိပ်ပေါ်တွင် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အား လာကူညီပေးသူများကို ကြည့်လိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူက လူတိုင်းကို အရိုအသေပေးလိုက်သည်။

ထို့နောက် သူက အိမ်ရှေ့စံမင်းသား၏ ဘေးမှ လင်းအာကို ကြည့်လိုက်သည်။

လင်းအာသည် ရင့်ကျက်လာပြီ ဖြစ်သည်။ ရွှီချင်းက ဤအခိုက်အတန့်မှာ ပိုပြီးအရေးကြီးသော ကိစ္စများကို ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ရွှီချင်းကို အနှောင့်အယှက်မပေးချေ။ ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ လင်းအာက ဝမ်းသာပျော်ရွှင်သွားသည်။

ရွှီချင်း၏ အကြည့်က သိမ်မွေ့ညင်သာသွားပြီး သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သွေးမြူခိုးထဲမှ ထွက်လျှောက်လာနေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ စီနီယာအကိုကြီး ”

ရွှီချင်းက မည်သည့်အရာကို ပြောချင်နေကြောင်း အားညိုသိသည်။ ထို့ကြောင့် သူက နှုတ်ခမ်းသပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ သွေးကို ရှူရှိုက်လိုက်သည်။ ထို့နောက် သူက ကျောချမ်းဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။

“ ချင်းလေး ဘာမှမစိုးရိမ်နဲ့… မကောင်းဆိုးဝါးမျိုးနွယ်တစ်ခုလုံးရဲ့ သွေးယဇ်ပူဇော်မှုနဲ့ဆိုရင် အဲ့ဒီလူရဲ့ သဲလွန်စကို ငါသေချာပေါက် ရှာနိုင်တယ်… ဒါ့အပြင် အခု သူ့မှာ မဟာဧကရာဇ်ရဲ့ ကတ်ကြေးမရှိတော့သလို သူက အရမ်းအားနည်းနေပြီ… သူက အုပ်ချုပ်သူအဆင့်မှာ မဟုတ်တော့ဖို့ ရာခိုင်နှုန်းများတယ် ”

ခေါင်းဆောင်သည် စကားပြောပြီးသည်နှင့် ညာခြေထောက်ဖြင့် ဖနောင့်ပေါက်လိုက်ပြီး လေထဲသို့ ပျံတတ်သွားသည်။

လေထဲတွင် သူက လက်မြှောက်လိုက်ပြီး မြေပြင်ပေါ်မှ သွေးမြူခိုးထံသို့ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူတော်စင်ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသော သွေးမြူခိုးထဲမှာ ဝုန်းခနဲမြည်သံများ ပဲ့တင်ထပ်လာသည်။ သွေးမြူခိုးသည်တော့ လေဆင်နှာမောင်းငါးခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ ယင်းတို့က အားညိုကို ဗဟိုထား၍ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးလိုက်ပြီး ဆက်လက် လှည့်ပတ်သွားကြသည်။

အရေအတွက်များပြားသော အလောင်းများသည် လေဆင်နှာမောင်းများ၏ စုပ်ယူခံလိုက်ရပြီး သစ်ရွက်ခြောက်များသဖွယ် လှည့်ပတ်သွားကြသည်။

ထိုမြင်ကွင်းသည် အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။ ယင်းက မိစ္ဆာအတတ်ပညာတစ်ခုဖြစ်ဟန် ရသည်။

စူးရှသော အလင်းတန်းသည် အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်ပြီး တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။ ချက်ချင်းဆိုသလို လေဆင်နှာမောင်းများက တုန်ယင်သွားပြီး အထဲမှ အလောင်းများက အက်ကွဲသွားကြသည်။

အလောင်းများက အသွေးအသားပုံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လေဆင်နှာမောင်းငါးခုက ပိုပြီးကျောချမ်းဖွယ်ကောင်းလာသည်။ နောက်ဆုံးမှာတော့ အားညိုက ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်လိုက်လေရာ လေဆင်နှာမောင်းငါးခုက ကောင်းကင်ပေါ်သို့ ဦးတည်သွားကြသည်။

ယင်းတို့က ကောင်းကင်ပေါ်မှာ အတူစုဝေးသွားကြပြီး သွေးပင်လယ်ကို ဖွဲ့စည်းလိုက်ကြသည်။ ဝုန်းခနဲမြည်သံများက ပဲ့တင်ထပ်လာသည့်အခါ လေဆင်နှာမောင်းငါးခု၏ ပေါင်းစည်းမှုက အနက်ရောင်ဝဲကတော့တစ်ခုကို ဖန်တီးလိုက်သည်။

ထိုဝဲကတော့ကို ကြည့်နေရင်း အားညိုက နက်ရှိုင်းစွာ အော်ပြောလိုက်သည်။

“ ဂျူနီယာညီလေး ”

ရွှီချင်းက လုံးဝတုံ့ဆိုင်းမနေဘဲ။ ရွှေကျီးကန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာပြီး ၎င်းဝါးမျိုထားခဲ့သော ရွှင်းထိုင်နတ်ဆိုး၏ မူလခန္ဓာကိုယ်ကို ထွေးထုတ်လိုက်သည်။

၎င်းက အားညို၏ ဘေးသို့ ကျဆင်းသွားသည်။

အားညိုသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရွှင်းထိုင်နတ်ဆိုး၏ ဦးခေါင်းပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် သူ၏ လက်သည်းများက ဦးခေါင်းခွံကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အသံက ရှေးဟောင်းအငွေ့အသက်ကို သယ်ဆောင်လျက် လောကထဲမှာ ပဲ့တင်ထပ်သွားသည်။

“ သွေးကို ကြားခံနယ်အဖြစ် အသုံးပြုပြီး အတွေးတွေကို အကြောင်းတရားဖြစ်စေမယ်… ဒီခန္ဓာကိုယ်၊ ဒီကျင့်ကြံသူနဲ့ ဒီဝိညာဉ်က ကောင်းကင်နဲ့မြေပြင်ကြားမှာ လှည့်ပတ်သွားမယ်… မူလဇစ်မြစ် ဒီကို ဆင်းသက်လာစမ်း ”

မန္တန်ရွတ်ဆိုသံက ပဲ့တင်ထပ်သွားသည့်အခိုက် ဝဲကတော့က ပိုပြီးပြင်းထန်စွာ လှည့်ပတ်လာသည်။ ဝဲကတော့ထဲမှ လျှပ်စီးများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ရွေ့လျားကူးခတ်သွားကြသည်။ ဤသည်မှာ ငွေရောင်မြွေများက ကောင်းကင်ပေါ်မှာ ရွေ့လျားနေကြသည့်အလားပင်။

မကြာမီ ဝေဝါးသော မြင်ကွင်းတစ်ခုသည် အစီအရင်၏ လမ်းပြမှုနှင့်အတူ အနက်ရောင်ဝဲကတော့ထဲမှာ ထွက်ပေါ်လာသည်။

အစတွင် ယင်းက ဝေဝါးနေပြီး ပုံပျက်တွန့်လိမ်နေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ စူးရှသော အလင်းက အားညို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အပြာရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာပြီး အတူတကွ စုဝေးသွားကာ မြင်ကွင်းကို အားဖြည့်ပေးလိုက်သည်။

မြင်ကွင်းသည် အပြင်ရောင်အလင်းဖြင့် စွန်းထင်ခံလိုက်ရစဉ် အားညိုသည် ထိုမြင်ကွင်းပေါ်သို့ သွေးအန်ချလိုက်သည်။

ဤသည်မှာ သူက သန့်စင်နေသည့်အလားပင်။

မကြာမီ ဝေဝါးနေသော မြင်ကွင်းက ကြည်လင်လာသည်။

ယင်းက ပင်လယ်ရေအောက်ဖြစ်သည်။

အနက်ရောင်ပုံရိပ်တစ်ခုသည် ပင်လယ်ရေအောက်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်ချည်း ခေါင်းလှည့်လိုက်သည်။

ထိုအခါ အနက်ရောင်ပုံရိပ်၏ မျက်နှာက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

ထိုလူက ရွှင်းထိုင်နတ်ဆိုးမှလွဲ၍ တခြားလူမဟုတ်ချေ။

သူ၏ အမူအရာက အစတွင် မိန်းမောတွေဝေနေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ သူက ဤဆက်သွယ်မှုကို ဖြတ်တောက်ချင်သည်။

ဤအခိုက်အတန့်မှာ မြင်ကွင်းက ပြန်လည်ဝေဝါးလာသည်။

“ မင်းက ထွက်ပြေးချင်တာလား ”

အားညိုက အေးစက်စက် ရယ်မောလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားပြီး ဝဲကတော့ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ရွှီချင်းသည်လည်း အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။

မီးတောက်ပုံရိပ်တစ်ခုသည် သူတော်စင်ကုန်းမြေထဲမှ ပျံသန်းထွက်လာပြီး ဟွမ်ယန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက အားညိုနှင့် ရွှီချင်းနှင့်အတူ ဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။

ဗုန်း…

ကျယ်လောင်သော မြည်သံနှင့်အတူ ဝဲကတော့က လွင့်ပြယ်သွားသည်။

All Chapters