← Chapters

ပြန်အမဲလိုက်ခြင်း

Vol. 93 Ch. 1440

ပြန်အမဲလိုက်ခြင်း

Vol. 93 Ch. 1440

တားမြစ်ပင်လယ်၏ အောက်ခြေတွင် အနက်ရောင်ပင်လယ်ရေက စီးဆင်းနေစဉ် ရွှင်းထိုင်နတ်ဆိုး၏ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်မသက်မသာဖြစ်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက အလျင်ကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်ပြီး အားကုန်သုံး၍ ထွက်ပြေးသည်။

သူက လုံးဝမရပ်ခဲ့ပေ။

စောစောက သူသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစွမ်းအားတစ်ခု ဆင်းသက်လာပြီး သူ၏ တည်နေရာကို ပစ်မှတ်ထားနေကြောင်း အာရုံခံမိခဲ့သည်။

သူက ထိုခံစားချက်ကို ပယ်ဖျက်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးသွားခဲ့သည်။

ယင်းက သူ၏ နှလုံးခုန်မှုကို မြန်ဆန်လာစေသည်။ ကပ်ဘေးတစ်ခုက ဆင်းသက်လာတော့မည်ဖြစ်ကြောင်း သူကြိုအာရုံရနေသည်။ ထို့ကြောင့် သူက ပင်လယ်ရေအောက်မှ ချက်ချင်း ထွက်ခွာသွားသည်။

သူက ထွက်ပြေးနေစဉ် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အင်မော်တယ်အတတ်ပညာတစ်ခုကို အသုံးပြုရန် ကြိုးစားလိုက်သည်။

ထိုအင်မော်တယ်အတတ်ပညာက တည်နေရာပြောင်းရွှေ့ခြင်းနှင့် ဆင်တူသော်လည်း ယင်းကို အသုံးပြုသည့် နည်းလမ်းက ထူးခြားဆန်းကြယ်သည်။

ထို့ပြင် ယင်းကို အသုံးပြုရန် တန်ဖိုးတစ်ခုကို သူပေးချေရလိမ့်မည်။

အကယ်၍ သူက အုပ်ချုပ်သူအဆင့်မှာ ရှိနေသေးမည်ဆိုလျှင် ယင်းကို အသက်တစ်ခါရှူရုံဖြင့် အသုံးပြုနိုင်သည်။ ထို့ပြင် ပေးဆပ်ရမည့် တန်ဖိုးက စာဖွဲ့စရာမလိုအောင် အလွန်သေးငယ်သည်။

သို့သော်လည်း ယခု သူက အုပ်ချုပ်သူအဆင့်မှာ မဟုတ်တော့လေရာ ထိုအင်မော်တယ်အတတ်ပညာကို အသုံးပြုရန် အချိန်အကြာကြီး လိုအပ်ပြီး ကြီးမားသော တန်ဖိုးကို ပေးချရလိမ့်မည်။

သို့သော်လည်း သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။

ဤအခိုက်အတန့်မှာ အင်မော်တယ်အတတ်ပညာမျိုးစေ့က သူ၏ အသိစိတ်ပင်လယ်ထဲမှာ မြန်ဆန်စွာ ဖွဲ့စည်းသွားပြီး သူ၏ အတွေးများကို လှုံ့ဆော်လိုက်သည်။

“ ဘိုးဘေးက သေဆုံးသွားပြီ… သူတော်စင်ကုန်းမြေလည်း ကပ်ဘေးထဲကို ကျရောက်သွားလောက်ပြီ… ”

ရွှင်းထိုင်နတ်ဆိုးက ခါးသီးမှုကို ခံစားမိသွားသည်။ သူတော်စင်ကုန်းမြေ၏ ပုံရိပ်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက နောင်တမရဘဲ မနေနိုင်ပေ။

အမှန်တကယ် သူက နောင်တရနေသည်။ သို့သော်လည်း ဤအခြေအနေထိ ရောက်နေမှတော့ နောင်တရခြင်းက သူ့အတွက် ဘာအကျိုးမှမရှိကြောင်း သူသိသည်။

သူက ဘိုးဘေးကဲ့သို့ မျိုးနွယ်အပေါ်မှာ နက်ရှိုင်းသော ခံစားချက်မရှိပေ။ အမြဲတမ်း သူရှာဖွေနေသည်မှာ ကိုယ်ပိုင်အင်အားသာ ဖြစ်သည်။

သူက ပိုပြီးသန်မာလာရန် မည်သည့်အရာကိုမဆို စတေးဝံ့သည်။

ထို့ကြောင့် အကယ်၍ အရာအားလုံးကို အစက ပြန်စခွင့်ရမည်ဆိုလျှင်ပင် သူက တူညီသော ရွေးချယ်မှုကို နောက်တစ်ကြိမ် လုပ်ဆောင်လိမ့်မည်။

နွေဦးအင်မော်တယ်အဆင့်ထိ ရောက်ရှိနိုင်မည့် အခွင့်အရေးက သူ့အပေါ် အလွန်အမင်း သွေးဆောင်နိုင်သည်။ ယင်းက အလွန်အန္တရာယ်များကြောင်း သူသိထားသည့်တိုင် ထိုသွေးဆောင်မှုကို မခုခံနိုင်ပေ။

ထိုအခွင့်အရေးမှာ အောင်မြင်နိုင်ခြေက အလွန်နည်းပါးလျှင်ပင် သူက ကြိုးစားကြည့်ချင်သည်။

ယင်းက နွေဦးအင်မော်တယ်၏ ကမ္မဖြစ်သည်။

ခေတ်အဆက်ဆက်တွင် ဝမ်ကူးကုန်းမြေ၏ သမိုင်းတစ်လျှောက်၌ နွေဦးအင်မော်တယ်အဆင့်ကို လူအနည်းစုသာ ရောက်ရှိခဲ့ကြသည်။ အကယ်၍ သူသာ ထိုအဆင့်ကို ရောက်ရှိသွားလျှင် သူ၏ တိုက်ပွဲစွမ်းအားက အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သွားလိမ့်မည်။ ထိုအခါကျလျှင် သူက ဝမ်ကူးကုန်းမြေထက် အဆပေါင်းများစွာ ပိုပြီးကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာပင် နေရာတစ်နေရာကို ရရှိလိမ့်မည်။

အမှန်မှာ နွေဦးအင်မော်တယ်ထက် ပိုပြီးမြင့်သော အဆင့်ကိုပင် သူရှာဖွေနိုင်ရန် ဖြစ်နိုင်ခြေရှိသည်။

“ နွေဦးအင်မော်တယ်… ”

“ စိတ်မကောင်းစရာပဲ… စိတ်မကောင်းစရာပဲ… ”

နက်ရှိုင်းသော ဆန္ဒမရှိမှုက ရွှင်းထိုင်နတ်ဆိုး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာစဉ် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက အပေါ်မှ ရုတ်တရက် ဆင်းသက်လာသည်။

ထိုဖိအား၏ အနောက်တွင် ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်လာပြီး ရွှင်းထိုင်နတ်ဆိုး၏ အတွေးများကို နှောင့်ယှက်လိုက်သည်။ သူက ရုတ်တရက် ခေါင်းမော့လိုက်သည့်အခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။

သူမြင်လိုက်ရသည်မှာ အံ့ဖွယ်ကောင်းသော မီးတောက်ပင်လယ်ဖြစ်သည်။

ပင်လယ်ရေက လောင်ကျွမ်းသွားပြီး အနီရောင်မီးတောက်များက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ မီးတောက်များက ဤဧရိယာတစ်ဝိုက်မှ ဒြပ်နှောများကို လောင်ကျွမ်းပစ်လိုက်လေရာ ပင်လယ်ရေက မူလအရောင်သို့ ပြန်ပြောင်းလဲသွားသည်။ မြင့်မားသော အပူချိန်သည် ပင်လယ်ရေအောက်ထဲမှာ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

မီးတောက်ပင်လယ်၏ အလယ်ဗဟိုတွင် ဧရာမဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ ဝဲကတော့က ဆက်ပြီး လှည့်ပတ်သွားနေစဉ် ပုံရိပ်နှစ်ခုက အထဲမှ ထွက်လျှောက်လာကြသည်။

ပုံရိပ်နှစ်ခုထဲမှ တစ်ယောက်ကို မြင်သွားသောအခါ ရွှင်းထိုင်နတ်ဆိုး၏ နှလုံးသားထဲမှ ဆန္ဒမရှိမှုက ပိုပြီးအားကောင်းလာသည်။

သို့သော်လည်း သူ၏ စိတ်ခံစားချက်များက ပရမ်းပတာ မလှုပ်ခတ်သွားမီ နောက်အခိုက်အတန့်မှာ မီးတောက်ဖီးနစ်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ပင်လယ်ရေအောက်ထဲမှာ ထွက်ပေါ်လာသည်။ တတိယပုံရိပ်က ထိုမီးတောက်ပုံရိပ်ထဲမှ ထွက်လျှောက်လာသည်။

ဟွမ်ယန်က ဝဲကတော့ထဲမှ ထွက်လာစဉ် စူးရှသော အော်မြည်သံက ပဲ့တင်ထပ်သွားသည်။ သူက ရွှင်းထိုင်နတ်ဆိုးဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။

ထိုခြေတစ်လှမ်းကြောင့် ပင်လယ်ကြမ်းပြင်က လှုပ်ခတ်သွားပြီး ပင်လယ်ရေ၏ လောင်ကျွမ်းမှုက ပိုပြီးပြင်းထန်လာသည်။ ရွှင်းထိုင်နတ်ဆိုးသည် ခန္ဓာကိုယ်တုန်ယင်သွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။

မှတ်ဉာဏ်လွှဲပြောင်းသည့် အင်မော်တယ်အတတ်ပညာကို အသုံးပြုပြီးနောက် သူက အုပ်ချုပ်သူအဆင့် ကျင့်ကြံခြင်းကို ဆုံးရှုံးသွားပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ပြန်ကျသွားသည်။ သူ၏ လက်ရှိအခြေအနေက မီးတောက်ဖီးနစ်၏ ဒေါသကို ဆန့်ကျင်ရန် လုံးဝအခွင့်အရေးမရှိပေ။

လျှပ်တစ်ပြက်အတွင်းမှာ သူက မီးတောက်ဖီးနစ်ထံမှ ဖိအားကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

သူက သွေးအန်လိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအခြေခံက ထပ်မံ မတည်မငြိမ်ဖြစ်လာသည်။ သူ၏ ထွက်ပြေးနေသော အလျင်က အတင်းအဓမ္မ နှောင့်ယှက်ခံလိုက်ရသည်။ သူ၏ အသိစိတ်ပင်လယ်ထဲမှ အင်မော်တယ်အတတ်ပညာမျိုးစေ့သည်ပင် လှုပ်ယမ်းသွားသည်။

ဟွမ်ယန်သည်တော့ ရွှင်းထိုင်နတ်ဆိုး၏ အရှေ့သို့ ရောက်ရှိသွားသည်။

သူက ရိုးရှင်းစွာ လက်ဝှေ့ယမ်းလိုက်သည်။

ကြောက်စရာကောင်းသော စွမ်းအားသည် မီးတောက်ဖီးနစ်ထံမှ ပေါက်ကွဲထွက်လာသည်။

မီးတောက်များသည် ပင်လယ်ကြမ်းပြင်ပေါ်တွင် စုဝေးသွားပြီး မီးတောက်မုန်တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ရွှင်းထိုင်နတ်ဆိုးဆီသို့ ဦးတည်သွားသည်။

စွမ်းအင်ကွာခြားမှုက အလွန်ကြီးမားလေရာ ခုခံခြင်းက အချည်းနှီးသာ ဖြစ်၏။

ချက်ချင်းဆိုသလို ရွှင်းထိုင်နတ်ဆိုးက ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် သွေးအန်လိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ထပ်မံ ပြိုကွဲသွားပြီး အောက်သို့ ကျဆင်းသွားသည်။

သူက ပြီးပြည့်စုံသော ဝိညာဉ်စုစည်းခြင်းအဆင့်မှ မဟာလောကလေးခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ပြန်ကျသွားသည်။

သေခြင်းရှင်ခြင်းအခြေအနေဖြင့် ရင်ဆိုင်ရသောအခါ ရွှင်းထိုင်နတ်ဆိုးသည် သူ၏ အသိစိတ်ပင်လယ်ထဲမှ အင်မော်တယ်အတတ်ပညာမျိုးစေ့က အဆင့်သင့်မဖြစ်သေးသည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ အမူအရာက ရှုံ့မဲ့သွားပြီး သူ၏ စိတ်က လှုပ်ခတ်သွားစဉ် သေခြင်းတရား၏ လွှမ်းခြုံမှုအောက်မှာ သူက မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ အင်မော်တယ်အတတ်ပညာကို အတင်းအဓမ္မ အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ရုတ်တရက် ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အလင်းချည်မျှင်များသို့ ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က ပင်လယ်ရေထဲမှာ ပျောက်ကွယ်သွားကြသည်။

ဟွမ်ယန်သည် နေရာမှာရပ်လျက် အဝေးသို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းနှင့် အားညိုက မီးတောက်ဝဲကတော့ထဲမှ ဆင်းသက်လာကြသည်။

“ ရွှီချင်း… မင်းကိုယ်တိုင် သူ့ကို သတ်ချင်နေတာ ငါသိတယ်… ဒီလူရဲ့ လက်ရှိ ကျင့်ကြံခြင်းအခြေခံက မင်းအတွက် အန္တရာယ်မရှိတော့ဘူး… ပြီးတော့ သူ့ရဲ့ လျှို့ဝှက်အတတ်ပညာကို ငါနှောင့်ယှက်လိုက်တာကြောင့် အဝေးကြီး သူထွက်မပြေးနိုင်ဘူး ”

ဟွမ်ယန်က ရွှီချင်းကို ကြည့်လိုက်သည်။ သူက အစောနက တိုက်ခိုက်ရာတွင် တမင် ခွန်အားထိန်ချန်ခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်ပြီးလျှင် ဟွမ်ယန်က သူနှင့် အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည်။ သို့ဖြစ်၍ သူတို့ကြားတွင် စကားဖြင့် ပြောနေစရာ မလိုပေ။ ဤအခိုက်အတန့်မှာ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

နတ်ဘုရားစိတ်အာရုံက ချက်ချင်း ပျံ့နှံ့ထွက်သွားပြီး မရေမတွက်နိုင်သော အသံများက သူ၏ စိတ်အာရုံအတွင်းသို့ ဝင်ရောက်လာကြသည်။

ထိုထဲတွင် ရေစီးဆင်းနေသော အသံ၊ ငါးများ၏ အမြှီးလှုပ်ယမ်းသံများ၊ ပင်လယ်သားရဲများ၏ ဟိန်းဟောက်သံများနှင့် သဲမြေ၏ ရွေ့လျားသံ အစရှိသော အသံမျိုးစုံက တစ်နေရာတည်းမှာ စုဝေးသွားပြီး တားမြစ်ပင်လယ်၏ အသက်ရှူသံဖြစ်လာသည်။

ထိုအသက်ရှူသံထဲတွင် ရွှီချင်းက ရွှင်းထိုင်နတ်ဆိုး၏ နှလုံးခုန်သံကို ကြားလိုက်ရသည်။

“ သူ့ကို ရှာတွေ့ပြီ ”

သူက တည်ငြိမ်စွာ ပြောပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ဟွမ်ယန်သည် ပင်လယ်ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်အားထက်သန်နေသော အားညိုကို ကြည့်လိုက်သည်။

“ ထိုင်ပါဦး… ချင်းလေးက သူ့ကိစ္စကို သူ့ဘာသာ ဖြေရှင်းနိုင်ပါတယ် ”

ခေါင်းဆောင်သည် တစ်ခဏ တုံ့ဆိုင်းသွားသည်။ အစက သူက ပြပွဲကြည့်ရန် စိတ်ကူးထားခဲ့သည်။ သို့သော်လည်း ဟွမ်ယန်ကို ကြည့်ပြီးနောက် သူက ဘေးမှာ ထိုင်ချလိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်သည်။

“ ယောက်ဖ… ”

“ အားညို… မင်း ငါ့အိမ်ကို လာပြီး မလေ့ကျင့်ခင် ပြောခဲ့တဲ့စကားကို ငါမှတ်မိတယ်… ပြီးတော့ မင်းက အဲ့ဒီအတွက် အချိန်အကြာကြီး ကြိုပြင်ဆင်ထားခဲ့တယ်ဆိုပဲ… မင်းမှာ ငါ့အိမ်တံခါးကို ဖွင့်နိုင်တဲ့ နည်းလမ်းတစ်ခုတောင် ရှိတယ် ”

ဟွမ်ယန်က မူမမှန်စွာ ပြုံးလိုက်သည်။

ခေါင်းဆောင်က မျက်တောင်ခတ်လိုက်ပြီး ချက်ချင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြောသည်။

“ ဂျူနီယာညီလေး တစ်ခုခုဖြစ်နေပြီ ထင်တယ်… မဖြစ်ဘူး… ငါတစ်ချက်လောက် သွားကြည့်ဦးမယ်… ”

သူက စကားပြောပြီးနောက် မတ်တတ်ထရပ်လိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်လည်း ဟွမ်ယန်၏ လက်က သူ၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။

“ ဘာမှမဖြစ်ပါဘူး… ရွှီချင်းပေါ်မှာ ငါ့ရဲ့ မျက်လုံးတစ်လုံးကို ထည့်ပေးလိုက်တယ်… ငါအိပ်ပျော်နေတဲ့အချိန် ငါ့ရဲ့ အိမ်တံခါးကို မင်းဘယ်လိုဖွင့်မလဲဆိုတာ ပြောကြတာပေါ့… အဲ့ဒါကို ငါ အသေးစိတ် သိချင်တယ်… ”

ဟွမ်ယန်နှင့် ခေါင်းဆောင်က ရင်းနှီးဖော်ရွေစွာ စကားပြောနေကြစဉ် သူတို့နှင့် အတန်ငယ် ဝေးကွာသော ပင်လယ်ဧရိယာတစ်နေရာတွင် တောက်ပသော အလင်းချည်မျှင်များက ပင်လယ်ရေထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က မြန်ဆန်စွာ စုဝေးသွားကြပြီး ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းလိုက်သည်။

သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း နောက်တစ်ခါ သွေးအန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က အားနည်းနေပြီး သူ၏ မျက်နှာက ဖြူဖျော့နေသည်။ သူက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးလိုက်လေရာ သူက အဝေးကြီးသို့ မလွတ်မြောက်သွားခဲ့ကြောင်း ရှာတွေ့သွားသည်။ ထို့ကြောင့် သူက နှလုံးတုန်သွားသည်။

သို့သော်လည်း သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက အံတင်းတင်းကြိတ်လိုက်ပြီး မြန်ဆန်စွာ ရွေလျားလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အသိစိတ်ပင်လယ်ထဲမှ အင်မော်တယ်အတတ်ပညာမျိုးစေ့ကို နောက်တစ်ကြိမ် ပျိုးထောင်လိုက်သည်။

“ အင်မော်တယ်အတတ်ပညာမျိုးစေ့ကို အပြည့်အဝ အသက်သွင်းဖို့ဆိုရင် ဆယ့်ငါးမိနစ် လိုအပ်တယ်… ”

ရွှင်းထိုင်နတ်ဆိုးက အလျင်လိုနေသည်။ သို့သော်လည်း သူတတ်နိုင်သောအရာ မရှိပေ။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးခုန်သံက မြန်ဆန်လာသည်။ သူက တီးတိုးရေရွတ်လိုက်ပြီး သူ့အရှေ့မှ ပင်လယ်ရေကို ဖြတ်သန်းသွားရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ…

သူက ပင်လယ်ရေထဲမှ အသံများကို ကြားလိုက်ရသည်။

ပထမဆုံး သူကြားလိုက်ရသည်မှာ ရေစီးဆင်းသံဖြစ်သည်။ ယင်းက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်မှာ ထွက်ပေါ်လာပြီး သဏ္ဍာန်မဲ့သော လှိုင်းဂယက်များသို့ အသွင်ပြောင်းလဲသွားသည်။ လှိုင်းဂယက်များက သူ့ကို ထိတွေ့သွားသည့်အခိုက် ရွှင်းထိုင်နတ်ဆိုးက ချက်ချင်း မျက်နှာပျက်ယွင်းသွားသည်။

“ မကောင်းတော့ဘူး ”

သူက ယင်းကို တားဆီးချင်သည်။ သို့သော်လည်း သူ့မှာ ထိုသို့လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ချက်ချင်းဆိုသလို ရေစီးဆင်းသံက သူ၏ ဘေးပတ်ဝန်းကျင်မှာ ပေါက်ကွဲသွားပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။

ယင်းက အသံနတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။

ပေါက်ကွဲသံများကြားမှာ ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်လှုပ်သွားသည်။ အကယ်၍ သူသာ အုပ်ချုပ်သူအဆင့်မှာဆိုလျှင် ရွှီချင်း၏ အသံနတ်ဘုရားအခွင့်အာဏာကို လျစ်လျူရှုနိုင်လိမ့်မည်။ သို့သော်လည်း ယခု သူ့မှာ အုပ်ချုပ်သူအဆင့်စွမ်းအား မရှိတော့ပေ။

သူ၏ ကျင့်ကြံခြင်းအခြေခံက မဟာလောကလေးခု ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ကျဆင်းသွားခဲ့ပြီး မတည်မငြိမ်ဖြစ်နေသည်။ သို့ဖြစ်၍ ချက်ချင်းဆိုသလို သူ၏ အသွေးအသားများက ပရမ်းပတာ လှုပ်ခတ်သွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှင်းထိုင်နတ်ဆိုးက ချိပ်တံဆိပ်လက်ဟန်များစွာကို လက်နှစ်ဖက်ဖြင့် ဖွဲ့စည်းလိုက်ပြီး သူ၏ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူက အသံပေါက်ကွဲမှုဧရိယာထဲမှ အတင်းအကျပ် ရုန်းထွက်ရန် ပယ်ဖျက်ခြင်းအခွင့်အာဏာကို အသုံးပြုလိုက်သည်။

ထိုသို့အသုံးပြုရန် တန်ကြေးအနေနှင့် ပမာဏများပြားသော သွေးသည် သူ၏ ပါးစပ်ထဲမှ အန်ထွက်လာသည်။ သို့သော်လည်း ရွှီချင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော အသံများက ဆက်လက် ထွက်ပေါ်နေဆဲပင်။

ဤတစ်ကြိမ်တွင် ယင်းက သူ၏ နှလုံးခုန်သံထဲမှ ထွက်ပေါ်လာသည်။

ထိုနှလုံးခုန်သံသည် မိုးခြိမ်းသံသဖွယ် ကျယ်လောင်ပြီး ရွှင်းထိုင်နတ်ဆိုး၏ ရင်ဘက်ထဲမှာ ဆက်တိုက် မြင့်တတ်လာနေသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က သူ၏ နှလုံးကို ထိန်းချုပ်ထားသည့်အလား ယင်းက အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။

ကျယ်လောင်သော မြည်သံသည် တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှင်းထိုင်နတ်ဆိုး၏ ရင်ဘက်သည် ပေါက်ကွဲသွားသည်။

သွေးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။ သူ၏ တစ်ကိုယ်လုံးက တုန်ခါသွားပြီး သူ့အရှေ့မှ အရာအားလုံးက ပုံပျက်တွန့်လိမ်သွားဟန် ရသည်။

ဖော်မပြနိုင်သော နာကျင်မှုသည်သာ သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော အသံများက ရောက်ရှိလာသည်။

ငါးများ၏ အမြှီးလှုပ်ယမ်းသံ၊ ပင်လယ်သားရဲများ၏ ဟိန်းဟောက်သံ၊ ပင်လယ်ကြမ်းပြင်ပေါ်မှ သဲမြေ၏ ရွေ့လျားသံနှင့် တားမြစ်ပင်လယ်၏ အသက်ရှူသံ အစရှိသော အသံအမျိုးမျိုးက တစ်ပြိုင်နက် စုပြုံထွက်ပေါ်လာကြသည်။

ထိုအသံအားလုံးက အတူတကွ စုဝေးသွားသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။

အရာအားလုံး ပေါက်ကွဲသွားသည်။

ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ယင်းက ထူးဆန်းသော နည်းလမ်းဖြင့် ရောက်ရှိလာပြီး ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်သို့ သက်ရောက်သွားသည်။

သွေးသည် လေထဲမှာ ပြန့်ကျဲသွားသည်။ သူက ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်သည်နှင့် ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားပြီး အသံနတ်ဘုရားအခွင့်အာဏာကို တွန်းလှန်ရန် ပယ်ဖျက်ခြင်းအခွင့်အာဏာကို ထပ်ခါတလဲလဲ ထုတ်လွှတ်လိုက်သည်။

သို့သော်လည်း အကျိုးသက်ရောက်မှုက သိပ်မထူးခြားပေ။

သွေးသည် ရေပန်းသဖွယ် ပန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် ပိုပြီးဆိုးဝါးပြင်းထန်လာသည်။

နောက်ဆုံးမှာတော့ သူ၏ တစ်ကိုယ်လုံးက ပြိုကွဲသွားတော့မည့်အချိန် သူက အသံပေါက်ကွဲမှုဧရိယာထဲမှ ထွက်ခွာနိုင်သွားပြီး တိတ်ဆိတ်သော လောကထဲသို့ ခြေချနိုင်သွားသည်။

တိတ်ဆိတ်ခြင်း…

သို့သော်လည်း သူ၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။

သေခြင်းရှင်ခြင်းကပ်ဘေးက သူ့နောက်သို့ လိုက်ပါလာသည်။

တိတ်ဆိတ်ခြင်းသည် သူ့အတွက် ဘေးကင်းလုံခြုံသည်ဟု မဆိုလိုပေ။ အမှန်မှာ ယင်းက လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိတ်ဆိတ်ခြင်းသည် ဤနေရာမှ အသံများက တစ်စုံတစ်ယောက်၏ ခိုးယူခြင်းခံလိုက်ရပြီဟု အဓိပ္ပာယ်ရသည်။

အသံများကို ခိုးယူလိုက်သည်နှင့် ထိုလုယက်သွားသူက အနန္တအသိဉာဏ်နှင့်ဆင်တူသော စွမ်းအားကို ပိုင်ဆိုင်သွားလိမ့်မည်။

သူက မပြည့်စုံသေးသော အင်မော်တယ်အတတ်ပညာမျိုးစေ့ကို ချက်ချင်း အသက်သွင်းလိုက်သည်။

သို့သော်လည်း ထိုသို့ထွက်ပြေးရန်အတွက် ကြီးမားသော တန်ကြေးကို သူပေးဆပ်ရလိမ့်မည်။

ဝုန်းခနဲ မြည်သံများကြားမှာ သူ၏ ပုံရိပ်က မရေမတွက်နိုင်သော အလင်းချည်မျှင်များသို့ ပြောင်းလဲသွားသည်။ ယင်းတို့က ပင်လယ်ရေထဲမှာ ပျောက်ကွယ်သွားတော့မည့်ဟန် ရ၏။

သို့သော်လည်း နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော အသံများက တိတ်ဆိတ်မှုထဲမှ ထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားကို ဖွဲ့စည်းလိုက်ကာ ရွှင်းထိုင်နတ်ဆိုး၏ အလင်းချည်မျှင်များပေါ်သို့ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်လိုက်သည်။

ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားစဉ် ချည်မျှင်အများစုက တိုက်ရိုက် ပြိုကွဲသွားကြသည်။ ကျန်ချည်မျှင်များသည်တော့ မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။

အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ရွှီချင်းက ဤနေရာမှာ ထွက်ပေါ်လာသည်။ သူက ရွှင်းထိုင်နတ်ဆိုး ထွက်ပြေးသွားသော ဦးတည်ရာဆီသို့ အေးစက်စွာ ကြည့်လိုက်သည်။

“ မင်းမလွတ်မြောက်နိုင်ဘူး ”

ရွှီချင်းသည် စကားပြောပြီးသည်နှင့် ရွှင်းထိုင်နတ်ဆိုးနောက်သို့ မနှေးလွန်း မမြန်းလွန်းသော အလျင်ဖြင့် လိုက်ဖမ်းသည်။ ယင်းက အတိတ်မှာ ရွှင်းထိုင်နတ်ဆိုး သူ့ကို အမဲလိုက်ခဲ့စဉ်ကနှင့် အတူတူဖြစ်သည်။

All Chapters