သခင်ကြီးကွေ့၏ အမွေအနှစ်
Vol. 51 Ch. 705
ယဲ့ဖန်းတို့အုပ်စုထံမှ အင်အားပြင်းထန်သော တိုက်ခိုက်မှုများ ကျရောက်လာသောအခါ ဝမ်ဖုန်း လှောင်ရယ်ပြုံးလိုက်ပြီး နေရာမှ ပျောက်ကွယ်သွား၏။ လေတစ်ဝှေ့သည် ထိုနေရာရှိ အရိုးစုများကို လူးလှိမ့်သွားစေကာ ဝမ်ဖုန်းနှင့်အတူ ရွှမ်းယွမ်သည်လည်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် ယဲ့ဖန်းနှင့်အခြားသူများမှာ အချိန်ခဏမျှ ကြောင်အသွားရပြီး မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားကြသည်။ ထို့နောက် မယုံကြည်နိုင်သော မျက်နှာအမူအရာများဖြင့် အနီးပတ်ဝန်းကျင်ကို ဆက်တိုက်စစ်ဆေးကြည့်ရှုနေခဲ့သည်။
လူအများကြီးရဲ့ မျက်စိအောက်မှာ ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားတယ်ပေါ့လေ။ ခြေရာလက်ရာဆိုတာ နည်းနည်းလေးတောင် မကျန်ခဲ့ဘူး။
ယဲ့ဖန်းနှင့်အခြားသူများသည် စိတ်ရှုပ်ထွေးနေကြစဉ် ကြီးလေးစွာသော ဘေးအန္တရာယ်ကို ခံစားမိလိုက်သည်။ ယဲ့ဖန်း၏ ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ် ကျင့်ကြံဆင့်သည် ကံကောင်းမှုကြောင့် ရရှိနိုင်ခဲ့ခြင်း မဟုတ်ပါချေ။ အတွေ့အကြုံ အလွန်တရာ ကြွယ်ဝခဲ့ရသည်ဖြစ်၏။ သူ ယခင်က ဝမ်ဖုန်းတို့နှစ်ဦးကို အထင်အမြင်သေးခဲ့သော်ငြား ေဘးအန္တရာယ်ကို ခံစားမိလိုက်ချိန်တွင် တွေဝေမနေဘဲ အားကုန်သုံး၍ အကာအကွယ်စည်းကို ဖန်ဆင်းကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်သည်။
သို့တိုင် ကာကွယ်မှုသည် အနည်းငယ် နောက်ကျသွားခဲ့သည်။
ဘုန်း!
ယဲ့ဖုန်း အကာအကွယ်စည်းကို ဖန်ဆင်းလိုက်ချိန်တွင် မီးတောက်လုံးကြီးကဲ့သို့ အင်အားတစ်ခုသည် သူတို့အားလုံး၏ နောက်ကျောကို ရိုက်ချသွားခဲ့သည်။ ယဲ့ဖုန်းတို့အုပ်စုမှာ ကြိုးပြတ်သွားသည့် စွန်များကဲ့သို့ လွင့်ထွက်သွားကြလေသည်။ အတွင်းအင်္ဂါများ ကစဉ့်ကလျားဖြစ်ကုန်သည့်အလား လည်ချောင်းမှာ ဆူပွက်နေသကဲ့သို့ ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်သွားရသည်။
ဧကရာဇ်ဘိုးဘေးအဆင့် အလွတ်တမ်းကျင့်ကြံသူ၅ဦးမှာ သတိလစ်မေ့မျောသွားတော့သည်။ မြေပြင်သို့ ပြုတ်ကျသွားပြီးနောက် ပြန်ထ မလာနိုင်ကြတော့ပေ။ ယဲ့ဖန်းတစ်ဦးသာလျှင် နိုးနေခဲ့၏။ သို့သော် ယဲ့ဖန်းသည်လည်း အခြေအနေ ကောင်းမနေပါချေ။ သူအထင်မြင်သေးခဲ့သည့် ဝမ်ဖုန်းတို့နှစ်ဦးသည် တကယ်တမ်းတွင် ဝက်ယောင်ဆောင်ထားသော ကျားကိုပင်စားသုံးနိုင်သည့် သတ္တဝါကြီးများ ဖြစ်လိမ့်မည်ဟု ယဲ့ဖန်း မျှော်လင့်မထားခဲ့ပေ။
တိုက်ခိုက်မှုတစ်ချက်တည်းဖြင့်ပင် မိမိကိုယ်တိုင်နှင့် အခြားသူများပါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ ထိုကြောက်မက်ဖွယ်သောအင်အားကြောင့် ယဲ့ဖန်း၏စိတ်ဝိဉာဉ်မှာ လွင့်ပါးသွားခဲ့ရသည်။ ခန္ဓာကိုယ်မှာ နောက်ပြန်လွင့်ထွက်သွားခဲ့ပြီး အဝေးသို့ ပြုတ်ကျသွားခဲ့ရသည်။
ဝှစ်!
သို့သော် ခန္ဓာကိုယ်လွင့်ထွက်သွားပြီး မကြာမီ၌ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းမှုကို ခံစားလိုက်ရသည်။ သူ၏ ဦးခေါင်းသည် မည်သည့်အချိန်ကတည်းက လွင့်ထွက်သွားခဲ့သည် မသိလိုက်ချေ၊ လှမ်းကြည့်လိုက်သောအခါ သူ၏ဦးခါင်းမရှိတော့သော ခန္ဓာကိုယ်ကြီးသည် အရိုးစုပုံပေါ်သို့ လဲကျသွားခဲ့သည်ကို မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းသည် ယဲ့ဖန်း မသေခင် မြင်တွေ့ခဲ့ရသော နောက်ဆုံးသောမြင်ကွင်းဖြစ်သည်။ သူတို့ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်ထားခဲ့သူသည် အလွန်တရာ အင်အားကြီးမားလွန်း၍ သူတို့အား ဟင်းရွက်ကန်စွန်းလှီးဖြတ်သည့်အလား လွယ်ကူစွာ သတ်ဖြတ်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယဲ့ဖန်းတို့အုပ်စုအား သတ်ဖြတ်ပြီးနောက်တွင် ဝမ်ဖုန်းနှင့်ရွှမ်းယွမ်သည် လေဟာပြင်တွင် ပြန်လည်ထွက်ပေါ်လာသည်။ ဝမ်ဖုန်း၏မျက်လုံးအစုံ၌ အေးစက်သည့်အလင်းတစ်စ တောက်ပနေလျက် ထပ်ခါထပ်ခါ လှောင်ရယ်နေသည်။
ကောင်းကင်ဘုံဧကရာဇ်အဆင့်လေးနဲ့များ ငါ့ကိုအလစ်တိုက်ချင်နေသေးတယ်။ တော်တော် ထောင်လွှားတဲ့လူပဲ။
ရွမ်းယွမ်သည် တိုက်ပွဲနေရာအား ကျွမ်းကျင်စွာရှင်းလင်းပြီး ယဲ့ဖန်းနှင့်အခြားသူများ၏ ကိုယ်ပေါ်မှ အဖိုးတန်ပစ္စည်းများကို သိမ်းယူလိုက်သည်။ ဝမ်ဖုန်းသည်တော့ သူ၏လက်ထဲရှိ တံဆိပ်ပြားကို ကြည့်နေသည်။ ယဲ့ဖုန်းတို့ကို သတ်ဖြတ်ပြီးနောက်တွင် သူ၏တံဆိပ်ပြားထပ်ရှိ ကိန်းဂဏန်းသည် ၀မှ ၆သို့ ပြောင်းလဲသွားခဲ့သည်။
လူတစ်ယောက်သတ်ရင် တစ်မှတ်လား။
ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်သည်။ ရွှမ်းယွမ် လွှဲပြောင်းပေးလာသည့် ပစ္စည်းများကို ယူလိုက်ပြီးနောက်တွင် ရွှမ်းယွမ်နှင့်အတူ ဦးတည်ချက်မရှိ ဆက်လက်လျှောက်သွားသည်။
တစ်ပြိုင်နက်တည်းပင် ဝမ်ဖုန်းတို့နှစ်ဦးနှင့် မိုင်ထောင်ချီအကွာအဝေး၌ ကွေ့ဝူသည် ထက်ရှသောဓားရှည်ကို ကိုင်ဆောင်လျက်ရှိသည်။ စစ်နတ်ဘုရား ဆင်းသက်လာသည်ဟု ဆိုလျှင်ပင် ကွေ့ဝူသည် ပြိုင်ပွဲတွင်ပါဝင်သည့် ပါရမီရှင်များအားလုံးကို သတ်ဖြတ်ပစ်မည်သာဖြစ်၏။ သူ့လက်တွင်း ကျဆင်းရသူတိုင်းသည် အသက်ဆုံးရှုံးရမည်သာဖြစ်ပြီး လွတ်မြောက်ရန်လမ်း မရှိပေ။ သူ၏တိုက်ခိုက်မှုသည် အလွန်လျင်မြန်လွန်းသောကြောင့် ရှင်းရှင်းလင်းလင်းပင် မမြင်ရချေ။ ကျင့်ကြံသူအများစုသည် ပြန်လည်မတုံ့ပြန်နိုင်မီ၌ပင် အသက်သေဆုံးသွားခဲ့ကြရသည်။
လက်ရှိတွင် ကွေ့ဝူ၏ရှေ့၌ ဟုန်ယန်ဘုရားကျောင်း၏ သခင်လေးယန်ထျန်းဖုန်းသည် ကြောက်ခမန်းလိလိသောစွမ်းအင်များ တစ်ကိုယ်လုံးလွှမ်းခြုံလျက် ကွေ့ဝူအား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ ယန်ထျန်းဖုန်း မကျေမချမ်းဖြင့်ပြော၏။
“ရေထဲကိုပဲ ဆင်းပြီး မြစ်ကြောင်းကိုတော့ မချိုးဖောက်ကြရအောင်။ မင်းလည်း မင်း သတ်မယ့်လူတွေကို သတ်၊ ငါလည်း ငါသတ်မယ့်လူတွေကို သတ်မယ်။ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြရအောင်”
ဒီနေ့သည် ပြိုင်ပွဲနေရာသို့ ဝင်ရောက်လာခဲ့သည့် ပထမဆုံးနေ့သာ ရှိသေးရာ ယန်ထျန်းဖုန်းသည် ကွေ့ဝူကဲ့သို့သောလူမျိုးနှင့် ပဋိပက္ခ မဖြစ်လိုပါချေ။ ၎င်းမှာ ကွေ့ဝူကို ကြောက်ရွံ့သောကြောင့် မဟုတ်ပါဘဲ ကွေ့ဝူသည် အင်အားနည်းပါးသူ မဟုတ်သောကြောင့်သာဖြစ်၏။ တိုက်ပွဲကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆုံးသတ်ရန် လွယ်ကူတော့မည် မဟုတ်ချေ။ ကွေ့ဝူကို သတ်ဖြတ်နိုင်လျှင်သော်မှ သူကိုယ်တိုင်လည်း ဒဏ်ရာရနိုင်ပေသည်။ သို့ဖြစ်ရာ အခြားပါရမီရှင်ပြိုင်ပွဲဝင်များ၏ အလွယ်တကူ အမြတ်ထုတ်ခံရနိုင်၏။
ဘုန်း!
ယန်ထျန်းဖုန်း၏စကားများသည် ကွေ့ဝူအပေါ် လုံးဝ သက်ရောက်မှုမရှိပေ။ တစ်ချက်လှောင်ပြုံးလိုက်ပြီး အလင်းတစ်စနှင့်အတူ ယန်ထျန်းဖုန်းအား ရုတ်ချည်း တိုက်ခိုက်လေသည်။ ကြောက်ခမန်းလိလိသော ဓားရောင်ခြည်သည် အလွန်တရာထက်ရှသော အရှိန်အဝါဖြင့် အရပ်လေးမျက်နှာကို ဖြာထွက်လျက် အားပြင်းပြင်း ခုတ်ပိုင်းလေသည်။
“အရူးကောင်ပဲ!”
ယန်ထျန်းဖုန်း၏ မျက်နှာအမူအရာပြောင်းလဲသွား၏။ သူ ကွေ့ဝူနှင့် မငြိစွန်းလိုချေ။ ထို့ကြောင့် ရှည်လျားသော သက်တံသဏ္ဍာန်ကို ဖန်ဆင်း၍ အဝေးသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။ နေရာမှ ပျောက်ကွယ်သွားသည့် ယန်ထျန်းဖုန်းကြောင့် ကွေ့ဝူသည် အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် ၎င်းအတွက် အချိန်အကြာကြီး စွဲလမ်းမနေပါချေ။ အနီးဝန်းကျင်ရှိ ပါရမီရှင်လူငယ်လေးများကိုသာ ဆက်လက်သတ်ဖြတ်ပစ်သည်။
ထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲ ကျင်းပနေစဉ် ထာဝရညဉ့်ယံမြို့အတွင်းပိုင်း ခမ်းနားထည်ဝါသောခန်းမကြီးထဲ၌ မြင့်သွန်းသောလူ၉ယောက်သည် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့သည် အလွန်တရာ စိတ်ထွေပြားမှိုင်းညို့နေသော အငွေ့အသက်များ ပြည့်နှက်နေကြသည်မှာ ရွှံ့ဗွက်အိုင်ကြီးကဲ့သို့ပင် ထင်မှတ်ရစေသည်။ သာမန်လူများ ထိုခန်းမထဲသို့ ဝင်သွားခဲ့လျှင် မြေပြင်ထက်တွင် ရုတ်ချည်း ကြေမွသွားလိမ့်မည် ဖြစ်သည်။
ထိုလူ၉ယောက်သည် လူအများ ဦးမော့ကြည့်ရှုရန် ခက်ခဲသည့် တောင်ကြီး၉လုံးကဲ့သို့ ခံစားရ၏။ သူတို့သည် ထာဝရညဉ့်ယံမြို့၏ ထိပ်တန်းကျင့်ကြံသူကြီးများ ဖြစ်ကြပြီး ထာဝရညဉ့်ယံမြို့အနေဖြင့် ရဲတင်းလွန်းနိုင်သည့် အကြောင်းရင်းလည်း ဖြစ်သည်။
ထိုကျင့်ကြံသူကြီး၉ယောက်လုံးသည် တုန်ထျန်းဧကရာဇ်အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကြီး တစ်ခုလုံး၌ သူတို့အားလုံးသည် ပထမတန်းစား ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြသည်။ အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူမှအပ အခြားသူများသည် သူတို့၏ပြိုင်ဘက် မဟုတ်နိုင်ပေ။ ထာဝရညဉ့်ယံမြို့၌ အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူ မရှိသောကြောင့် မဟုတ်ခဲ့လျှင် ထာဝရညဉ့်ယံမြို့၏အင်အားသည် ထိပ်တန်းအင်အားစုများနှင့်ယှဉ်ရန် လုံလောက်နိုင်ပေသည်။
“ဟေး အဲဒီလူတွေ အခုထိ လက်မလျှော့ကြသေးဘဲ ထာဝရညဉ့်ယံမြို့ကို လိုချင်နေကြတုန်းပဲလား”
မီးခိုးရောင်ဆံပင်များဖြင့် လူအိုကြီးသည် ခပ်ဖျော့ဖျော့ပြုံးနေသည်။ သူ၏ နောက်ကျိနေသော မျက်လုံးအစုံမှာ အေးစက်သည့်အလင်းတို့ တောက်ပနေ၏။
“ဟမ့် ဒီတစ်ကြိမ်တော့ ထာဝရညဉ့်ယံမြို့မှာ ပါရမီရှင်မျိုးဆက်သစ်တွေ အများကြီးရှိတယ်။ သူတို့တွေ အနိုင်ရနိုင်မှာ မဟုတ်ပါဘူး”
အခြားသော တောင်တစ်လုံးကဲ့သို့ ကြီးထွားသောလူကြီးမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာသောအသံဖြင့် ပြောလာသည်။
“သူတို့တွေ မသိကြတာက ထာဝရညဥ့်ယံမြို့သခင်ရာထူးကို ဆက်ခံနိုင်ဖို့ဆိုရင် ပြိုင်ပွဲနေရာဖြစ်တဲ့ ကမ္ဘာထဲက သခင်ကြီးကွေ့ရဲ့အမွေကို ရယူနိုင်ရမယ် ဆိုတာကိုပဲ။ မဟုတ်ရင် သူတို့တွေ အမှတ်အများကြီးရလည်း မြို့သခင်ရာထူးကို ရနိုင်မှာ မဟုတ်ဘူး”
နောက်ထပ် အလင်းတောက်ပသော မျက်ဝန်းပိုင်ရှင် အနီရောင်ဝတ်ရုံဖြင့် လူအိုကြီးမှ တည်ကြည်လေးနက်စွာ ပြော၏။
“သခင်ကြီးကွေ့ရဲ့အမွေကို လုံလောက်တဲ့ လူသေဆုံးမှုပြည့်မှသာ ဖွင့်လှစ်နိုင်မှာ။ အခုကတော့ စောနေသေးတယ်။ ပွင့်သွားတာနဲ့ ဒီမျိုးဆက်သစ်တွေလည်း မလွဲဧကန် သေဆုံးကြရမှာပဲ။ အထူးသဖြင့် အဲဒီအင်အားစုကြီးတွေရဲ့ မျိုးဆက်သစ်တွေ သေသွားရင် အကောင်းဆုံးပဲ။ အဲဒီလိုမှ သူတို့ရဲ့မောက်မာထောင်လွှားမှုတွေ လျော့သွားအောင်လို့!”
အခြားလူအိုကြီးတစ်ယောက်မှ ခနဲ့လျက် ပြောဆိုလာသည်။
ထာဝရညဉ့်ယံမြို့၏ ကျင့်ကြံသူတိုင်းလိုလိုပင် အင်အားစုကြီးများအပေါ် ကောင်းမွန်သည့်သဘောထား မရှိကြပေ။ ခြုံငုံလိုက်လျှင် ထာဝရညဉ့်ယံမြို့အား လာရောက်ကြသူများသည် များသောအားဖြင့် ထိုအင်အားစုကြီးများ၏ အနိုင်ကျင့်ခြင်း ခံရသူများ သို့မဟုတ် မည်သည့်နေရာကိုမျှ သွားစရာမရှိအောင်အထိ လိုက်လံဖမ်းဆီးသတ်ဖြတ်ခံရသူများ ဖြစ်ကြပေသည်။ ထို့အကြောင်းများကြောင့် ထာဝရညဉ့်ယံမြို့သို့ ရောက်လာခဲ့ကြသူများဖြစ်ကြ၏။