ဖေးယွီ
Vol. 51 Ch. 706
နောက်တစ်နေ့တွင်လည်း ထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲမှာ ဆက်လက်ကျင်းပနေဆဲဖြစ်သည်။ တစ်နေ့တာ တိုက်ခိုက်မှုပြီးနောက် ပြိုင်ပွဲဝင်အရေအတွက်သည် ဖြေးနှေးစွာ လျော့နည်းသွားခဲ့သည်။ မျိုးဆက်သစ်ပြိုင်ပွဲဝင်များ၏ ကျဆုံးမှုကြောင့် ဤကမ္ဘာ၏ သွေးညှီနံ့မှာ ပို၍ပြင်းထန်လာသည့်အလားပင်။
ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့နှစ်ဦးသည် ပြိုင်ပွဲကမ္ဘာထဲတွင် ဦးတည်ချက်မရှိ လျှောက်သွားနေကြဆဲဖြစ်၏။ သူတို့နှစ်ဦးသည် အခြားပြိုင်ပွဲဝင်များကို တကူးတက ရှာဖွေမနေခဲ့ပါချေ။ သို့သော် ပက်ပင်းကြုံတွေ့မိသည့် ပြိုင်ပွဲဝင်တိုင်းသည်တော့ ဝမ်ဖုန်း၏တံဆိပ်ပြားထက်မှ အမှတ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
သတ်ဖြတ်ပြီးသည့် ပြိုင်ပွဲဝင်အရေအတွက် များပြားလာသည်နှင့်အမျှ ဤကမ္ဘာ၏ သွေးဆာလောင်သည့်ခံစားချက်သည် ပို၍ပြင်းထန်လာနေသည်ကို ဝမ်ဖုန်း ခံစားမိသည်။ သို့သော် ကြမ္မာဝိဉာဉ်ကို ပိုင်ဆိုင်ထားသည့် ဝမ်ဖုန်းသည် အလွန်တရာ ခိုင်မြဲသည့် သတိရှိလေရာ ဤကမ္ဘာ၏သွေးဆာလောင်မှုသည် ဝမ်ဖုန်းအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေ။
ဝမ်ဖုန်းသည် အဝေးတစ်နေရာရှိ ပုံရိပ်သုံးရိပ်ကို မျက်လုံးအိမ်တို့ မှေးကျုံ့ကြည့်နေရင်းမှ မျက်နှာထက်တွင် လှောင်ပြုံးရိပ်တစ်ခု ထင်ဟပ်လာ၏။ မိမိအား ချောင်းမြောင်းတိုက်ခိုက်ရန် ကြံရွယ်ဝံ့သည့် အလွန်တုံးအလွန်းသူများ ထပ်ရှိနေဦးမည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။
ဤတစ်ကြိမ်တွင်တော့ ဝမ်ဖုန်းသည် ထိုလူများမှ ဦးစွာလှုပ်ရှားလာသည်ကို မစောင့်ဆိုင်းတော့ပေ။ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျယ်လောင်စွာ ဖောက်ခွဲပစ်ခဲ့သည်။ အရိုးကျိုးကြေသံများ၊ မြေစိုင်ကျောက်စများ လွင့်စင်သံများ ဆူညံသွားခဲ့ပြီး ဖုန်မှုန့်လုံးကြီးများ နေရာအနှံ့ပျံ့နှံ့သွားသည်။ ဝမ်ဖုန်းတို့နှစ်ဦးကို အဝေးမှ စောင့်ကြည့်နေခဲ့သည့် အလွတ်တမ်းကျင့်ကြံသူသုံးဦးမှာ အချိန်ခဏမျှ ကြောင်အသွားရသည်။
ဝမ်ဖုန်း၏ အနောက်ဘက် အဝေး၌ ဝမ်ဖုန်းအား စောင့်ကြည့်နေသည့် ကျင့်ကြံသူသည် ဝမ်ဖုန်းအား မယုံကြည်နိုင်စွာ ကြောင်အလျက် ကြည့်နေခဲ့သည်။ ထို့နောက် မျက်နှာအမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး စိတ်နှလုံးမှလည်း ကပ်ဘေးအန္တရာယ်ကြီး လာနေသည်ကို ခံစားမိလိုက်သည်။
ဘုန်း!
အကာအကွယ်စည်း ဖန်တီး၍ မိမိကိုယ်ကိုယ် ကာကွယ်လိုက်ချိန်တွင် သူ၏နားစည်၌ လေကိုထိုးခွင်းလာသည့် အသံကျယ်ကြီးကို ကြားလိုက်ရပြီး ကြောက်ရွံ့နေသော သူ၏မျက်လုံးအကြည့်များအောက်၌ပင် မိုးစက်လေလုံးများကဲ့သို့သော လက်သီးထိုးချက်များ မရေမတွက်နိုင်လောက်အောင် ဆက်တိုက် ဦးတည်လာခဲ့သည်။
ကြောက်ခမန်းလိလိသော လက်သီးထိုးချက်များအောက်၌ ထိုကျင့်ကြံသူမှာ အသက်ရှူသွင်းရန် အချိန်ပင် မရလိုက်ချေ။ ခန္ဓာကိုယ်သည် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာလောကမှ အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်သော လက်သီးချက်များအောက်၌ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့် အလွတ်တမ်းကျင့်ကြံသူသည် စိုးစဉ်းသော်မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထိုမြင်ကွင်းကြောင့် အခြားအရပ်မှ စောင့်ကြည့်နေခဲ့သော ကျင့်ကြံသူနှစ်ဦးသည် သေမင်းတစ်ပါးကို မြင်တွေ့လိုက်ရသည့်အလား မျက်လုံးအစုံတို့၌ ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်သွားကြသည်။ သူတို့မှာ ဝမ်ဖုန်းအား သတိမထားမိလိုက်မီ၌ပင် မိမိတို့၏အဖွဲ့ဝင်မှာ ဝမ်ဖုန်း၏ အသတ်ခံလိုက်ရလေသည်။
သူတို့နှစ်ဦးသည် စိုးစဉ်းသော်မျှ တုံ့ဆိုင်းတွေဝေခြင်းမပြုဝံ့ဘဲ ချက်ချင်း ဆုတ်ခွာရန် ပြင်ကြတော့သည်။ သူတို့အချိန်အတော်ကြာ ချောင်းမြောင်းနေခဲ့သည့် သားကောင်သည် တကယ်တမ်းတွင် သားရဲကြီးဖြစ်နေခဲ့သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်သည် သူတို့ကိုင်တွယ်နိုင်သည့်အရာ မဟုတ်ပေ။ မည်သည့်အရပ်သို့ဖြစ်စေ ဤနေရာမှ အလျင်အမြန် ထွက်ပြေးခြင်းသာလျှင် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေသည်။
ဘုန်း!
သို့သော်ငြား သူတို့လှည့်ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အထက်ကောင်းကင်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းကြီး ကျဆင်းလာနေသည်ကို ခံစားလိုက်ရလေရာ ထွက်ပြေးလုဆဲ ကျင့်ကြံသူနှစ်ဦးမှာ အလိုအလျောက် ကောင်းကင်သို့ မော့ကြည့်မိကြသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှစ်ဦးလုံးမှာ မင်သက်ကြောင်အ သွားကြလေသည်။
သူတို့၏ ဦးခေါင်းထက်တွင် ပြင်းထန်လှသည့် လေမုန်တိုင်းကြီးအလား တောက်ပစွာရစ်ဝဲနေသည့် မရေမတွက်နိုင်သော လက်သီးသဏ္ဍာန်များကို မြင်တွေ့လိုက်ရသည်။ ပင့်ကူအိမ်ကဲ့သို့ သူတို့၏ဦးခေါင်းထက်တွင် ပျံ့နှံ့ယှက်နွယ်တည်ရှိနေ၏။
“မလုပ်ပါနဲ့!”
အလွတ်တမ်းကျင့်ကြံသူနှစ်ဦး၏ မျက်လုံးအိမ်များ မှေးကျုံ့သွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လျက် အားကုန်သုံး၍ လက်သီးထိုးချက်များကို ခုခံကြသည်။ သို့သော် သူတို့ စွမ်းအင်မည်မျှ ထုတ်သုံးသည်ဖြစ်စေ ထူထပ်သိပ်သည်းလှစွာသော လက်သီးထိုးချက်များကို မခုခံနိုင်ပေ။ ခန္ဓာကိုယ်သည် လက်သီးထိုးချက်များ ထိမှန်ခံရပြီး ခုနက သေဆုံးသွားခဲ့သည့် ကျင့်ကြံသူကဲ့သို့ပင် သူတို့နှစ်ဦးသည်လည်း အရိုးအစအနလေး အနည်းငယ်ပင် မကျန်ရစ်ခဲ့ဘဲ အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အလွတ်တမ်းကျင့်ကြံသူသုံးဦးကို သတ်ဖြတ်ပြီးနောက်တွင် ဝမ်ဖုန်းနှင့် ရွှမ်းယွမ်သည် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကဲ့သို့ ဦးတည်ချက်မရှိ ဆက်လက်လျှောက်ကြသည်။ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦးသည် ဝမ်ဖုန်းအတွက် မည်သည့်သက်ရောက်မှုမျှ မဖြစ်စေနိုင်ပေ။ ဝမ်ဖုန်းကို မဆိုထားနှင့် ရွှမ်းယွမ်အတွက်ပင်လျှင် ထိုလူများကို သတ်ဖြတ်ရခြင်းမှာ လွယ်ကူသည့်အရာဖြစ်၏။ သို့သော် ရွှမ်းယွမ်သည် ဝမ်ဖုန်း အမှတ်ရစေရန်အတွက် မတိုက်ခိုက်ခြင်းဖြစ်သည်။
ဝမ်ဖုန်းတို့နှစ်ဦး ထိုနေရာမှ ထွက်ခွာသွားတော့မည်တွင် ဝမ်ဖုန်းသည် ရုတ်တရက် ခြေတစ်လှမ်းတိုး၍ တစ်နေရာသို့ ကြည့်လိုက်သည်။ ရွှမ်းယွမ်သည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လျက် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဝမ်ဖုန်းကြည့်နေသည့် လားရာအတိုင်း ကြည့်နေခဲ့သည်။
ဝမ်ဖုန်းတို့နှစ်ဦး၏ အကြည့်အောက်၌ မွန်းကြပ်မှုအပြည့်သော အငွေ့အသက်များနှင့် ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုလူသည် ကြက်သွေးရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ဓားရောင်ခြည်တောက်ပနေသော ပျက်သုဉ်းခြင်းဧကရာဇ်အကူလက်နက်ကို ကိုင်ဆောင်ထားသည်။ ထိုလူသည် မောက်မာထောင်လွှားခြင်းအပြည့်သော မျက်နှာအမူအရာဖြင့် ဝမ်ဖုန်းတို့နှစ်ဦးကို စိုက်ကြည့်နေ၏။
ထိုလူကိုမြင်သောအခါ ရွှမ်းယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ကပ်ဘေးအန္တရာယ်ဟူသော အသိခံစားချက်ကို ခပ်ပြင်းပြင်းရလိုက်ကာ ထိုလူကိုလည်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သို့သော် သူဂရုမစိုက်ပါချေ။ ဂိုဏ်းချုပ်ရှိနေသည်ဖြစ်ရာ ထိုလူသည် မည်မျှအင်အားကြီးမားသည်ဖြစ်စေ ဂိုဏ်းချုပ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ် ဒီလူက ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ရဲ့ ပါရမီရှင်ကျင့်ကြံသူတစ်ဦးပါ။ သူ့နာမည်က ဖေးယွီ၊ အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူကြီးရဲ့ သင်ကြားပြသခြင်းခံရတဲ့ မျိုးဆက်သစ်ကျင့်ကြံသူတစ်ဦးပါ။ ပြောကြတာတော့ အင်မော်တယ်ဧကရာဇ်ကျင့်ကြံသူရဲ့ တပည့်ဖြစ်နိုင်တယ်တဲ့။ ဒါပေမဲ့ တစ်ခါမှတော့ အဲဒီကောလာဟလတွေကို အတည်မပြုနိုင်ခဲ့ဘူး”
“ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ထဲမှာ ဒီလူရဲ့ဂုဏ်သတင်းက မသေးလှဘူး။ သူ့ရဲ့အင်အားက ထိပ်တန်းပါရမီရှင်တွေထဲ တစ်ယောက်အပါအဝင်ပဲ။ သူ့ရဲ့ကျင့်ကြံဆင့်က သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ အဲဒါအပြင် သူ့ပိုင်ဆိုင်တဲ့ ပျက်သုဉ်းခြင်းဧကရာဇ်အကူလက်နက်နှစ်ခုကလည်း သွေးနီရောင်ဧကရာဇ်အဆင့်မလို့ သူနဲ့အပြည့်အဝပေါင်းစည်းလိုက်တဲ့အခါ တိုက်ခိုက်ချေမှုန်းစွမ်းရည်က နတ်က္ခတ်ဧကရာဇ်အဆင့်ကိုတောင် အနိုင်တိုက်နိုင်ခြေရှိပါတယ်”
ဖေးယွီသည် နောက်ပြန်ဆုတ်မည့်ဟန်မရှိကြောင်းကို မြင်သောအခါ ရွှမ်းယွမ်၏မျက်လုံးတို့ တဖျတ်ဖျတ်တောက်သွားရပြီး ဝမ်ဖုန်းအား ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်သည် အလွန်တရာကြီးမားပြီး မရေမတွက်နိုင်သော အင်အားစုများနှင့် ကောင်းချီးခံရသူများ ရှိကြသည်၊ ထိုလူများထဲတွင် အချို့သော နက်ရှိုင်းစွာ ကောင်းချီးပေးအပ်ခံသည့် ပါရမီရှင်မျိုးဆက်သစ်များသာလျှင် အကောင်းဆုံးအရာများကို ရရှိနိုင်ကြောင်းတို့ကို ရှင်းပြလိုက်သည်။
ရွှမ်းယွမ်သည် ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်ငယ်လေးဖြစ်ပြီး သူ၏ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ထိပ်တန်းပါရမီရှင်များထဲ တစ်ဦးအပါအဝင်ဟု သတ်မှတ်နိုင်ပါ၏။ သို့သော် ရွှမ်းယွမ်သည် ထူးဆန်းသည့်လူတစ်ယောက်ဖြစ်သည်။ သူ့တွင် မွေးဖွားလာချိန်မှစ၍ အရာအားလုံး ရှိနေခဲ့သည်။ ကျင့်ကြံခြင်းဟူသည် အိပ်မက်တစ်ခုအလား ထင်မှတ်ရလောက်အောင် ကျင့်ကြံမှုကိုလည်း သူ၏ဘဝတွင် တစ်ကြိမ်တစ်ခါသော်မျှ အလေးအနက်ထား ကျင့်ကြံခဲ့ဖူးခြင်း မရှိပေ။
သူ၏ ယခင်က ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံဆင့်သည် ရံဖန်ရံခါ လေ့ကျင့်ခြင်းနှင့် မျိုးနွယ်စု၏ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးမှ ရတနာများ စုပုံနေခြင်းအကျိုးများကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ သူ ကြိုးစားကျင့်ကြံခဲ့သည်ဟု ဆိုနိုင်သော တစ်ခုတည်းသောအချိန်မှာ ‘ခိုးယူခြင်းနတ်ဘုရား’အား ကျင့်ကြံခဲ့ချိန်ဖြစ်သည်။
ရွှမ်းယွမ်အတွက်မူ သူ အလေးအနက်ထား၍ ကျင့်ကြံလိုက်သည်နှင့် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။ ရွှမ်းယွမ်သည် နတ်ဘုရားမျိုးနွယ်စုကြီးနှစ်ခု၏ သားတော်လေးဖြစ်ရာ အဘယ်သို့များ ကျင့်ကြံရေးရင်းမြစ်များနှင့် ကျွမ်းကျင်သောနည်းပြများ လိုအပ်ချက်ရှိနိုင်ပါအံ့နည်း။
ရွှမ်းယွမ်၏ အသံပို့ဆောင်မှုကို နားထောင်ပြီးနောက် ဝမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ဖေးယွီကိုကြည့်လိုက်သည်။ သူ၏ရှေ့ရှိ ထိုလူသည် ကံကောင်းစွာဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူ၏ နည်းပြအကြံပေးမှုကို ခံယူထားရသူ ဖြစ်နေခဲ့မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ ၎င်းသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးတွင် အင်အားအကြီးမားဆုံးသော ဖြစ်တည်မှုဖြစ်၏။ တုန်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူပင်လျှင် အင်မော်တယ်ဧကရာဇ်အဆင့်ကျင့်ကြံသူ၏ လမ်းညွှန်အကြံပေးမှုကို မက်မောကြသည် ဖြစ်ပေသည်။