← Chapters

အင်မော်တယ်ဧကရာဇ်အဆင့်အငွေ့အသက်တစ်မျှင်

Vol. 51 Ch. 707

အင်မော်တယ်ဧကရာဇ်အဆင့်အငွေ့အသက်တစ်မျှင်

Vol. 51 Ch. 707

ဂုဏ်သိက္ခာစောင့်ထိန်းခြင်းမရှိ ရပ်ကြည့်နေကြသော ဝမ်ဖုန်းတို့နှစ်ဦးကို မြင်သောအခါ ဖေးယွီ၏မျက်လုံးအစုံ၌ အေးစက်မှုတို့ ထင်ဟပ်သွားရပြီး ပြင်းထန်သည့် လူသတ်လိုခြင်းအငွေ့အသက်များ ဖြာထွက်လာခဲ့သည်။ ထို့နောက် စွမ်းအင်များသည် သူ၏ဓားရှည်သို့ အဆက်မပြတ် စီးဆင်းသွားလေရာ ဓားကိုင်ထားသည့် လက်မှာလည်း တုန်ခါနေတော့သည်။

ဝမ်ဖုန်းသည် ထာဝရညဉ့်ယံမြို့တွင် အမည်ကျော်ကြားသော်ငြား အများစုသည် လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူများကို ခွေးလိုဝက်လို သတ်ပစ်ခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးရှိသည်၊ ထိုဂိုဏ်းချုပ်၏အမည်မှာ ဝမ်ဖုန်းဟူ၍သာ သိထားကြခြင်းဖြစ်သည်။

ထာဝရညဉ့်ယံမြို့အတွင်း၌ပင် တိုက်ပွဲကို မြင်တွေ့ခဲ့ရသူများနှင့် ဝမ်ဖုန်းအား ရင်းနှီးနေကြသူများမှအပ အခြားသူများသည် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းချုပ်ဖြစ်ကြောင်းကို မသိကြပေ။ ဖေးယွီသည် ထာဝရညဉ့်ယံမြို့သို့ ဝင်ရောက်ကာစဖြင့် ထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲအတွင်း ပါဝင်ခဲ့ခြင်းဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းများကို မကြားဖူးသေးခြင်း ဖြစ်နိုင်ပေသည်။

ဝမ်ဖုန်းသည် လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူများကို ခွေးလိုဝက်လိုသတ်ဖြတ်ခဲ့သည့်အကြောင်းကို သိထားခဲ့လျှင် ဖေးယွီသည် သေချာပေါက် ဤသို့ပြုမူလိမ့်မည် မဟုတ်ပေ။ ချက်ချင်း နေရာမှ လှည့်ထွက်ပြေးခဲ့မည်ဖြစ်၏။ သို့သော်ငြား ကံဆိုးစွာဖြင့် ဘာမျှမသိနေခဲ့လေရာ ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရပေတော့မည်။

ဘုန်း!

ဖေးယွီသည် အေးစက်စွာကြည့်လျက် စကားတစ်ခွန်းမျှ မပြောပေ။ လေဟာပြင်ကို တုန်လှုပ်စေလောက်သော ကြောက်ခမန်းလိလိစွမ်းအင်များကို ထုတ်လွှတ်၍ တိုက်ခိုက်သည်။ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းကြီးများ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီး လက်ထဲရှိ ဓားရှည်သည် အဆက်မပြတ် တုန်ခါနေကာ ဦးခေါင်းထက်သို့ ပင့်မြှောက်ပြီးနောက် အောက်သို့ လွှဲခုတ်ပိုင်းလိုက်သည်။

ဝှစ်!

ဓားရောင်ခြည်သည် ကောင်းကင်တစ်ခွင်ကို တောက်ပသွားစေကာ တစ်လောကလုံးကို လင်းလက်သွားစေသည်။

ဓားချက်သည် အလွန်လျင်မြန်ပြီး မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ဝမ်ဖုန်းတို့နှစ်ဦးထံသို့ အစိတ်စိတ်အပိုင်းပိုင်း ခုတ်ပိုင်းပစ်မည့် အရှိန်အဟုန်ဖြင့် ဦးတည်သွားခဲ့သည်။

ထိုဓားချက်ကို ထုတ်လွှတ်ခုတ်ပိုင်းပြီးနောက် ဖေးယွီသည် ဓားကိုပြန်ရုတ်သိမ်း၍ မတ်မတ်ပြန်ရပ်လိုက်သည်။ ထို့နောက် ဝမ်ဖုန်းတို့နှစ်ဦးအား လူသေများကို ကြည့်နေသည့်အလား အထင်မြင်သေးစွာ ကြည့်နေခဲ့သည်။

သို့သော်ငြား ခဏကြာပြီးနောက်တွင် ဖေးယွီအား ကြောက်ရွံ့တုန်လှုပ်စေသည့်ဖြစ်ရပ် ဖြစ်ပျက်သွားခဲ့သည်။

ကောင်းကင်ဘုံဧကရာဇ်ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်ပစ်ရန် လုံလောက်‌၍ သွေး‌နီရောင်ဧကရာဇ်အဆင့်ကျင့်ကြံသူကို အပြင်းအထန်ဒဏ်ရာရစေနိုင်သော သူ၏ဓားချက်အား ဝမ်ဖုန်းသည် လက်ချောင်းလေးတစ်ချောင်း ဆန့်ထုတ်ညွှန်လျက် ခုခံခဲ့လေသည်။

ထိုလက်ချောင်းသည် သူ၏ဓားချက်ကို အသာအယာပင် ထိုးဖောက်သွားခဲ့ပြီး သူ၏ဓားရောင်ခြည်ကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏ဓားရောင်ခြည်သည် ကြီးလေးလှစွာသော စွမ်းအင်ကြီးနှင့် ထိတွေ့လိုက်ရသည့်အလား ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာလောကအတွင်း လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

“ဘယ်.. ဘယ်လိုဖြစ်နိုင်မှာလဲ”

ဖေးယွီသည် သရဲတစ္ဆေကို မြင်တွေ့လိုက်ရသည့်အလား မျက်လုံးအိမ်တို့ပြူးကျယ်လျက် မယုံကြည်နိုင်စွာ ရေရွတ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မထိန်းချုပ်နိုင်စွာ တုန်ယင်နေလေသည်။

ဖေးယွီ တိုက်ခိုက်ခဲ့သည့် ဓားချက်သည် သာမန်ကာလျှံကာ တိုက်ကွက်ဖြစ်ပါသော်ငြား သူ၏အင်အား ၈၀%ကို အသုံးပြုထားခဲ့ခြင်းဖြစ်၏။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်အရ အင်အား၈၀%ဖြစ်စေကာမူ သာမန်သွေးနီရောင်ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် သတိကြီးစွာ ခုခံရမည်ဖြစ်ပေသည်။ ကျင့်ကြံဆင့်တူသည့်ပါရမီရှင်ဖြစ်လျှင်သော်မှ သူ၏ဓားရောင်ခြည်ကို လက်ချောင်းတစ်ချောင်းဖြင့် ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်ပေ။

“မင်း.. တကယ်ပဲ ဘယ်သူလဲ”

ဖေးယွီသည် ဝမ်ဖုန်းကို စူးစိုက်ကြည့်လျက် ကျယ်လောင်စွာ မေးမြန်းသည်။ အလွတ်တမ်းကျင့်ကြံသူတစ်ဦးဖြစ်သော ဖေးယွီသည် တစ်နှစ်ပတ်လုံး လှည့်လည်သွားလာနေခဲ့သူဖြစ်၏။ ထို့ကြောင့် သူ၏စိတ်သ‌ဘောထားသည် သဘာဝအလျောက် ကြမ်းတမ်းသည်။ သို့သော် ဝမ်ဖုန်း၏လုပ်ဆောင်ချက်သည် သူ၏ကြမ်းတမ်းသောစိတ်သဘောထားကို များစွာ ကိုင်လှုပ်ပစ်ခဲ့ပေသည်။

ဝှစ်!

ဖေးယွီ၏အမေးစကားကို ကြားသော်ငြား ဝမ်ဖုန်းသည် မျက်လုံးအိမ်တို့ကိုသာ အနည်းငယ်မှေးကျုံ့လိုက်ပြီး ဂရုမစိုက်ပေ။ လက်ချောင်းတို့ကို စုစည်းလိုက်ပြီး ဓားလက်ချောင်းပုံစံ ပြုလုပ်လိုက်ရာ လက်ချောင်းထိပ်ဖျား၌ နေအလင်းကိုခွင်းနိုင်သည့် သက်တံရောင်ဓားရောင်ခြည်များ ဖြာထွက်လာခဲ့ပြီး ဟိုးအဝေးကောင်းကင်အထိ တောက်ပသွားခဲ့သည်။

ဓားရောင်ခြည်ဖြတ်သန်းသွားရာတစ်လျှောက်၌ လေဟာပြင်များ ဆုတ်ပြဲသွားပြီး ကြောက်ခမန်းလိလိသော ဓားထိပ်ဖျားသည် သူ၏အသားကို မထိစပ်မီ၌ပင် ဖေးယွီမှာ သူ၏ခန္ဓာကိုယ်အရေပြားများမှ စူးနစ်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။

“မင်းက အရမ်းအင်အားကြီးမားပါတယ်လို့ ငါကိုယ်တော် မယုံဘူး”

ဝမ်ဖုန်းမှ စကားမဆိုဘဲ တိုက်ရိုက်တိုက်ခိုက်လာသည်ကို မြင်သောအခါ ဖေးယွီ၏မျက်နှာသည် ရုတ်ချည်း အေးစက်သွားပြီး အသံနက်ဖြင့် အော်ဟစ်ပြောသည်။

ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် ဖေးယွီသည် ‌မောက်မာထောင်လွှားသည့် သဘာဝရှိကာ တုနှိုင်းမဲ့‌သူကဲ့သို့သော စိတ်နှလုံးရှိ၏။ သူ၏အင်အားသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခုလုံးရှိ မျိုးဆက်သစ်များအားလုံးထက် ပိုမိုသာလွန်သည်ဟု မဆိုဝံ့ပါချေ။ သို့သော်ငြား ထိပ်တန်းပါရမီရှင်မျိုးဆက်သစ်များသည် သူ့အား အလွယ်တကူ အနိုင်မယူနိုင်သည်မှာ‌တော့ သေချာပေ၏။

ဤထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲတွင် ပါဝင်ကြသူများသည် များသောအားဖြင့် အသက်တစ်ထောင်အောက်ရှိ မျိုးဆက်သစ်ကျင့်ကြံသူများဖြစ်ကြသည်။

ဘုန်း!

ထိုသို့အတွေးများဖြင့် ဖေးယွီသည်လည်း သူ၏လက်ထဲရှိ ပျက်သုဉ်းခြင်းဧကရာဇ်အကူလက်နက်ကို ဝှေ့ယမ်း၍ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို ဖြာထွက်ထုတ်လွှတ်သည်။

ဝှေ့ယမ်းမှုနှင့်အတူ ဓားစွမ်းအင်များ ဆက်တိုက်ထွက်ပေါ်လာပြီး ချက်ချင်းပင် သူ၏မျက်နှာတစ်ခုလုံးမှာလည်း သိပ်သည်းသောဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လက်ကိုဆန့်၍ တွန်းထုတ်လိုက်သောအခါ သိပ်သည်းသောဓားစွမ်းအင်များသည် သည်းထန်သည့်မိုးကဲ့သို့ ဒလဟော စီးကျလာသည်။ ထို့နောက် ဝမ်ဖုန်းထုတ်လွှတ်လိုက်သည့် ဓားရောင်ခြည်ကို ထိုးခွင်းသည်။

ဘန်း! ဘန်း!

ဓားစွမ်းအင်ထွက်ပေါ်လာချိန်တွင် လေဟာပြင်တစ်ခုလုံးသည် ဓားစွမ်းအင်ကို ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်ကြီး ပြိုကွဲသွားခဲ့သည့်အလား ကောင်းကင်ယံ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးဖြစ်တည်သွားခဲ့သည်။

ထိုမျှသိပ်သည်းထူထပ်လှစွာသော ဓားစွမ်းအင်ပမာဏသည် ဓားစွမ်းအင်မုန်တိုင်းကြီးအလား ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖိညှစ်ဖျက်ဆီးပစ်ကာ မြေပြင်တွင်လည်း အနက်ပေကို မသိနိုင်လောက်‌အောင်သော အက်ကွဲကြောင်းကြီးများ ဖြစ်တည်စေခဲ့သည်။ ဤကမ္ဘာ၏ မြေပြင်တွင် စုပုံနေခဲ့သော အရိုးစုများသည်လည်း အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ လေမုန်တိုင်းကဲ့သို့ ဓားစွမ်းအင်မုန်တိုင်း တိုက်ခတ်သောအခါ ကမ္ဘာတစ်ခုလုံးမှာ မီးခိုးရောင်ဖုံးလွှမ်းသွားတော့သည်။

ဘုန်း!

ထို့နောက်တွင်တော့ ဖေးယွီမှာ တစ်ဖန် ထိတ်လန့်တုန်လှုပ်သွားရပြန်သည်။

သူထုတ်လွှတ်လိုက်သည့် ဓားစွမ်းအင်သည် ဝမ်ဖုန်း၏ ဓားရောင်ခြည်နှင့် ထိခတ်သွားသောအခါ စက္ကူဖြူတစ်ရွက်ကဲ့သို့ အလွယ်တကူ ‌ဆုတ်ပြဲပြိုကွဲ‌သွားခဲ့သည်။ သူ၏ဓားစွမ်းအင်သည် ဓားရောင်ခြည်အား အချိန်ခဏမျှ ခုခံနိုင်ခဲ့ပြီးနောက် ချက်ချင်းပြိုကွဲသွားခဲ့ပြီး ဝမ်ဖုန်း၏ ဓားရောင်ခြည်သည် သူ့အား ဝါးတစ်ချောင်းကို ခုတ်ပိုင်းမည့်ဓားသွားအလား တစ်ဟုန်ထိုး ဦးတည်လာနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဖေးယွီသည် ခန္ဓာကိုယ်အရေပြားတစ်ခုလုံး စူးနစ်နာကျင်နေခဲ့ကာ စိုးရိမ်ထိတ်လန့်နေရန် အချိန်မရှိပါဘဲ အားကုန်‌ဟစ်ကြွေးအော်ဟစ်လျက် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို မိမိကိုယ်ကိုယ်ကာကွယ်ရန်အတွက် ဖြာထွက်ထုတ်လွှတ်ရတော့သည်။

ဖေးယွီ၏ခန္ဓာကိုယ်မှ ခမ်းနားကြီးကျယ်လှစွာသော စွမ်းအင်များ ဖြာထွက်လာခဲ့ပြီး အလွှာ၁၀လွှာရှိသော အကာအကွယ်စည်းကို ဖန်တီးလိုက်သည်။ အကာအကွယ်စည်းတစ်လွှာချင်းစီတိုင်း၌ အက္ခရာများလွှမ်းခြုံနေသည်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမားလှပေသည်။

သို့သော်ငြား ဝမ်ဖုန်း၏ဓားရောင်ခြည်ကိုမူ မခုခံနိုင်ပါချေ။

ဘန်း! ဘန်း!

ဖေးယွီ၏ ‌တုန်လှုပ်နေသောအကြည့်များအောက်၌ ဝမ်ဖုန်း၏ ဓားရောင်ခြည်သည် သူ၏အကာအကွယ်စည်း ပထမအလွှာကို အလွယ်တကူ ပြိုကွဲသွားစေခဲ့သည်။ ထို့နောက် ဒုတိယအလွှာ၊ တတိယအလွှာ… အကာအကွယ်စည်း ၁၀လွှာမြောက်တွင် ဝမ်ဖုန်း၏ဓားရောင်ခြည်သည် ခေတ္တရပ်တန့်သွားခဲ့သည်။ သို့သော် ၎င်းမှာ အချိန်တစ်ခုလေးမျှသာ ဖြစ်၏။

ဘုန်း!

ဓားရောင်ခြည်သည် ဖေးယွီ၏ မျက်ခုံးနှစ်လွှာကြားသို့ တိုက်ရိုက်ထိုးဖောက်သွားခဲ့ပြီး ထိုမျက်ခုံးနှစ်လွှာအကြား၌ သွေးစီးကျနေသော အပေါက်ကြီးဖြစ်တည်သွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကြီးလေးလှစွာသော အင်အားထုကြီးကြောင့် ဟိုအဝေး မြေပြင်ထက်သို့ လွင့်ထွက်သွားခဲ့ပြီး မြေပြင်မှာ တွင်းနက်ကြီးတစ်ခု ဖြစ်တည်သွားခဲ့သည်။

“အမ်?”

“အခုထိ မသေသေးဘူးလား”

ထိုအခိုက်အတန့်၌ ဝမ်ဖုန်း၏မျက်နှာထက်တွင် အံ့ဩမှုများ ထင်ဟပ်သွားရ၏။ ဝမ်ဖုန်းသည် ဖေးယွီအား မေးခွန်းအပြည့်ဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။ တိုက်ခိုက်ချေမှုန်းစွမ်းရည် မည်မျှကောင်းမွန်သည်ဖြစ်စေ သွေးနီရောင်ဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသည် နက္ခတ်ဧကရာဇ်အဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ယှဉ်တိုက်နိုင်လျှင်သော်မှ အဆင့်များစွာ ကွာခြားသည့် ဝမ်ဖုန်း၏တိုက်ခိုက်မှုကိုမူ ခံနိုင်ရည် မရှိနိုင်ပေ။

သူ၏ဓားရောင်ခြည်သည် ဖေးယွီ၏မျက်ခုံးနှစ်လွှာကြားသို့ ထိုးဖောက်သွားခဲ့သည့်တိုင် ဖေးယွီသည် မသေဆုံးသေးပေ။

အခြားသူဖြစ်ခဲ့လျှင်၊ ဖေးယွီနှင့် ကျင့်ကြံဆင့်တူညီသည့် အခြားသော မျိုးဆက်သစ်ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လျှင်ပင် ရုတ်ချည်းသေဆုံးသွားခဲ့မည်ဖြစ်၏။ သို့သော် ဖေးယွီသည် ကွာခြားသည်။ ဖေးယွီ၌ အင်မော်တယ်ဧကရာဇ်အဆင့်၏ လျှို့ဝှက်ဆန်းကြယ်မှုအငွေ့အသက်တစ်မျှင် ငြိစွန်းနေပေသည်။

All Chapters