ပါရမီရှင်များ၏တိုက်ပွဲ
Vol. 51 Ch. 708
ဝမ်ဖုန်း၏ဓားက ဖေးယွီ၏မျက်ခုံးကို ဖြတ်တောက်သွားပြီးသည့်နောက်တွင် ဖေးယွီထံမှ တောက်ပသော အင်မော်တယ်ဧကရာဇ် အလင်းတန်းများထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်း၏ဓားကိုတန်ပြန်၍ သူ၏အသက်ကို ကာကွယ်ပေးလိုက်သည်!
အင်မော်တယ်ဧကရာဇ်စွမ်းအားရှင်များသည် အရမ်းကို ကြောက်စရာကောင်းပါသည်။ သာမန်ရောင်စဉ်တန်းလေးတစ်ခုကတောင် တစ်စုံတစ်ယောက်၏အသက်ကို ကာကွယ်နိုင်စွမ်းရှိ၏။
သို့သော်လည်း အင်မော်တယ်အလင်းတန်းက ဖေးယွီ၏အသက်ကို ကာကွယ်ပေးပြီးသည့်နောက်တွင်တောင် ဖေးယွီဟာ ဒဏ်ရာအပြင်းအထန်ရနေဆဲသာ။ သူ၏ဝိဉာဉ်သည် ဝမ်ဖုန်း၏ ပြိုင်ဘက်ကင်းသော ဓားအလင်းတန်းကြောင့် ထွင်းဖောက်ခံခဲ့ရကာ အပြင်းအထန် အက်ကွဲလုမတတ်ဖြစ်နေခဲ့သည်။
စိတ်ဝိညာဉ်ကို ထိခိုက်ဒဏ်ရာရခြင်းမှာ သာမန်မဟုတ်သော စွမ်းအားရှင်များအတွက်တောင် အလေးအနက်မှတ်ယူရန် လိုအပ်သည်။ ဒီလိုမှမဟုတ်လျှင် ပြင်းထန်သော အကျိုးဆက်များကိုဖြစ်စေလိမ့်မည်။
"ဖစ်!"
ဖေးယွီသည် တွင်းပေါက်ကြီးအတွင်းမှ ပြန်တက်လာခဲ့သည်။ သွေးများဟာ သူ၏အာခံတွင်းမှ ယိုစီးထွက်လာခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံးဟာ ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်ဟာလည်း အကြောက်တရားတို့ဖြင့် တရစပ်တုန်ယင်နေခဲ့သည်။
ဤအချိန်တွင် သူဟာ သေခြင်းတရားနှင့်နီးကပ်စွာ ခံစားခဲ့ရသည်။ အေးစက်၍ စိတ်ပျက်အားေလျာ့နေသော ခံစားချက်ကြီးသည် သူ့ကို ခြောက်ခြားစေခဲ့သည်။ ဤအကြိမ်မှာ သူ့အနေဖြင့် သေခြင်းကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးခြင်းဖြစ်သည်။
"ပြေးတော့!"
ဖေးယွီသည် တုံ့ဆိုင်းမနေတော့ဘဲ နောက်ကိုလှည့်၍ ထွက်ပြေးတော့သည်။သူ့ကိုတောင် တိုက်ကွက်တစ်ကွက်ဖြင့် သတ်ဖြတ်နိုင်လုမတတ်ဖြစ်ခြင်း။ ထိုကဲ့သို့ တည်ရှိမှုကြီးဟာ သူရင်ဆိုင်နိုင်သောအရာ ဟုတ်မနေပါချေ။ ထာဝရညဉ့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲတွင် ဤကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင်ထွက်ပေါ်လာမည်ဟု မည်သူက ထင်ထားအံ့နည်း။
ကမ္ဘာလောက၏ ထိပ်တန်း ပါရမီရှင်ဖြစ်သော သူဟာ ဝမ်ဖုန်း၏တိုက်ကွက်တစ်ခုကိုတောင် မတားဆီးနိုင်ခဲ့ပါ။ ဤသတင်းသာ ပျံ့လွင့်သွားလျှင် ပျက်သုဉ်းခြင်းဘုံလောကကြီးတစ်ခုလုံးကို ကျိန်းသေပေါက် ခါယမ်းပစ်လိမ့်မည်။ ဤမျှလောက် ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါး!
"ဘုန်း!"
သို့ပေသော်ငြားလည်း သူပျံသန်းထွက်ပြေးသွားသည့်အခါတွင် ကျယ်ပြောသော ကောင်းကင်ယံထက်မှ ကျဆင်းလာသည့် တောက်ပသော အလင်းတန်းဟာ သူ့အပေါ် ဖိနှိပ်ထားခဲ့သည်။ အစွမ်းထက်သော အရှိန်အဝါသည် ကောင်းကင်ဘုံကြီးတစ်ခုလုံးကို ခါယမ်းစေခဲ့၏။
"မဟုတ်ဘူး!"
ကြီးမားသော အလင်းတန်း၏ဖိနှိပ်မှုအောက်တွင် ဖေးယွီ၏ခန္ဓာကိုယ်ဟာ မတည်မငြိမ်ဖြစ်လာခဲ့သည်။ သူဟာ လှုပ်ရှားရန်မစွမ်းသာတော့ပါ။ ဖေးယွီသည် စိတ်ပျက်အားလျော့နေခဲ့၏။
"ဘုန်း!"
သူ၏ခြောက်ခြားနေသော မျက်ဝန်းများအောက်တွင် ပြင်းထန်သော စွမ်းအားများက ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ မြေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားလျက် အက်ကွဲကြောင်းများဖြစိပေါ်လာခဲ့သည်။ အစွမ်းထက်သော လေထုဖိအားကြောင့် လေဟာပြင်သည် တစ်စစီ အက်ကွဲနေခဲ့သည်။ အဆိုပါမြင်ကွင်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေအက်ကွဲလုမတတ် ဖြစ်နေခဲ့သည်။
ဖေးယွီ၏ခန္ဓာကိုယ်ဟာ အရိုးတစ်စတောင်မကျန်တော့ဘဲ တိုက်ရိုက်အက်ကွဲသွားခဲ့သည်။ သူဟာ လုံးဝကို ပျောက်ကွယ်သွားပါ၏။ အင်မော်တယ်အလင်းတန်းမရှိတော့သည့်အခါ သူသည် ဝမ်ဖုန်း၏တိုက်ကွက်ကို လုံးဝ ခုခံနိုင်စွမ်းမရှိတော့ပါ။ တိုက်ကွက်တစ်ကွက်ဖြင့်ပင် သေသည်အထိ ရိုက်နှက်ခံခဲ့ရ၏။
ဖေးယွီ ဤကဲ့သို့ သေဆုံးသွားသည်ကို တွေ့မြင်ရသည့်အခါ ဝမ်ဖုန်း၏ဘေးတွင် မတ်တပ်ရပ်နေသော ရွှမ်းယွမ်သည် ရှုပ်ထွေးသော စိတ်ခံစားမှုတို့ကို ဖွင့်လှစ်ပြလာခဲ့သည်။ ဖေးယွီဟာ ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီး၌ သန်မာသောထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်ပါသည်။ ထိုသို့သော လူတစ်ယောက်သာ မသေဆုံးသွားခဲ့လျှင် ကျိန်းသေပေါက် စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် အဆင့်တက်နိုင်လိမ့်မည်။
ထိုသူက မှားယွင်းသော လူတစ်ယောက်ကို ရန်စမိခဲ့ခြင်းမှာ သနားစရာကောင်းလှသည်။ ဂိုဏ်းချုပ်ကို ရန်စမိခဲ့ခြင်းဖြစ်ရာ သေခြင်းနှင့်သာ ထိပ်တိုက်တွေ့ရတော့သည်။
"အကျိုးအမြတ်တွေက မနည်းဘူး.."
ဖေးယွီကို သတ်ဖြတ်လိုက်ပြီးနောက် ဝမ်ဖုန်းသည် သူ၏တံဆိပ်ပြားကို စိုက်ကြည့်လိုက်သည့်အခါ တံဆိပ်ပြားအတွင်းရှိ အမှတ်များ အပြောင်းအလဲဖြစ်သွားခြင်းကို တွေ့မြင်ခဲ့ရသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ဖေးယွီကို သတ်ဖြတ်လိုက်ရုံကတင် သူ့ကို အမှတ်တစ်ထောင်လောက် ရရှိစေခဲ့သည်။ တစ်ရက်ထဲမှာ ဖေးယွီက လူတစ်ထောင်လောက်ကို သတ်ဖြတ်ခဲ့တာပဲ။ တကယ့်ကိုရက်စက်လွန်းတယ်!
"သွားကြရအောင်"
ခံစားမှုတို့ဖြင့် သက်ပြင်းချလိုက်ပြီး နောက် ဝမ်ဖုန်းသည် ရွှမ်းယွမ်ကို ခေါ်ဆောင်ကာ နေရာလွတ်၏အနက်ပိုင်းသို့ ဆက်လက်၍ တိုးဝင်သွားခဲ့သည်။ နေရာလွတ်ကြီးတစ်ခုလုံးဟာ ကြီးမားပါ၏။ တစ်နေ့တာလုံး လမ်းလျှောက်ပြီးတာတောင် ဝမ်ဖုန်းတို့သည် အဆုံးသတ်ကို မရောက်နိုင်သေးပါ။ ဝမ်ဖုန်း၏ လက်ရှိစွမ်းအားအသိဖြင့်တောင် ဤနေရာလွတ် အဘယ်မျှကြီးမားကြောင်းကို အာရုံခံ၍ မရပါချေ။
ဝမ်ဖုန်းနှင့်ရွှမ်းယွမ်တို့ ဆက်လက်သွားလာနေစဉ်တွင် နေရာလွတ်တစ်ခုလုံးအတွင်း၌ သတ်ဖြတ်မှုများမှာလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တစ်စုံတစ်ဦးကသာ ကောင်းကင်ပေါ်မှ ငုံ့ကြည့်လျှင် အသွေးအသားများနှင့်အရိုးစုများကို အပုံလိုက် တွေ့မြင်ရမှာဖြစ်၏။ ဒါ့အပြင် သွေးမြူခိုးထူများကလည်း နေရာလွတ်တစ်ခုလုံးနီးပါး၌ ထွက်ပေါ်လာလျက်ရှိချေသည်။
သိုသော်လည်း အဆိုပါ သွေးမြူထူများသည် လေထုအတွင်း၌ ပျံ့ကြဲ၍ရှိမနေဘဲ တစ်ခုသော တည်နေရာသို့ ဆွဲယူခံခဲ့ရသည်။ သွေးစီးကြောင်းကြီး ရွေ့လျားနေသကဲ့သို့ အင်မတန် ထူးခြားဆန်းပြားနေခဲ့သည်။
နေရာလွတ်အတွင်း၌ ဤမူမမှန်မှုကို မည်သူကမျှ သတိမထားမိခဲ့ပါ။ ဝမ်ဖုန်းကတောင်မှ သတိမပြုမိခဲ့ချေ။
ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့ ရှိနေသောနေရာနှင့် မိုင်ထောင်ချီဝေးကွာသော နေရာ၌ ဟုန်ယန်ဘုရားကျောင်း၏ ပါရမီရှင် ယန်ထျန်းဖုန်းသည် ကွေ့ဝူနှင့်ထိပ်တိုက်တွေ့နေခဲ့သည်။
ပထမတုန်းက ယန်ထျန်းဖုန်းသည် ကွေ့ဝူနှင့် ထိပ်တိုက်မတွေ့ဆုံချင်ခဲ့ပါ။ ကွေ့ဝူဟာ လွယ်ကူသော ပြိုင်ဘက်မဟုတ်ဘူးလေ။ သို့သော်လည်း ကွေ့ဝူနဲ့ အမှန်အကန် တွေ့ဆုံပြီဖြစ်ရာ သူသာ ရှောင်သွားပါက သတင်းပျံ့သွားလျှင် သူ၏ဂုဏ်သတင်း ပျက်ဆီးရလိမ့်မည်။ သူဟာ အဘယ်အကြောင်းကြောင့်များ ထာဝရညဉ့်ဦးယံမြို့၏ လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်နေရမည်နည်း။
ကွေ့ဝူဟာ အရူးတစ်ယောက်သာဖြစ်သည်။ သူဟာ ကျင့်ကြံရေးကိုသာ သိပြီး အမြင့်ကို တက်လှမ်းလိုစိတ်သာရှိသည်။ ယန်ထျန်းဖုန်းသာ သူ့ကိုဖြတ်ကျော်သွားပါက သူသည် ဂုဏ်သိက္ခာတွေဘာတွေကို စဉ်းစားနေမည်မဟုတ်ဘဲ ဤအတိုင်းသာ ဆက်၍ ခရီးနှင်မည်ဖြစ်သည်။
ကွေ့ဝူ၏မျက်ဝန်းများသည် တောက်ပနေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ ပြင်းထန်သော အရှိန်အဝါတို့ကို ဖော်ဆောင်နေခဲ့သည်။ သူဟာ ယျန်ထျန်းဖုန်းရှိရာသို့ ဖြည်းညင်းစွာ ခြေလှမ်းလာခဲ့သည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းတွင် မြေပြင်ဟာ တုန်ယမ်းလာခဲ့၏။
ဤသည်ကိုမြင်တော့ ယန်ထျန်းဖုန်းကလည်း နောက်ကျ၍မကျန်ရစ်ချင်ပါ။ သူ့ထံမှ တောက်ပသော အနီရောင်အလင်းတန်းထွက်ပေါ်လာခဲ့ကာ အရပ်လေးမျက်နှာသို့ ရုတ်ချည်းပျံ့နှံ့သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာအလျှံတညီးညီးတောက်ပသော မီးလျှံများအကြား ရှိနေခဲ့ပုံပေါ်သည်။ သူဟာ မီးနတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်လေထုသည် လောင်ကျွမ်းဆွေးမြေ့လာခဲ့၏။
"ကျား!"
ယန်ထျန်းဖုန်း၏မျက်ဝန်းများမှာ အေးစက်သွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလျက် လက်ကိုဆန့်တန်း၍ ဆွဲစုလိုက်သည်။ မီးတောက်နေသော အနီရောင်ဓားတစ်လက်သည် သူ၏လက်ခုပ်အတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူသည် ကိုယ်တွင်းရှိစွမ်းအင်များကို ဓားရှည်ထံသို့ အရူးအမူးသွပ်သွင်းလိုက်ပြီး ဓားရှည်ကို လွှဲယမ်းခုတ်ပိုင်းလိုက်သည်။ မယှဥ်သာသော ဓားအလင်းတန်းသည် မီးတောက်တို့ဖြင့် ရောထွေးလျက် ကွေ့ဝူထံသို့ သက်ဆင်းလာခဲ့သည်။
အဆိုပါဓားသည် ကောင်းကင်ယံမှ ပြုတ်ကျလာသော အလျှံတညီးညီးတောက်ပသည့် နေဝင်းအလားဖြစ်ပေါ်နေခဲ့သည်။ အရှိန်အဟုန်မှာပြင်းထန်၍ လေထုဟာ ပူပြင်းနေခဲ့သည်။
"ဘုန်း!"
ဤဓားနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ကွေ့ဝူသည် မျက်ဝန်းများကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။ သူဟာ ခြေကို ဆောင့်နင်းလိုက်သည့်အခါ မြေပြင်ဟာ ပေါက်ကွဲထွက်သွားရသည်။ သူသည် ထိန်းချုပ်မှုမရှိဘဲ လက်သီးလုံးတစ်ခုကို ပစ်သွင်းခဲ့သည်။ တစ်ခုတည်းသောလက်သီးဟာ မာကြော၍ ပြင်းထန်နေခဲ့၏။
ခမ်းနားသော စွမ်းအင်တချို့သည် ကွေ့ဝူ၏လက်သီးအတွင်းစုရုံးသွားခဲ့ကာ လက်သီးလုံးကို တောက်ပ လင်းဖြာလာစေခဲ့သည်။ အဆိုပါလက်သီးချက် ထွက်ပေါ်လာသည့်နှင့်တစ်ပြိုင်နက် လေဟာပြင်ဟာ အက်ကွဲ၍ ကမ္ဘာလောကဟာ အရောင်အသွေးပြောင်းလဲသွားခဲ့သည်။ မမြင်တွေ့နိုင်သော စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက် လေဟာပြင်ကို ဆုတ်ဖြဲပစ်စေခဲ့သည်။
"ဘုန်း!
မျက်တောင်တစ်ခတ်အတွင်း၌ လက်သီးနှင့် ဓားအလင်းတန်းတို့သည် ပြင်းထန်စွာ ထိတွေ့မိခဲ့သည်။ ဓားစွမ်းအင်နှင့် လက်သီးစွမ်းအင်တို့သည် လေးမျက်နှာကိုခါယမ်းစေခဲ့သည်။ မီးတောက်မီးလျှံများနှင့်အတူ ပြင်းထန်သော အရှိန်အဝါသည် ဝဲပျံ့ထွက်ပေါ်လျက်ရှိပေသည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးကို အခြေပြု၍ မိုင်တစ်ရာပတ်လည်သည် အရာအားလုံးဖျက်ဆီးခံခဲ့ရ၏။