← Chapters

မီးတောက်နီတို့ဖြင့်ဝန်းရံသော။

Vol. 51 Ch. 709

မီးတောက်နီတို့ဖြင့်ဝန်းရံသော။

Vol. 51 Ch. 709

" ဘုန်း....! "

ဤတိုက်ကွက်တွင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ အနိုင်မယူနိုင်ခဲ့ပါ။ ကောင်းကင်ကြီး၏အောက်တွင် ဖုန်မှုန့်များနှင့် မြူခိုးမြူငွေ့များ တသောင်းသောင်းထလာခဲ့သည်။ သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်၍ ပြေးလွှားသွားကြပြန်သည်။

ကြယ်ကြီးနှစ်လုံး တစ်ခုနဲ့တစ်ခု အပြင်းအထန်ပွတ်တိုက်မိသွားသကဲ့သို့ ပေါက်ကွဲသံတရစပ် ဖြစ်ပေါ်လာခဲ့သည်။ အစွမ်းထက်သော စွမ်းအားသည် အရပ်လေးမျက်နှာသို့ ဆက်လက်ပျံ့လွှင့်လျက်ရှိကာ ဝန်းကျင်ရှိ အရာရာတိုင်းကို ထပ်မံ၍ ဖျက်စီးခဲ့သည်။ ကမ္ဘာမြေကြီးသည် ဧရာမနဂါးကြီးတစ်ကောင် လူးလွန့်လိုက်သကဲ့သို့ တုန်ယင်သွားခဲ့ကာ မြင်ကွင်းမှာ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။

ယန်ထျန်းဖုန်းသည် သူ့လက်ထဲရှိ မီးတောက်နီဓားကို ဝှေ့ယမ်းခဲ့သည်။ ဓားအလင်းတန်းများမှာ နီစွေးနေခဲ့ပြီး ၎င်းဓားဖြတ်ပိုင်းလိုက်သည့်အခါ မီးတောက်၊မီးလျှံကြီးတစ်စင်း စီးဆင်းလာသကဲ့သို့ ဖြစ်ချေသည်။

တစ်ဖက်ရှိကွေ့ဝူကလည်း တိုက်ကွက်ထုတ်ဖော်ခဲ့သည်။သူ၏ကိုယ်ခန္ဓာတစ်ခုလုံးဟာ ခွန်အားတို့ဖြင့် ပွက်ပွက်ဆူနေခဲ့သည်။ သူ၏အရေပြားပေါ်တွင် ထူထပ်များပြားသော သင်္ကေတအက္ခရာများ ထွက်ပေါ်လာခဲ့ကာ ယင်းသင်္ကေတများထံမှ တောက်ပသောအလင်းတန်းကို ဖော်ထုတ်နေခဲ့သည်။ နဂါးနဲ့ကျားများ၏အော်ညည်းသံသဲ့သဲ့သည် သူ၏ကိုယ်ခန္ဓာအနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာခဲ့သည်။

သူ၏လက်သီးလုံးများအတွင်း၌ ခွန်အားတို့သည် စုရုံးလျက်ရှိကာ အဆိုပါလက်သီးလုံးနှစ်လုံးကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် ပင်လယ်ပြင်မှ နဂါးနှစ်ကောင်ထိုးထွက်လာသကဲ့သို့ ပြင်းစွာသောခွန်အားကို ဖြစ်တည်စေခဲ့သည်။

" ဘုန်း...! "

ခေါင်းလောင်းမြည်သံကြီးကဲ့သို့ ကွဲအက်သံကြီးများ ဖြစ်ပေါ်လာခဲ့ကာ စွမ်းအင်ဖိအားတို့သည် ဆက်လက်ပျံ့လွင့်လျက် ရှိချေသည်။ ဤတိုက်ပွဲ၏မျက်မှောက်တွင် အရာရာဟာ ဖျက်စီးခံခဲ့ရသည်။ ဓားအလင်းတန်းများနဲ့ လက်သီးအလင်းတန်းများကသာ အကြိမ်တိုင်းထွက်ပေါ်လာလျက် ဆက်လက်အဖျက်စွမ်းအားတို့ကို ဖော်ထုတ်လျက် ရှိသည်။

" မင်းလို ထာဝရညည့်ဦးယံမြို့ရဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်က ဒီလောက်အစွမ်းထက်မယ်လို့ ငါထင်မထားခဲ့ဘူး။ ငါမင်းကို အထင်သေးခဲ့မိတာပဲ။ "

ယန်ထျန်းဖုန်းသည် မျက်ဝန်းများကိုမှေးကျဥ်းလျက် ကွေ့ဝူကိုစိုက်ကြည့်ကာ အေးစက်သောအသံဖြင့် အော်ဟစ်ပြောဆိုခဲ့သည်။ သူ၏အင်အားပြည့်တိုက်ကွက်နှစ်ခုကတောင် ကွေ့ဝူကို ဒဏ်ရာရစေရန် ကျရှုံးခဲ့သည်။ ယန်ထျန်းဖုန်းဟာ မပျော်မရွှင်ဖြစ်နေခဲ့၏။

သူဟာ ဟုန်ယန်ဘုရားကျောင်း၏ ဂုဏ်သရေရှိသော သခင်ငယ်လေးဖြစ်သည်။ ကွေ့ဝူကတော့ သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါ၏။သူနဲ့အဘယ်ကြောင့် ယှဥ်ပြိုင်နိုင်‌ေနရသနည်း။

" ဘုန်း....! "

ကွေ့ဝူ၏အမူအရာဟာ တည်ငြိမ်စွာဖြင့်သာ ရှိနေဆဲသာ။သူဟာ ဆက်လက်၍ လက်သီးတို့ဖြင့် ထိုးခတ်တိုက်ခိုက်ခဲ့သည်။ ကြီးကျယ်သောစွမ်းအင်တို့သည် ဧရာမလက်သီးအလင်းတန်းကြီးအဖြစ် ဆွဲစုသွားခဲ့ကာ ယန်ထျန်းဖုန်း၏အပေါ်ကို ငုံ့မိုးထားခဲ့သည်။လေထုတစ်ခုလုံးသည် တောက်ပသောလက်သီးလုံးကြီး၏လွှမ်းမိုးမှုကို ခံခဲ့ရသည်။ လေဟာပြင်၌ အနက်ရောင်အက်ကွဲကြောင်းများ ထင်ဟပ်လာခဲ့၏။

" အဟက် ...! "

" သေချင်နေတာပါလား "

ကွေ့ဝူက တိုက်ရိုက်တိုက်ခိုက်ရဲတာကိုတွေ့တော့ ယန်ထျန်းဖုန်းဟာ အေးစက်စွာ နှာမှုတ်ခဲ့၏။ သူ၏မျက်ဝန်းများမှာ မီးတောက်မီးလျှံများကဲ့သို့ စွေးစွေးနီနေခဲ့သည်။ အစွမ်းထက်သောအရှိန်အဝါသည် သူ့ထံမှမြှင့်တက်ထွက်ပေါ်လာခဲ့ကာ သူ့လက်အထဲရှိ ဓားရှည်ထံသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။

စွမ်းအင်တို့၏ ကွန့်မြူးမှုကြောင့် ဓားရှည်သည် အပြင်းအထန် ခါယမ်းလာခဲ့သည်။ ဓားကိုယ်ထည်မှနေ၍ အနီရောင်မီးတောက်မီးလျှံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါမီးတောက်သင်္ကေတများသည် ဓား၏ပတ်လည်တွင်ဝဲလွင့်နေခဲ့ကာ ယင်းတို့ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝန်းကျင်ရှိ အပူရှိန်ဟာလည်း တိုးမြှင့်သွားခဲ့သည်။

" မီးတောက်နီကောင်းကင်ဘုံ ဖြတ်ပိုင်းချက် !"

ယန်ထျန်းဖုန်းသည် လက်အထဲ၌ ဓားအရှည်ကိုဆွဲကိုင်လျက် သူ့ကိုယ်တွင်းရှိစွမ်းအင်တို့ကို ဓားအတွင်းသို့ အဆက်မပြတ် ထည့်သွင်းလိုက်သည်။ ယန်ထျန်းဖုန်း၏စိတ်ဆန္ဒအောက်တွင် မီးတောက်သင်္ကေတများသည် သေးငယ်၍စူးရှသော မီးတောက်ဓားကလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ လေဟာပြင်၌ မီးတောက်ဓားများ အပြည့်ရှိနေခဲ့သည်။

" ဘုန်း...! "

ယန်ထျန်းဖုန်း၏ဓားချက် ဖြတ်ပိုင်းထွက်ပေါ်လာသည့်အခါ ထိတ်လန့်စရာကောင်းသောဓားအလင်းတန်းသည် မီးတောက်ဓားငယ်များနှင့်အတူ ကွေ့ဝူထံသို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။ ယင်းဓားဟာ ကမ္ဘာလောကကို ထက်ပိုင်းဖြတ်ခဲ့၏။

" ဘုန်း.... !"

ဓားအလင်းနဲ့လက်သီးအလင်းတို့သည် ပြင်းထန်စွာထိတွေ့မိခဲ့ကာ ကျယ်လောင်သော ပေါက်ကွဲသံတို့ကို ဖြစ်ပေါ်စေခဲ့သည်။ လေဟာပြင်သည် ပြင်းစွာသော ဖိအားအရှိန်ကြောင့် တိုက်ရိုက်လွင့်စင်ထွက်သွားခဲ့ကာ အက်ကွဲကြောင်းများသည် အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။

ထူးမြတ်သော ပါရမီရှင်နှစ်ယောက်၏ တိုက်ပွဲ....။

အပြင်လောကတွင်ဆိုပါက ဤတိုက်ပွဲသည် မရေမတွက်နိုင်သောလူတို့ကို ဆွဲဆောင်နိုင်၏။ သို့သော်လည်း ယခုအချိန်၌တော့ ဘယ်သူကမှ တိုက်ပွဲကို လာရောက် မကြည့်ရှူရဲကြပါ။ ဤနေရာသို့ တစ်စုံတစ်ယောက်သာ ခြေလှမ်းမှား၍ဝင်သွားမိလျှင်တောင် ကွေ့ဝူနဲ့ ယန်ထျန်းဖုန်းတို့၏မျက်နှာကို မြင်သည်နှင့်တပြိုင်နက် ချက်ချင်းကိုတန်း၍ လှည့်ပြေးမှာ ဖြစ်သည်။

သို့ပေသော်ငြားလည်း ခြွင်းချက်နှစ်ခုတော့ ရှိပါသေးသည်။ ယင်းတို့မှာ ဝမ်ဖုန်းနဲ့ရွှမ်းယွမ်တို့ ဖြစ်ကြသည်။

ဝမ်ဖုန်း၏စိတ်အသိစွမ်းအင်ကြောင့် တိုက်ပွဲနှင့်မိုင်(3000)ခန့်အကွာအဝေးသို့ ရောက်သည့်အခါ လှုပ်ရှားမှုများကို အာရုံခံနိုင်ခဲ့သည်။ သို့သော်လည်း သူဟာ အလျင်လိုခြင်းမရှိဘဲ ရွှမ်းယွမ်ကိုခေါ်ဆောင်၍ အေးဆေးစွာဖြင့် ထိုအရပ်မျက်နှာသို့ လျှောက်လှမ်းလာခဲ့သည်။

အဆိုပါနေရာသို့ ရောက်ရှိသွားသည့်အခါ သူနဲ့ရွှမ်းယွမ်တို့သည် ကောင်းကင်ယံအထက်ရှိတိုက်ပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှူနေခဲ့သည်။ သူတို့ဟာ ချက်ချင်းလှုပ်ရှားခြင်းမပြုခဲ့ပါ။

ထာဝရညည့်ဦးယံမြို့အတွက် မြို့အရှင်တိုက်ပွဲတွင် ဘုံလောကကြီးတစ်ခုလုံး၏ ပါရမီရှင်များစုရုံးလျက် ရှိသည်။ သူတို့အားလုံးဟာ သာမန်မဟုတ်သော စွမ်းဆောင်ရည်တို့ကို ပိုင်ဆိုင်ထားသည်။ဤသည်က သူ၏ရှန်ရှန်ကျုံဂိုဏ်းအတွက် ဂိုဏ်းတပည့်များစုဆောင်းရန် ကောင်းမွန်သောအခွင့်အရေးဖြစ်သည်။ ဖေးယွီသာ ယခင်က အရမ်းမောက်မာမနေခဲ့လျှင် ဝမ်ဖုန်းဟာ ထိုသူကိုလည်း ရှန်ရှန်ကျုံဂိုဏ်းအတွင်း ခေါ်ယူချင်မိသည်။

လက်ရှိတိုက်ခိုက်နေသောကွေ့ဝူသည် ထာဝရညည့်ဦးယံမြို့၏ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ထိုသူသာ သူ၏စစ်ဆေးမှုကိုဖြတ်သန်းနိုင်လျှင် ဝမ်ဖုန်းဟာ ဂိုဏ်းအတွင်းသို့ခေါ်ယူရန် စိတ်မရှိပါ။

" ဘုန်း....! "

ယန်ထျန်းဖုန်းနှင့်ကွေ့ဝူတို့သည် ဝမ်ဖုန်းနှင့်ရွှမ်းယွမ်တို့၏ ထွက်ပေါ်လာမှုကို သတိမထားမိခဲ့ချေ။ သူတို့နှစ်ဦးဟာ အပြင်းအထန် ဆက်လက် တိုက်ခိုက်နေခဲ့သည်။ ယန်ထျန်းဖုန်း၏ လက်အတွင်းမှ မီးတောက်ဓားအလင်းတန်းများ ထွက်ပေါ်လာခဲ့ကာ ကွေ့ဝူထံသို့ အဆက်မပြတ် ပြိုဆင်းလျက် ရှိသည်။ ကွေ့ဝူထံမှလည်း လက်သီးအလင်းတန်းများကလည်း ယန်ထျန်းဖုန်းထံသို့ အချိန်နဲ့အမျှ ထိုးခတ်တိုက်ခိုက်လျက် ရှိသည်။

ပြင်းထန်သောဖိအားကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏ တစိတ်တဒေသသည် ပျက်စီးယိုယွင်းသွားခဲ့ရသည်။ လေဟာပြင်တွင် အက်ကွဲရာများဖြစ်ပေါ်နေခဲ့သည်မှာ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။

" ကွေ့ဝူ ...မင်းက သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက်ပါပဲ။ ဒီအရှင်နဲ့တိုက်ခိုက်ဖို့ ဘယ်ကသတ္တိတွေကို အသုံးပြုနေတာလဲ!? "

" ဒီအရှင်က ဟုန်ယန်ဘုရားကျောင်းရဲ့ သခင်လေးကွ။ မြင့်မားတဲ့နောက်ခံနဲ့ နက်ရှိုင်းတဲ့အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတယ်။ ဒါက မင်းရင်ဆိုင်နိုင်မယ့် အရာ မဟုတ်ဘူး။ "

ယန်ထျန်းဖုန်းသည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့သည်။ သူဟာ ကွေ့ဝူ၏ စိတ်အခြေအနေကို ဖျက်စီးချင်သည်။သူ၏စကားလုံးများနဲ့အတူ ယန်ထျန်းဖုန်း၏ခွန်အားများကလည်း ပို၍မြင့်တက်လာခဲ့သည်။

" ဟုန်ယန်ထျန်းဖူ ! "

မိုးခြိမ်းသံကဲ့သို့ တိုးညှင်းသောအသံတစ်သံသည် ယန်ထျန်းဖုန်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ မီးတောက်မီးလျှံတို့၏သင်္ကေတများသည် ဆက်လက်မြင့်တက်ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ယန်ထျန်းဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်နီတို့ဖြင့် ဖုံးအုပ်ခြင်းခံခဲ့ရသည်။ မီးတောက်နီသင်္ကေတများ၏ထွက်ပေါ်လာပုံ၏ ပတ်ဝန်းကျင်အပူရှိန်ကို လောင်ကျွှမ်းလုမတတ်ဖြစ်သွားစေခဲ့သည်။ ကမ္ဘာလောကကြီးဟာ မီးပြင်းဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ အင်မတန်ပူပြင်းတောက်လောင်နေခဲ့သည်။

ယန်ထျန်းဖုန်းသည် ဓားရှည်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ လျို့ဝှက်ဆန်းကြယ်သောအရှိန်အဝါသည် သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်လျက် ရှိသည်။ ၎င်းအရှိန်အဝါသည် သူ၏ပတ်လည်တွင်ဝဲလွင့်နေသော မီးတောက်နီရောင်သင်္ကေတများနဲ့ သဟဇာတသင့်စွာ ပေါင်းစပ်သွားခဲ့သည်။ ယင်းနောက် ယန်ထျန်းဖုန်း၏နောက်ကျောဖက်တွင် မီးတောက်မီးလျှံသင်္ကေတတို့ဖြင့်ဖွဲ့စည်းထားသော မြင့်မားသောပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဆိုပါဧရာမပုံရိပ်ကြီးတွင် နီစွေးသောခန္ဓာကိုယ်ရှိသည်။ မီးလျှံတို့သည် သူ၏ခန္ဓာကိုယ်အပြည့် ဖုံးအုပ်ထားခဲ့သည်။သူဟာ ကောင်းကင်ယံထက်မှ မီးတောက်နတ်ဘုရား သက်ဆင်းလာသည့် နတ်ဘုရားအလား ခမ်းနားသောမြင်ကွင်းကို ဖော်ဆောင်နေခဲ့သည်။

အဆိုပါပုံရိပ်ကြီးထွက်ပေါ်လာသည့်အခါ လေဟာပြင်သည် တွန့်လိမ်သွားခဲ့သည်။ ဤပုံရိပ်ကြီး၏အမျက်ဒေါသတို့ကို သည်းမခံနိုင်သည့်အလား လေထုဟာ ပေါက်ကွဲလျက် အက်ကွဲကြောင်းတို့ကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။

မူလက မဲမှောင်နေသော ကမ္ဘာလောကကြီးတွင် နီစွေးသောအရောင်အဝါတို့ ပြည့်နှက်သွားခဲ့သည်။ မီးတောက်မီးလျှံများသည် ကောင်းကင်၏တစ်ဝက် တိတိကို ဖုံးကွယ်ထားခဲ့သည်။ မြင်ကွင်းမှာ ခြောက်ခြားဖွယ် ဖြစ်နေခဲ့၏။

All Chapters