← Chapters

အရှုံးသမားနှစ်ယောက်

Vol. 51 Ch. 710

အရှုံးသမားနှစ်ယောက်

Vol. 51 Ch. 710

"ဝုန်း!"

ယန်ထျန်းဖုန်း၏ခန္ဓာကိုယ်မှ မီးတောက်မီးလျှံများထွက်ပေါ်လာခဲ့ကာ သူ၏ကိုယ်ခန္ဓာသည် မြင့်မားသောပုံရိပ်ကြီးနှင့်ပေါင်းစပ်သွားလျက် အဆုံးအစမဲ့သည့် စွမ်းအင်တို့ကို ဖော်ထုတ်နေခဲ့သည်။ ၎င်းမှာ မီးတောင်ကြီးသက်ဆင်းလာသည့်အလားဖြစ်နေခဲ့၏။ ကမ္ဘာလောကအတွင်းရှိ ဤနေရာတစ်ခုလုံးသည် မီးတောက်တို့၏နယ်မြေအဖြစ် ပြောင်းလဲသွားပုံပေါ်ကာ တစ်စုံတစ်ယောက်သာ ခြေချရဲပါက ဗလာနတ္တိအဖြစ် လောင်ကျွမ်းသွားနိုင်သည်!

ဤထိတ်လန့်စရာစွမ်းအင်ကြောင့် ကွေ့ဝူ၏မျက်ဝန်းများဟာ အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။ သူ၏မျက်နှာဟာ တည်ကြည်လေးနက်မှုတို့ဖြင့်ပြည့်နှက်နေခဲ့သည်။ ထိတ်လန့်စရာမီးထောက်တို့၏အရှိန်အဝါသည် သူ့ခန္ဓာကိုယ်ကို ထိန်းကွပ်မရတုန်ယင်လာစေခဲ့ကာ ချွေး‌အေးများထွက်လာစေခဲ့သည်။ လောကကြီးဟာ မီးပြင်းဖိုတစ်ခုအလားဖြစ်နေချေသည်။

ဤသည်မှာ သူနှင့်ယျန်ထျန်းဖုန်းအကြားရှိ ကွာခြားချက်ဖြစ်သည်။

နောက်ဆုံးမှာ‌တော့ ယျန်ထျန်းဖုန်းဟာ ဟုန်ယန်ဘုရားကျောင်း၏သခင်လေးဖြစ်သည်။ သူ၏နောက်ခံအင်အားဟာ သာမန်လူများ ထိတွေ့နိုင်မည့်အရာမဟုတ်ပါ။ သူ၏သိုင်းပညာရပ်များဟာလည်း ဟုန်ယန်ဘုရားကျောင်းမှ ဆက်ခံထားသည်ဖြစ်ရာ နက်နဲ၍ဆန်းကြယ်လှသည်။သူ ၊ကွေ့ဝူဟာတော့ သာမန်လေလွင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တာကြောင့် သူကျင့်ကြံထားသည့် သိုင်းပညာရပ်များဟာ အမွေအနှစ်နယ်မြေများမှ မတော်တဆရရှိခဲ့သော အရာများသာဖြစ်ပါသည်။

အဆိုပါ အမွေအနှစ်သိုင်းပညာရပ်များသည် ကောင်းမွန်သော်ငြားလည်း ဟုန်ယန်ဘုရားကျောင်းလို ထိပ်တန်းပါရမီရှင်များနှင့်ရင်ဆိုင်ရသည့်အခါ ကျယ်ပြောသောကွာခြားချက်တစ်ခုကိုဖြစ်ပေါ်စေခဲ့သည်!

"ဘုန်း!"

ယျန်ထျန်းဖုန်းဖော်ထုတ်လိုက်သော စွမ်းအင်တို့ကြောင့် ထိတ်လန့်နေသော်လည်း ကွေ့ဝူဟာ နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိပါ။ သူ၏မျက်ဝန်းများဟာအေးစက်နေခဲ့ပြီး မျက်နှာပြင်ဟာ ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအင်တို့သည် စတင်၍ ဆူပွက်လာခဲ့ကာ အရူးအမူးစီးဆင်းလာခဲ့သည်။ သူ့ထံမှ ဖော်ထုတ်နေသောအရှိန်အဟုန်သည် ပတ်ဝန်းကျင်လေဟာပြင်ကိုခါရမ်းစေခဲ့၏။

လျှို့ဝှက်ဆန်းကြယ်၍ နက်ရှိုင်းသောသင်္ကေတများသည် သူ့ထံမှပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သင်္ကေတများထွက်ပေါ်လာသည့်အခါ သူ၏ခန္ဓာကိုယ်သည် မျက်စိကျိန်းလောက်သောအလင်းရောင်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ အစွမ်းထက်သောဖိအားသည် ဘေးပတ်လည်ရှိလေဟာပြင်ကို မျက်စိဖြင့်တွေ့မြင်နိုင်သည့်အထိ တွန့်လိမ်သွားစေခဲ့သည်။

ကွေ့ဝူကိုယ်ခန္ဓာမှ စုစည်းထွက်ပေါ်လာသော လျို့ဝှက်ဆန်းကြယ်သည့်သင်္ကေတများသည် သူ၏ခန္ဓာကိုယ်ကိုပတ်လည်ဝိုင်း၍ လှည့်ပတ်နေခဲ့သည်။ ယင်းနောက် အကာအရံအလွှာကြီးအဖြစ်ပြောင်းလဲသွားခဲ့ကာ ကွေ့ဝူ၏ကိုယ်ခန္ဓာပေါ်သို့ တစ်လွှာပြီးတစ်လွှာရစ်ပတ်ခဲ့သည်။

သင်္ကေတများ၏ပေါင်းစုမှုကြောင့် ကွေ့ဝူသည် ပို၍အရပ်ရှည်လာ၊ပို၍သန်မာလာသည့်ပုံပေါ်နေခဲ့သည်။

ကွေ့ဝူအမွေဆက်ခံရရှိခဲ့သည်မှာ ရှေးဟောင်းရုပ်ခန္ဓာကျင့်စဉ်တစ်ခုဖြစ်သည်။ သူ၏တိုက်ပွဲဝင်စွမ်းအားသည် ကိုယ်ခန္ဓာနဲ့ဆက်စပ်လျက်ရှိသည်။ လက်သီးလုံးတစ်လုံး၏ အစွမ်းထက်သော ပေါက်ကွဲအားသည် အဆင့်တူစွမ်းအားရှင် ဘယ်သူ့ကိုမဆို တုန်ယင်သွားစေရန် လုံလောက်ပါသည်။

"တစ္ဆေသွေးကြောရုပ်ခန္ဓာသိုင်းပညာ!"

ကွေ့ဝူ၏နှုတ်ဖျားမှ တိုးညှင်းသောရေရွတ်သံထွက်ပေါ်လာခဲ့သည်။ ယင်းနောက်မကြာမီတွင်သူဟာ ခြေကိုဆောင့်နင်းလိုက်သည့်အခါ မြေထုသည်ပေါက်ကွဲသွားခဲ့သည်။ သူ၏ကိုယ်ခန္ဓာသည် လေးညို့မှပစ်တင်သောမြှားကဲ့သို့ အရှိန်အဟုန်ဖြင့် ယျန်ထျန်းဖုန်းထံပြေးဝင်သွားခဲ့သည်။ သူ၏လက်သီးလုံးများကို ဦးခေါင်းအထက်၌ ပင့်မြှောက်ထားခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် လေဆင်နှာမောင်းကြီးကဲ့သို့ တရကြမ်းဝင်ရောက်လာခြင်းဖြစ်သည်။ အဆုံးအစမဲ့သောစွမ်းအင်တို့မှာ ထိတ်လန့်ဖွယ်ရှိနေခဲ့၏။

"သေစမ်းကွာ!"

ကွေ့ဝူက သူ့ထံသို့ တိုက်ရိုက်ပြေးဝင်လာရဲသည်ကို တွေ့ခဲ့ရသည့်အခါ ယျန်ထျန်းဖုန်း၏ မျက်ဝန်းများအတွင်းရှိ သတ်ဖြတ်လိုစိတ်မှာ ပိုမို၍ ပြင်းထန်လာခဲ့ပြီး သူဟာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူဟာလည်း ကွေ့ဝူနှင့်တွေ့ဆုံရန် ချက်ချင်းကို ပြေးထွက်သွားခဲ့သည်။ သူ ပြေးထွက်သွားသည့်အခါ သူ၏နောက်ကျောဘက်တွင် ရှိနေသော ဧရာမပုံရိပ်ကြီးသည် သူ၏ကိုယ်ခန္ဓာကိုယ်ကို ရစ်ပတ်တွယ်နှောင်လိုက်သည်။ ယျန်ထျန်းဖုန်းက သူ၏လက်သီးကိုတိုက်ခိုက်ရန် ပင့်မြှောက်ခဲ့သည့်အခါ မြင့်မားသောပုံရိပ်ကြီးကလည်း ထပ်တူညီသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။

"ဘုန်း!'

ဝမ်ဖုန်းနှင့်ရွှမ်းယွမ်တို့၏ အကြည့်များအောက်တွင် တိုက်ကွက်နှစ်ခုသည် ပြင်းထန်စွာ ပွတ်တိုက်မိခဲ့ကာ နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံတို့ကို တရစပ်မြည်ဟီးစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေပြင်နှင့် လေထုသည် တစ်စစီကွဲအက်သွားခဲ့သည်။

မီးတောင်မီးလျှံများ ပတ်ဖြန်းမှုကြောင့် မြေပြင်ဟာ နက်ဆွေးသည်အထိ လောင်ကျွမ်းခံခဲ့ရသည်။ မီးတောက်အစအနများကလည်း နေရာတိုင်း ပြန့်ကျဲနေခဲ့သည်မှာ မီးတောက်မိုးကြီးတစ်ခု ရွာသွန်းသွားခဲ့သည့်အလား ဖြစ်နေခဲ့၏။ မြင်ကွင်းမှာ အံ့ချီးဖွယ်ကောင်းလှသည်။

"ဘန်း! ဘန်!"

နှစ်ယောက်သားသည် တိုက်ကွက်တစ်ခုဖြင့် အနိုင်အရှုံးကိုမဆုံးဖြတ်နိုင်ခဲ့သောကြောင့် ထပ်ခါထပ်ခါတိုက်ခိုက်နေခဲ့သည်။ ပေါက်ကွဲသံကြီးများသည် ဆက်လက်ထွက်ပေါ်လာခဲ့ကာ တာအိုလမ်းစဉ်၏ နက်နဲသောစွမ်းအင်တို့သည် အရပ်လေးမျက်နှာသို့ လှိုင်းလုံးများသဏ္ဍာန် ပျံ့လွင့်သွားခဲ့သည်။ မြင့်မြတ်သော အလင်းတန်းသည် ကောင်းကင်ကိုထက်ခြမ်းပိုင်းပစ်ခဲ့သည်။

ယျန်ထျန်းဖုန်းသည် မီးတောက်မီးလျှံတို့ဖြင့်ဝန်းရံနေခဲ့ကာ သူ၏မျက်နှာဟာ မည်းမှောင်နေခဲ့သည်။ ဟုန်ယန်ဘုရားကျောင်း၏ အထူးစွမ်းအားကိုဖော်ထုတ်ပြီးတာတောင် သကောင့်သား ကွေ့ဝူက သူနှင့်ရင်ဆိုင်နိုင်လိမ့်ဦးမည်ဟု ထင်မထားမိခဲ့ချေ။ ဤသည်ကြောင့် ယျန်ထျန်းဖုန်းဟာလက်ခံဖို့ရာခက်ခဲနေခဲ့သည်။ သူဟာ ဟုန်ယန်ဘုရားကျောင်း၏ သခင်‌လေးဖြစ်သည်။ ကွေ့ဝူလို သာမညကျင့်ကြံသူတစ်ပါးကို အဘယ်ကြောင့်ကောင်းစွာ အနိုင်မရသနည်း။ ဤသတင်းသာ ထွက်သွားလျှင် သူ၏မျက်နှာကိုဆုံးရှုံးရလိမ့်မည်။

ဤအကြောင်းကို တွေးမိသွားသည့်အခါ သူဟာထပ်မံ၍ စွမ်းအင်တို့ကို ပေါက်ကွဲထုတ်ဖော်ခဲ့သည်။ ဤတစ်ကြိမ်ဖော်ထုတ်နေသော စွမ်းအင်တို့မှာ ပို၍ ထိတ်လန့်စဖွယ်ရှိနေခဲ့သည်။ ဤအချိန်တွင် ယန်ထျန်းဖုန်းဟာ တတ်စွမ်းသမျှအရာအားလုံးကို ပြုလုပ်ဖော်ထုတ်ခဲ့သည်။ သူဟာ ကိုယ်ပိုင်စွမ်းအင်တို့ကို အထိန်းကွပ်မဲ့စွာအသုံးချလျက်ရှိသည်။ သူသည် ကွေ့ဝူကိုကောင်းစွာ အနိုင်မယူနိုင်ခြင်းကို လက်သင့်မခံနိုင်ခဲ့ပါ။

ထိပ်တန်းအင်အားစု၏ အမြင့်မြတ်ဆုံးပါရမီရှင်ဖြစ်သည်နှင့်အညီ သူသည်လေလွင့်ကျင့်ကြံသူတစ်ယောက်ကို အကြောမခံနိုင်ပါချေ။

"ဘုန်း!"

ယျန်ထျန်းဖုန်း၏ အမျက်ဒေါသကြီးသော တိုက်ကွက်တို့နှင့်အတူ ပို၍ပူပြင်းတောက်လောင်သော မီးတောက်တို့သည် မြင့်မားသော ပုံရိပ်ကြီးထံမှ ထွက်ပေါ်လာခဲ့သည်။ လေဟာပြင်သည် လောင်ကျွမ်းလျက်ရှိကာ ကောင်းကင်နှင့်ကမ္ဘာမြေထုသည် ဆွေးမြေ့လျက်ရှိချေသည်။

"ဘုန်း!"

ကွေ့ဝူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမပုံရိပ်ကြီး၏လက်သီးလုံးကြောင့် လွင့်စင်သွားခဲ့သည်။ သူဟာ လေထုထဲတွင်အပတ်ပေါင်းများစွာ လိမ့်သွားပြီးမှ ကိုယ်ခန္ဓာကိုပြန်လည်တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့သည်။ သူ၏မျက်ဝန်းမှာလေးနက်နေခဲ့ပြီး ဧရာမပုံရိပ်ကြီးကိုစူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

အဆုံးသတ်မှာတော့ ယျန်ထျန်းဖုန်းဟာ ဟုန်ယန်ဘုရားကျောင်း၏ပါရမီရှင်ဖြစ်၏။ သူ၏ခွန်အားမှာ သာမန်မဟုတ်ထူးကဲပါသည်။ သူ့လို လေလွင့်ကျင့်ကြံသူတစ်ယောက်ဟာ ယျန်ထျန်းဖုန်းကို ဤမျှအထိဖိအားပေးနိုင်တာကတောင် တကယ့်ကို အစွမ်းထက်နေပြီဖြစ်၏။

"ဘုန်း!"

ကွေ့ဝူကိုရိုက်ထုတ်လိုက်ပြီးနောက် ယျန်ထျန်းဖုန်းသည် ဧရာမပုံရိပ်ကြီးကိုထိန်းချုပ်၍ ကွေ့ဝူထံသို့ ဆက်လက်ပြေးဝင်တိုက်ခိုက်စေခဲ့၏။ ဧရာမလက်သီးလုံးကြီးပေါ်တွင် ပူပြင်းတောက်လောင်နေသော မီးတောက်မီးလျှံတို့က ဖုံးအုပ်ထားခဲ့သည်။ လက်သီးလုံး၏စွမ်းအင်အရှိန်အဝါနှင့် တောက်လောင်နေသောမီးတောက်တို့သည် ကမ္ဘာမြေပြင်ကို ခါရမ်းတုန်ယင်စေခဲ့သည်။

"ကျား!"

ကွေ့ဝူသည်အံကိုတင်းတင်းကြိတ်ခဲ့သည်။ ပြင်းပြသောအကြည့်တစ်ခုသည် မျက်ဝန်းအတွင်းဖြတ်သန်းသွားခဲ့ကာ သူဟာတိုးညှင်းစွာ ဟစ်ကြွေးလိုက်သည်။ သူသည် နောက်တစ်ကြိမ်ထပ်မံ၍ ပြေးထွက်သွားပြန်သည်။ ခမ်းနားသောစွမ်းအင်တို့သည် သူ့ထံမှပျံ့လွင့်လာခဲ့ကာ သူ့ကိုယ်ခန္ဓာပေါ်ရှိ သင်္ကေတ ဒိုင်းကာကြီးကိုကောင်းချီးပေးခဲ့သည်။

"ဘုန်း!"

ထိုသူနှစ်ယောက်သည် ဥက္ကာပျံနှစ်စင်းပွတ်တိုက်မိသကဲ့သို့ဖြစ်နေခဲ့ကာ ထိတ်လန့်ခြောက်ခြားဖွယ်ရာပေါက်ကွဲမှုတို့ကို ဖော်ထုတ်ခဲ့သည်။ မြေပြင်၏ကြီးမားသောအပိုင်းသည် ပြိုကျသွားခဲ့ကာ ဝန်းကျင်ရှိလေဟာပြင်သည် အက်ကွဲလျက်ရှိသည်။ မြင်ကွင်းမှာအရမ်းကိုခြောက်ခြားဖွယ်ကောင်းနေသည်။

ပူပြင်းတောက်လောင်နေသော မီးတောက်တို့သည် အရပ်လေးမျက်နှာသို့ပျံ့လွင့်လျက်ရှိကာ မီးတောက်နီ‌ရောင်အလင်းတန်းတစ်ခုကလည်း ထွန်းလင်းလျက်ရှိသည်။ အဆိုပါအလင်းတန်း သက်ဆင်းသွားသည့်နေရာတိုင်းတွင် အရာရာဟာ လောင်ကျွမ်းခံခဲ့ရသည်။ နေရာတခွင်၌ မီးခိုးများဖြင့်ပြည့်နေခဲ့၏။

"ဘုန်း!"

မီးခိုးများနှင့်မြူခိုးမြူငွေ့များက ကောင်းကင်ယံအထိ ပြည့်နှက်လာသည့်အခိုက်တွင် ကွေ့ဝူဟာ တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုမှ လွင့်ထုတ်ခြင်းခံခဲ့ရသည်။ ပါးစပ်အပြည့်သွေးတလုတ်ကို အန်ထုတ်ခဲ့ရတာ သူ၏ကိုယ်ခန္ဓာက မြေပြင်နဲ့ပြင်းထန်စွာရိုက်ခတ်မိလျက် ဧရာမတွင်းပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤအချိန်တွင် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် စုတ်ပြတ်သတ်နေခဲ့သည်။ ခြစ်ရာအနာတရများနှင့်လည်း ပြည့်နေခဲ့ကာ သွေးများကလည်း နေရာတိုင်းမှ ယိုစီးနေခဲ့သည်။

ယျန်ထျန်းဖုန်းဟာလည်း ပို၍ကောင်းမွန်မနေပါ။ သူဟာခြေလှမ်းအနည်းငယ်နောက်ဆုတ်ခဲ့ရကာ နှုတ်ခမ်းထောင့်စွန်းမှ မထိန်းချုပ်နိုင်စွာ သွေးများ ယိုစီးကြနေခဲ့သည်။ သူ၏ရင်ဘတ်ပေါ်တွင် ကြီးမားသော လက်သီးရာကြီးတစ်ခုရှိနေခဲ့ကာ သွေးများကလည်းယိုစီးကြနေခဲ့၏။

ဟုတ်ပါပေသည်။ ယျန်ထျန်းဖုန်း၏ဒဏ်ရာသည် ကွေ့ဝူထက် အနည်းငယ် ပိုမိုကောင်းမွန်နေသော်လည်း ပြင်းထန်သော ဒဏ်ရာတစ်ခုဖြစ်နေဆဲသာ။

"မင်းလို လေလွင့်ကျင့်ကြံသူ တစ်ယောက်က ငါယျန်ထျန်းဖုန်းနဲ့ တိုက်ခိုက်ချင်တယ်တဲ့လား"

ယျန်ထျန်းဖုန်းသည် သွားဖြဲ၍ရယ်လိုက်ကာ ကွေ့ဝူကိုစိုက်ကြည့်လျက် အေးစက်သောအသံဖြင့် ပြောဆိုလိုက်သည်။

All Chapters