အကြောက်တရား
Vol. 51 Ch. 711
ဤအချိန်တွင် ယန်ထျန်းဖုန်သည် အလွန်အမင်းပျော်ရွှင်နေပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးများလည်း ရှိနေခဲ့သည်။ သူဟာ ဟုန်ယန်ဘုရားကျောင်း၏ သခင်ငယ်လေးဖြစ်သော်လည်း အဆင့်တူ စွမ်းအားရှင်တစ်ယောက်ကို အနိုင်ယူဖူးသည့် မှတ်တမ်းမှတ်ရာမျိုးမရှိချေ!
ကွေ့ဝူသည် ထာဝရညည့်ဦးယံမြို့အတွင်းရှိ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ၏ဂုဏ်သတင်းမှာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောက အတွင်းရှိ လူငယ်မျိုးဆက်များကြားတွင် အားနည်းဖျော့တော့ခြင်းမရှိပါ။ သူဟာ လူငယ်ပါရမီရှင်များအကြား ထိပ်တန်းစာရင်းဝင်သူတစ်ယောက်ဖြစ်၏။
ကွေ့ဝူလို စွမ်းအားရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခြင်းမှာ ယျန်ထျန်းဖုန်အတွက် ကျိန်းသေပေါက် ဂုဏ်ယူရမည့်အရာဖြစ်ပါသည်!
"အဟွတ်!"
ကွေ့ဝူသည် တွင်းပေါက်ကြီးအတွင်းမှ တက်လာခဲ့ပြီး ပါးစပ်အပြည့် သွေးတစ်လုပ်ကို အန်ထုတ်ခဲ့သည်။ သူ၏မျက်ဝန်းများက ယျန်ထျန်းဖုန်ကို စူးစိုက်ကြည့်နေခဲ့ကာ မျက်ဝန်းများအတွင်းတွင် အကြောက်တရားဟူ၍ စိုးစင်းမျှမရှိခဲ့။
သူဟာ အမှန်တကယ် ဒဏ်ရာအပြင်းအထန် ရနေခဲ့သော်လည်း ယန်ထျန်းဖုန်က သူ့ကိုသတ်ဖြတ်ချင်ပါလျှင် လွယ်ကူမှာတော့မဟုတ်ပါချေ။ သူတို့လို လူငယ်ပါရမီရှင်တွေမှာ ဝှက်ဖဲတွေ မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
ကွေ့ဝူ၏ မျက်နှာပေါ်ရှိ အကြောက်တရားကင်းမဲ့မှုကို တွေ့မြင်ခဲ့ရသည့်အခါ ယျန်ထျန်းဖုန်မျက်နှာပေါ်ရှိ လှောင်ပြုံးသည် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူ၏မျက်ဝန်းများက အေးစက် ခက်ထန်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ အပူချိန်သည် ရေခဲမှတ်ထိတောင် ကျဆင်းသွားခဲ့ကာ လူအများကို တုန်ယင်ခြောက်ခြားလာစေ၏!
"ဘုန်း!"
ကြောက်စရာအရှိန်အဝါကြီး ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ပတ်ပတ်လည်ရှိ လေဟာပြင်သည် ပုံပျက်ယိုယွင်းလာခဲ့သည်။
၎င်းအရှိန်အဝါကြီးသည် စစ်နတ်ဘုရားတစ်ပါး၏ ဆင်းသက်မှုအလား လောကကြီးကို အရောင်အသွေးပြောင်းလဲသွားစေခဲ့သည်။
မူလက ယျန်ထျန်းဖုန်သည် ကွေ့ဝူကို အလျင်အမြန်သတ်ဖြတ်ရန် မစီစဉ်ထားခဲ့ပါ။ ကွေ့ဝူက သူ့ကိုသနားညှာတာရန် တောင်းပန်မှာအား စောင့်ဆိုင်းချင်နေမိသည်။ သို့သော်လည်း အဆိုပါကွေ့ဝူကတော့ သူ့ကို ကြောက်လန့် မနေသည့်အပြင် လှောင်ပြောင်နေလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားလိမ့်မလဲ။
ကျရှုံးသွားတဲ့လူတစ်ယောက်က သူ့ရဲ့ရှေ့မှာ မောက်မာနေရဲတယ်ပေါ့လေ!
ဤသို့တွေးမိသွားတော့ ယျန်ထန်းဖုန်မှ ပေါက်ကွဲထုတ်ဖော်နေသော စွမ်းအင်များသည် ပို၍ခက်ထန်လာခဲ့ကာ ကမ္ဘာလောကကြီးက အပြင်းအထန် ခါရမ်းလာခဲ့သည်။ အစွမ်းထက်သော စွမ်းအင်မုန်တိုင်းတစ်ခုသည် ယျန်ထျန်းဖုန်ကို ဗဟိုပြု၍ အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ အရာအားလုံးကိုဖျက်ဆီးခဲ့သည်။
ကွေ့ဝူ၏ အမူအယာကတော့ ထူးမခြားနားရှိနေခဲ့ကာ အနည်းငယ်တောင် ပြောင်းလဲမှုမရှိချေ။ လေလွင့်ကျင့်ကြံသူတစ်ယောက် အနေဖြင့် သူဟာ လက်ရှိအခြေအနေအထိ အောင်မြင်စွာ ကြီးထွားလာနိုင်ခဲ့သည်။ သေခြင်းရှင်ခြင်းတိုက်ပွဲများကို သူအဘယ်မျှလောက် တွေ့ကြုံခဲ့ရကြောင်းကို ဘယ်သူကမှ တွေးတောနိုင်မှာမဟုတ်ပါ။ သူဟာလက်ရှိထက် ပိုမိုအန္တရာယ်ကြီးမားသော အခြေအနေများကိုတောင် အခေါက်ပေါင်းများစွာ တွေ့ကြုံဖူးသည်။ ထိုအခြေအနေများကနေတောင် အောင်မြင်စွာ ရှင်သန်နိုင်ခဲ့သည်ဖြစ်ရာ လက်ရှိအခြေအနေကို ဖော်ပြစရာတောင်မလိုပါချေ။
အခြေနေကတင်းမာနေစဉ်တွင် လူပုဂ္ဂိုလ်နှစ်ယောက်သည် အဝေးတစ်နေရာမှ ရုတ်တရက်ရောက်ရှိလာကြသည်။ သူတို့က ယျန်ထျန်းဖုန်နှင့် ကွေ့ဝူတို့ကို သတိမမူမိသည့်အလား သူတို့နှစ်ဦးတိုက်ပွဲဖြစ်ရာ နေရာ၏ အလယ်ဗဟိုသို့ တန်းတန်းမတ်မတ် လမ်းလျှောက်လာခဲ့သည်။ ယျန်ထျန်းဖုန်း ပေါက်ကွဲထုတ်ဖော်လိုက်သော စွမ်းအင်များသည် သူတို့ကိုအနည်းငယ်တောင် ဒဏ်ရာမရစေနိုင်ပါ။
မူလက ယျန်ထျန်းဖုန်တို့သည် ထိုလူနှစ်ယောက်ကို သတိမထားမိခဲ့သော်လည်း ထိုပုဂ္ဂိုလ်များက အနီးကပ်ရောက်ရှိလာသည်ဖြစ်ရာ နောက်ဆုံးမှာ သတိပြုမိသွားခဲ့သည်။
အစဉ်အမြဲတည်ငြိမ်နေသော ကွေ့ဝူကတောင် ရောက်လာသော လူနှစ်ယောက်ကို စူးစိုက်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ အမှန်အတိုင်းပြောရပါလျှင် ကွေ့ဝူသည် ထာဝရညည့်ဦးယံမြို့အတွင်း၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးပြီဖြစ်သော်လည်း ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့မြင်ဖူးခြင်းမရှိပါ။
ထိုလူနှစ်ယောက်သည် ဟုန်ယန်ဘုရားကျောင်း၏သခင်ငယ်လေးဖြစ်သော ယျန်ထျန်းဖုန်ကို လုံးဝလစ်လျူရှုထားခဲ့သည်။ ဒါ့အပြင် သူတို့က ယျန်ထျန်းဖုန်ထုတ်ဖော်လိုက်သော စွမ်းအားများကို အလွယ်တကူ တောင့်ခံနိုင်သည်ဖြစ်ရာ သာမန်လူများမဟုတ်နိုင်ပါ။
သာမန်လူတစ်ယောက်က သေချင်နေ၍မဟုတ်လျှင် တိုက်ပွဲမြေပြင်အတွင်းသို့ ဝင်ရောက်လာမှာမဟုတ်ချေ။
တစ်ဖက်မိုးကောင်းကင်ပေါ်တွင် မတ်တတ်ရပ်နေသော ယျန်ထျန်းဖုန်ကတော့ ထိုလူနှစ်ယောက်ကို အလေးအနက်မှတ်ယူခြင်း မရှိခဲ့ပေ။ သူက အရမ်းကို ဒေါသထွက်သွားခဲ့သည်။
သို့သော်လည်း ထိုလူနှစ်ယောက်ပို၍ အနီးကပ်လာသည့်အခါ ယျန်ထျန်းဖုန်သည် ထိုပုဂ္ဂိုလ်တို့ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့သည်ဖြစ်ရာ တကယ်ကို ထုံကြင် ကြောင်အသွားတော့သည်။
"အဲ့ဒါ အဲ့ဒါသူ! ဘယ်လို ဘယ်လိုလုပ် ရောက်လာတာလဲ"
ယျန်ထျန်းဖုန်၏ နှုတ်ဖျားမှ တုန်ယင်နေသော အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ သူ၏အမျက်ဒေါသများကလည်း ချက်ချင်းကိုပျက်ပြယ်သွားခဲ့သည်။
ကြောက်စရာအရာတစ်ခုနှင့် တွေ့ဆုံနေရသည်အလား သူ၏ခန္ဓာကိုယ်က အဆက်မပြတ်ခါရမ်းနေခဲ့ကာ နဖူးပြင်၌ ချွေးများစိုရွှဲလျက်ရှိ၍ မျက်နှာသည် ဖြူစုတ်နေခဲ့သည်။
ထိုကဲ့သို့ မူမမှန်မှုကို ကွေ့ဝူကလည်း သတိထားမိခဲ့ပါသည်။ အရင်က အရမ်းကိုမောက်မာနေသော ယျန်ထျန်းဖုန်တစ်ယောက် ဤမျှလောက်ထိတ်လန့်သွားတာကို တွေ့လိုက်ရတော့ ကွေ့ဝူဟာလည်း ကြောင်အသွားမိသည်။ သူဟာ ပို၍နီးကပ်လာသော လူနှစ်ယောက်ကို စူးစိုက်ကြည့်ရှုလိုက်မိသည်။
ယျန်ထျန်းဖုန်ဟာ ကျော်ဇောထင်ရှားသော ဟုန်ယန်ဘုရားကျောင်း၏ သခင်ငယ်လေးဖြစ်ပါသည်။ သူ၏အရည်အချင်းသာမက အဆင့်အတန်းကပါ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးအတွင်း မြင့်မားသည်ဖြစ်ရာ လူအနည်းစုကသာ သူ့ကိုယှဉ်ပြိုင်နိုင်ကြပါသည်။ ဒီလိုလူကတောင် ကြောက်လန့်နေတယ်ဆိုတော့ ရောက်လာတဲ့နှစ်ယောက်က ဘယ်လိုပုဂ္ဂိုလ်များလဲ။
ယျန်ထျန်းဖုန်သည် ထိုလူနှစ်ယောက်ကို စူးစိုက်ကြည့်ရင်း ခန္ဓာကိုယ်က အကြောက်တရားတို့ဖြင့် တသိမ့်သိမ့်တုန်ရင်နေခဲ့သည်။ အတိအကျပြောရပါလျှင် သူ့ကိုထိတ်လန့်သွားစေခဲ့သူက ထိုလူနှစ်ယောက်အနက် တစ်ယောက်ဖြစ်သည်။ ၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ် ဝမ်ဖုန်းဖြစ်၏။
ထိုလူနှစ်ယောက်ဟာ ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့ဖြစ်ကြသည်။
ဝမ်ဖုန်းက နတ်ဆိုးဗုဒ္ဓကျောင်းတော်မှ လောင်ထျန်းဧကရာဇ်အထွဋ်အထိပ် စွမ်းအားရှင်ဆယ်ယောက်ကို သတ်ဖြတ်လိုက်သည့်သတင်း ပြန့်နှံ့သွားပြီနောက် ထာဝရညည့်ဦးယံမြို့ကြီးတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။
အစက၊ ဝမ်ဖုန်းသည် လောင်ထျန်းဧကရာဇ်အထွဋ်အထိပ် စွမ်းအားရှင်များကိုတောင် သတ်ဖြတ်နိုင်သည်ဖြစ်ရာ သူ၏သက်တမ်းက နှစ်တစ်ထောင်ကို ကျော်လွန်နေလောက်ပြီဟု တွေးထင်ခဲ့သည်။ သူက ထာဝရညည့်ဦးယံမြို့၊ မြို့အရှင်တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်လောက်မှာ မဟုတ်ဟုလည်း မှတ်ယူခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်းက ယှဉ်ပြိုင်နေနိုင်ဦးမည်ဟု သူထင်မထားခဲ့ချေ။
ဆိုလိုတာက အဲဒီလူဟာ အသက်တစ်ထောင် မပြည့်သေးဘူးလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
နှစ်ပေါင်းတစ်ထောင် မကြာမြင့်သေးခင်မှာတောင် လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်ကို သတ်ဖြတ်နိုင်သည်လော။ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး တစ်ခုလုံးကို ရှာဖွေကြည့်ရှု့ရင်တောင် ဤကဲ့သို့လူကို အလွယ်တကူ တွေ့ရှိနိုင်မှာမဟုတ်ပါ။ အမြင့်မြတ်ဆုံးအင်အားစုကြီးများ၌တောင် ဤကဲ့သို့ပါရမီရှင်မျိုးမရှိချေ။
"မင်းက ဟုန်ယန်ဘုရားကျောင်းကလား"
ယျန်ထျန်းဖုန်က တုန်လှုပ်ခြောက်ခြားနေစဥ်တွင် အေးစက်၍ခက်ထန်သော အသံသည် သူ့၏နားစည်အတွင်း ပျံ့လွင့်သွားခဲ့ကာ ခန္ဓာကိုယ်ကိုပိုမို၍ တုန်ယင်လာစေခဲ့သည်။ ၎င်းအသံကိုပြုလုပ်ခဲ့သူမှာ ဝမ်ဖုန်းဖြစ်ပါ၏။
ဝမ်ဖုန်းသည် ဟုန်ယန်ဘုရားကျောင်း၏ သခင်လေးဖြစ်သော ယျန်ထျန်းဖုန်ကို မျက်ဝန်းများမှေးကျဉ်း၍ စိုက်ကြည့်နေခဲ့သည်။ သူတို့အကြားတွင် အမုန်းတရားများရှိပါ၏။ ထျန်းရွှမ်တာအိုနန်းတော်၏ အမွေအနှစ်နယ်မြေအတွင်း ရှိနေကြစဉ်၌ သူဟာ ကောင်းကင်နန်းတော်နှစ်ခု၏ တပည့်များကိုသတ်ဖြတ်ခဲ့သည်။ ယင်းအနက်တွင် ဟုန်ယန်ဘုရားကျောင်းကလည်း အပါအဝင်ဖြစ်၏။
နောက်ပိုင်းတွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရီနှင့် ဧရာမမျက်နှာကြီးတို့ တိုက်ပွဲဖြစ်ခဲ့သောကြောင့် ထျန်းရွှမ်တာအိုနန်းတော်ကြီး တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ဒီလိုမှမဟုတ်ပါက ကောင်းကင်နန်းတော်နှစ်ခုသည် တပည့်များကိုစေလွှတ်၍ အကြောင်းအချင်းရာကို စုံစမ်းခိုင်းလောက်သည်။
အဆိုပါလူအုပ်စုနှစ်စုသည် ကောင်းကင်နန်းတော်ကြီးနှစ်ခု၏ နိမ့်ကျသောလူတစ်စုသာဖြစ်သော်လည်း နောက်ဆုံးမှာတော့ ကောင်းကင်နန်းတော်အဖွဲ့သားများ ဖြစ်နေကြတုန်းသာ။ ထိုလူများ၏သေဆုံးမှုကို လက်တုံ့မပြန်နိုင်ပါလျှင် ကောင်းကင်နန်းတော်ကြီးများမှာ များစွာအရှက်ရမည်မဟုတ်ပါလော။
"ဟုတ်ပါတယ်"
ဝမ်ဖုန်း၏ မေးခွန်းကိုကြားတော့ ယျန်ထျန်းဖုန်သည် တုန်ယင်သွားလျက် အလျင်အမြန်ပြောဆိုလိုက်သည်။ ဝမ်ဖုန်းက ဟုန်ယန်ဘုရားကျောင်း၏လူများကို သတ်ဖြတ်ဖူးကြောင်း သူသိမထားပါ။ ဒီလိုမှမဟုတ်ပါက သူသည် ဟုန်ယန်ဘုရားကျောင်းမှ ဖြစ်ကြောင်းကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ချေ။ ဒါ့အပြင်သူဟာ ရှန်ရှန့်ကျုံဂိုဏ်း၏ သတင်းကိုလည်း နတ်ဆိုးဗုဒ္ဓကျောင်းတော်ဆီ ရောင်းစားခဲ့မိသေးသည်။